ပြန်ကြားရေး ဝန်ကြီးဌာနက Weekly Eleven ဂျာနယ် အပေါ် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသည့် အမှုကိုကျေအေးပေးရန် မရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသက်ဆွေက “နစ်နာထားတဲ့ အပေါ်မှာ ဘာမှ ထူးထူးခြားခြား အဲဒီဘက်က လုပ်ပေးတာ မရှိတဲ့အတွက် တရားဥပဒေလမ်းကြောင်းကပဲ သွားပါမယ်။ ဒါကြောင့် ဒီဘက်ကနေပြီးတော့ ကျေအေးလိုခြင်း မရှိပါဘူး ဆိုတာကို အကြောင်း ပြန်ထားတာ ဖြစ်ပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
အဆိုပါ အမှုမှာ ၅ နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း အမှုကို ကျေအေးမပေးရခြင်းမှာ ဝန်ကြီးဌာန တခုလုံးနှင့် တိုက် ရိုက် ဆက်နွယ်နေသည့် ကိစ္စ ဖြစ်ပြီး၊ လူပုဂ္ဂိုလ်အရ မသက်ဆိုင်ဘဲ ဌာနကို စွပ်စွဲပြောဆိုချက်များ ကြောင့် ယင်းအမှုနှင့် ပတ်သက်၍ တရားဥပဒေလမ်းကြောင်း အတိုင်း ဆက်သွားမည် ဖြစ်ကြောင်း ဦးသက်ဆွေက ရှင်း ပြသည်။
၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက် ထုတ် Weekly Eleven ဂျာနယ်တွင် နေထွန်းနိုင် ရေးသားခဲ့သည့် “အများပြည်သူဆိုင်ရာ ဝန် ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင် မီဒီယာများကို သွယ်ဝိုက်သော အားဖြင့် ပြည်သူ့ ဘဏ္ဍာငွေ အလွဲသုံးစားမှု ပြုလုပ်ရန် ခွင့်ပြုနေသလား” သတင်း ဆောင်းပါး ဖော်ပြခဲ့မှု အပေါ် ပြန်ကြားရေး ဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး က တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတင်းဆောင်ပါး၌ ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက အိန္ဒိယ ကုမ္ပဏီထံမှ ပုံနှိပ်စက် များ ဝယ်ယူရာတွင် သတ်မှတ်ပေါက်ဈေးထက် ပိုမိုမြင့်မား နေ ကြောင်း ဝေဖန်ရေးသားခဲ့သဖြင့် စွဲဆိုခဲ့ခြင်း ဖြစ်သည်။
တရားစွဲခံရသူများမှာ Weekly Eleven ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ် အောင်၊ မန်နေဂျင်း ဒါရိုက် တာ ဒေါက်တာ သိန်းမြင့်၊ အယ်ဒီတာချုပ် ဦးဝေဖြိုး၊ ဒု အယ်ဒီတာချုပ် ဦးမြတ်သစ်နှင့် တာဝန်ခံ အယ်ဒီတာ ကိုနေထွန်းနိုင် တို့ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ အဓိက သတင်း ဆောင်းပါရေးသူနှင့် တာဝန်ခံသည့် အယ်ဒီတာချုပ် တို့သာ သက်ဆိုင်သော် လည်း အမှုနှင့် မသက်ဆိုင်သူများပါ ထည့်၍ စွဲဆိုထားသဖြင့် အမှု စစ်ဆေးရာတွင် မလိုလားအပ်သည့် ကြန့်ကြာမှု ဖြစ်ပေါ် နေကြောင်းလည်း Weekly Eleven ဂျာနယ်၏ အယ်ဒီတာချုပ် ဦးဝေဖြိုး ပြောဆိုသည်။
ဦးဝေဖြိုးက “သူတို့ဘက်က ဥပဒေအတိုင်းပဲ ဆက်သွားမယ်ဆိုတော့ ကျနော်တို့ကလည်း ဥပဒေအတိုင်း ကျနော်တို့မှာ ရှိ တဲ့ အချက်အလက် အထောက်အထားတွေနဲ့ ဆက်လက်ပြီးတော့ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။
ယင်းအမှုကို ၂၀၁၄ ခုနှစ်က တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့သူ ဦးကျော်စိုးမှာ ပင်စင်ယူသွားပြီ ဖြစ်၍ လက်ရှိတွင် ရုံးချိန်း များသို့ ပြန်ကြားရေး ဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး အဆင့်ရှိ အရာရှိတဦး တရားခွင်သို့ ပုံမှန် လာရောက် လျက်ရှိသည်ကို တွေ့ရသည်။
အမှုကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံး၌ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုရာ လက်ရှိတွင် မြို့နယ် တရား သူကြီး ဒေါ်သန္တာညွန့်က လက်ခံ စစ်ဆေးနေပြီး ရုံးချိန်းကို ၂ ပတ်တကြိမ် ချိန်းဆိုထားပြီး နောက်လာမည့် ရုံးချိန်းကို အောက်တိုဘာ ၁၇ ရက်သို့ ပြန်လည် ချိန်းဆိုထားသည်။
ဆက်စပ်ဖတ်ရှု့ရန်
ပြန်ကြားရေးက Eleven ကို တရားစွဲဆိုမှု ၅ နှစ်ခန့် ရှိသော်လည်း အမှုမပြတ်သေး
Eleven အမှု သမ္မတ ညွှန်ကြားချက်အတိုင်းသာ လုပ်ရမည်ဟု သမ္မတရုံး ပြော
Eleven သတင်းသမား ၃ ဦး အမှု အမြန်ဆုံး ရုပ်သိမ်းပေးရန် မီဒီယာကောင်စီ တိုက်တွန်း
Eleven သတင်းသမားများ လွှတ်ပေးရေး IPI တောင်းဆို