ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ အဝင်ဂိတ်တွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၃ဝ အနက် ၂၉ ဦးကို ငပုတောမြို့နယ် တရားရုံးက အောက်တိုဘာ ၂ ရက်နေ့တွင် ပြစ်ဒဏ် ၂ နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း သတင်း ရရှိ သည်။
ငရုတ်ကောင်းမြို့ အဝင်ဂိတ်တွင် စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းက ဖမ်းမိခဲ့သည့် ဘင်္ဂါလီလူမျိုးများအား ငပုတော မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာန ဦးစီးမှူး ဦးထွန်းရီက တရားလို ပြုလုပ်၍ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၂)၊ ၆ (၃) အရ အရေးယူပေးရန် အောက်တိုဘာ ၂ ရက်နေ့က ငပုတော မြို့နယ် တရားရုံးသို့ တိုင်ကြားခဲ့သည်။
တရားရုံးက ကြားနာ စစ်ဆေးပြီးနောက် ယင်းနေ့တွင်ပင် အသက် ၁၈ နှစ်ပြည့်ပြီးသူ မာမက်နိုဆိန် အပါအဝင် အမျိုးသား ၆ ဦး၊ မူဂျီလာဖာ အပါအဝင် အမျိုးသမီး ၁၅ ဦးတို့ကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့်အတွက် ပုသိမ်ထောင်တွင် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။
“အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတွေကို ငပုတောမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ပါတယ်။ ထောင် ဒဏ်တွေက ပုသိမ်ထောင်မှာ ကျခံရမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
အသက် ၁၈ နှစ် မပြည့်သေးသည့် ဟာရိုလာမိန်း အပါအဝင် အမျိုးသား ၃ ဦးနှင့် ဟာဂျီဒါ အပါအဝင် အမျိုးသမီး ၅ ဦး တို့ ကို လည်း ငပုတောမြို့နယ် ကလေးသူငယ် တရားရုံးတွင် ရုံးတင်စစ်ဆေးကာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့် အတွက် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်း လူငယ်ပြုပြင်ရေး ကျောင်းတွင် ၂ နှစ် ထိန်းသိမ်း စောင့်ရှောက် ထားရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ငပုတောတရားရုံးမှ အမိန့်ချမှတ်ခဲ့သည့် ဘင်္ဂါလီ လူမျိူးများအား အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းက ပုသိမ် အကျဉ်း ထောင်သို့ ရဲတပ်ဖွဲ့က ပို့ဆောင်ခဲ့ပြီး ယနေ့တွင် အသက် ၁၈ နှစ် မပြည့်သေးသည့် ဟာရိုလာမိန်း အပါအဝင် အမျိုးသား ၃ ဦး နှင့် ဟာဂျီဒါ အပါအဝင် အမျိုးသမီး ၅ ဦးတို့ကို ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်း လူငယ်ပြုပြင်ရေး ကျောင်း သို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ငရုတ်ကောင်းမြို့ နယ်မြေအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၆ ရက် ညပိုင်းက ငရုတ်ကောင်းမြို့ ရေကျော်အုပ်စုရှိ ပုသိမ် – ငရုတ်ကောင်းမြို့ ကားလမ်း မိုင်တိုင် ၁၆ မိုင် ၁ ဖာလုံတွင် ပါဂျဲရိုးကား တစီးအား မသင်္ကာသဖြင့် စစ်ဆေးရာ ကားမောင်းသူမှာ ကားပေါ်မှဆင်း၍ ထွက်ပြေးသွားခဲ့ပြီး အဆိုပါ ကား ပေါ်တွင် တင်ဆောင်လာသည့် ဘင်္ဂါလီ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂၀ နှင့် အသက် ၆ နှစ်အရွယ်ရှိ ကလေး ၁ ဦးတို့ကို တွေ့ရှိခဲ့ရာ မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား တစုံတရာ မပြနိုင်သဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ပြောဆိုထားသည်။
ငပုတောