ရက္ခိုင့် စစ်တပ် (AA) နှင့် တိုက်ပွဲများ ဖြစ်ပွားသည့် အချိန်မှ စ၍ AA အဖွဲ့ဝင်ဟု သံသယရှိသူ စုစုပေါင်း ၃၈ ဦးကို တပ်မတော်က ဖမ်းဆီးပြီး သက်ဆိုင်ရာ တရားရုံးများသို့ တင်ခဲ့ကြောင်း သိရသည်။
“AA သောင်းကျန်းသူ အရှင် ဖမ်းဆီးရမိမှု ၃ ယောက် ရှိတယ်။ အဲဒီ ၃ ယောက်က တိုက်ပွဲအတွင်း မှာ ဖမ်းမိတဲ့သူနဲ့ တိုက်ပွဲပြီးမှာ ဖမ်းမိတဲ့သူကို ပြောတာ။ AA နဲ့ ပတ်သက်တယ်ဆိုပြီး မသင်္ကာလို့ တရားဥပဒေအရ အရေးယူထားတာ ၃၈ ယောက် ရှိတယ်။ ၃၈ ယောက်မှာ တရားရုံး ရောက်ပြီးမှ လွတ်သွားတာတွေလည်း ရှိတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်သည် သံသယ ရှိသူတိုင်းကို အရေးယူနေခြင်း မဟုတ်ဘဲ စုံစမ်း မေးမြန်းဖော်ထုတ် ပြီးမှ တရားရုံးသို့ တင်ပို့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ၃၈ ဦးအနက် အကြောင်း အမျိုးမျိုးကြောင့် ပြန်လည် လွတ်မြောက်သူ တချို့ ရှိခဲ့သော်လည်း လွတ်မြောက်သူ ဦးရေကိုမူ အတိအကျ မသိရသေးပါ။
ဥပမာအားဖြင့် ကျောက်တန်းကျေးရွာ ဖြစ်စဉ်တွင် တပ်မတော်က လူပေါင်း ၂၇၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ သော်လည်း တရားရုံး သို့ ၁၀ ဦးခန့်သာ တင်ပို့ခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ဘူးသီးတောင်၊ သရက်ပြင်ကျေးရွာမှာ မသင်္ကာဖွယ်ရာ လူ ၁၅ ယောက် ဖမ်းဆီးရမိတယ်။ ပတ်သက်မှု မရှိဘူးဆိုလို့ ၁၃ ယောက် ပြန်လွှတ်ပေးခဲ့တယ်။ တရား ဥပဒေအရ အရေးယူတဲ့သူ ၂ ယောက်ပဲ ရှိတယ်။ အခု နောက်ဆုံး စရဖ ကို သတ်တဲ့သူ ဆိုပြီး ကျနော်တို့ ဆွဲတင်လိုက်တဲ့ သူတချို့ ရှိတယ်။ အခု တရားရုံးမှာ ပြန်လွတ်သွားတယ်။ အဲဒီလို လူတွေလည်း ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။
ဧရာဝတီ သတင်းဌာန၏ စုံစမ်းမှုများအရ AA နှင့် ဆက်သွယ်သည်ဟုဆိုကာ အဖမ်းခံရသူများကို ပထမတွင် မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ (၂) တို့ဖြင့် အရေးယူခဲ့သော်လည်း နောက်ပိုင်းတွင် AA ကို အကြမ်းဖက် သောင်းကျန်းသူ အဖြစ် သတ်မှတ်ပြီးသည့် နောက်ပိုင်းတွင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ လာကြောင်း တွေ့ရသည်။
AA နှင့် ဆက်သွယ်သည်ဟု ဆိုကာ ရခိုင် တိုင်းရင်းသား ၂၀၀ ဝန်းကျင် ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် တပ်မတော်တို့က အရေးယူထားသော်လည်း အဖမ်းခံရသူ အများစုမှာ AA နှင့် ဆက်စပ်သူများ မဟုတ်ကြောင်း ရခိုင် လူထု အသိုင်း အဝိုင်းက ယုံကြည်နေကြသည်။
“ကျနော်တို့ပါတီ ဥပဒေ အထောက်အကူပြု အဖွဲ့ က လိုက်လံ အကူအညီ ပေးတဲ့အခါမှာ သံသယနဲ့ ဖမ်းတာ လောက်ပဲ ရှိတာမျိုး တွေ့ရတယ်။ တိတိကျကျ ဆွဲတင်နိုင်တာ၊ အထောက် အထား ပြနိုင်တာ မရှိဘဲ သံသယနဲ့ ဆွဲတင်တာတွေ များတယ်။ တကယ်ပါဝင်တဲ့ သူတွေလည်း ရှိကောင်း၊ ရှိမှာပေါ့။ ဘယ်လောက် အတိုင်းအတာထိ ပါဝင်တယ်၊ မပါဘူးဆိုတာ တရားရုံး ဆုံးဖြတ်ချက်ပဲ”ဟု ရခိုင်အမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
မတရားအသင်း ဆက်သွယ်မှု ဥပဒေ၊ အကြမ်းဖက် တိုက်ဖျက်ရေး ကာကွယ်မှု ဥပဒေတို့ဖြင့် အမှုဖွင့် ခံရသည့် သူများမှာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်တို့မှ ဖြစ်ကြောင်း၊ အများစုမှာ ခရိုင်တရားရုံးများတွင် အမှုဖွင့် ခံထားရကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေတချို့ထံမှ စုံစမ်း သိရှိရသည်။
ယင်းအမှုများကို ကူညီဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ရွာသားတွေကို AA နဲ့ အဆက်အစပ် ရှိတယ်ဆိုပြီးတော့ အကြမ်းဖက်မှုတွေနဲ့ အမှုဖွင့်ထားတာ။ AA နဲ့ တိုက်နေတဲ့အခါမှာ ဖမ်းမိတဲ့ သူတွေ ကို ဆွဲတာမျိုး မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ ကျွဲကျောင်းတဲ့သူတွေကို AA နဲ့ ဆက်စပ်မှု ရှိတယ် ဆိုပြီးတော့ အကြမ်းဖက်နဲ့ ဆွဲတာ”ဟု ပြောသည်။
ထိုသူများမှာ ၂၀၁၄ ခုနှစ်၊ အကြမ်းဖက် တိုက်ဖျက်ရေး ကာကွယ်ရေး ဥပဒေအရ အမှုဖွင့်ခံနေရ ခြင်း ဖြစ်ပြီး ယင်း အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲဆိုပြီးမှ ပြန်လွတ်လာသူ တဦးမျှ မရှိသေးကြောင်း လည်း ၎င်းက ရှင်းပြသည်။
ဖြစ်ရပ် တခု အနေဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က ပြန်လွတ်လာသူ ရခိုင်လူငယ် ရဲကျော်သူ(ခ) ရဲဇော်မှာ စစ်တွေမြို့နယ် ဝင်္ကဘာကွင်းတွင် အသတ်ခံရသည့် စစ်ဖက် ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် အသတ်ခံရမှုတွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ လူသတ်မှုဖြင့် အမှုဖွင့်ခံ ရသော်လည်း အထောက်အထား မခိုင်လုံသဖြင့် စစ်တွေ တရားရုံးက ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ဘူးသီးတောင်မြိ့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ဘူးသီးတောင် မှာတော့ ကျောင်း ဆရာ ၂ ယောက် အဖမ်းခံတာ ရှိတယ်။ တချို့ကတော့ မသင်္ကာလို့ အဖမ်းခံ ရတယ်။ တရားရုံး ရောက်တော့ အကုန် ပြန်လွတ်ကုန်တယ်။ ဒေသခံတွေ က အဲဒီလိုမျိုး အဖမ်းခံ ရမှာ စိုးလို့ တချို့ ထွက်ပြေးနေကြတယ်။ အဲဒီလို ဘာမှ မဟုတ်ဘဲ အဖမ်းခံရတာ အုပ်ချုပ်ရေး မှူးတွေ အပါအဝင် အနည်းဆုံး ၁၀ ယောက်လောက် ရှိတယ်”ဟု ပြောသည်။
ထို့ပြင် စင်ကာပူနိုင်ငံတွင် AA အဖွဲ့ အတွက် ငွေးကြေး ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသည့် ရခိုင် အသင်း (စင်ကာပူ) ခေါင်းဆောင်များကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် ရန်ကုန်မြို့တွင် အစိုးရက အမှုဖွင့်ထားသည့် ဖြစ်စဉ်တွင် ဆက်စပ်သူ ၁၆၄ ဦးကို ထပ်မံ ဖမ်းဆီးရန် ရှိကြောင်း သတင်းများအရ သိရသည်။
ရခိုင်အမျိုးသား ပါတီ၊ ဗဟို အလုပ်မှုဆောင် အဖွဲ့ ဝင် ဦးဖေသန်းက “ကျနော်တို့ သိသလောက် သူတို့တွေက AA ကို ထောက်ပံ့ခဲ့တာမျိုး မဟုတ်ဘူး။ ဒီမှာ ရေဘေးတွေ စစ်ဘေးတွေ ဖြစ်နေရင် အဲဒီလို လူတွေကို ကူညီထောက်ပံ့တဲ့ စာရင်းတွေပေါ့။ အဲဒီစာရင်း ကို သူတို့ရသွားတော့ ပါတဲ့လူ အကုန်လုံးကို အဲဒီပုဒ်မနဲ့ ဆွဲတာလို့ သိရတယ်။ တကယ် တော့ အဲဒီစာရင်းတွေက စစ်ဘေးရှောင် တွေကို ပို့တဲ့စာရင်းတွေပဲလို့ ပြောတယ်”ဟု ဆိုသည်။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ရခိုင်ပြည်နယ်တွင် AA အဖွဲ့ ဝင်များ ဖမ်းဆီးခံရမှု မရှိကြောင်း ဧရာဝတီသို့ ပြောဆိုဖူးသည်။
ထို့ပြင် AA အဖွဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကိုလည်း ဘူးသီးတောင် ရဲစခန်းတွင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အစိုးရက အမှုဖွင့်ထားသည်။
ရခိုင်ပြည်နယ် အတွင်း AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ဦးရေ ၇ သောင်းအထိ ရှိလာပြီ ဖြစ်သလို ကလေးငယ်များမှာလည်း စာသင်ကျောင်းများသို့ မသွားနိုင်သေးပေ။
ရခိုင်ပြည်နယ်တွင် AA အပြင် အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ခံထားရသော ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အဖွဲ့ဝင် ၁၀၂ ဦးကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး တရားရုံးသို့ တင်ပို့ထားကြောင်း တပ်မတော်ထံမှ သိရသည်။
“ဖမ်းဆီးရမိတာက ၁၀၂ ယောက် ရှိတယ်။ ၁၀၂ ယောက်မှာ တရားစွဲတင်တာတွေ ဘာတွေတော့ မသိဘူး။ ၁၀၂ ယောက်ဆိုတာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိတာ။ ဒီအရေအတွက်တွေက တရားဝင် သတင်း ထုတ်ပြန်ထားတဲ့ အထဲက ထုတ်နုတ် ပေးတာပါ”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် လှုပ်ရှားနေကြသည့် ရက္ခိုင့် စစ်တပ် (AA) နှင့် မွတ်စလင် လက်နက်ကိုင် အဖွဲ့ တခု ဖြစ်သည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA)တို့ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ပူးပေါင်း နှိမ်နင်းရန် ၂၀၁၉ ခု နှစ်၊ ဧပြီလက နေပြည်တော်တွင် ပြုလုပ်သည့် ၂ နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် သဘောတူထားကြသည်။
ဆက်စပ်ဖတ်ရှုရန်- လက္ကာရွာသား ၁၆ ဦးကို အကြမ်းဖက်မှု ဥပဒေဖြင့် ထပ်မံ တရားစွဲဆို
ရခိုင်အသင်း (စင်ကာပူ) အမှု ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်မည်ဟု ဆို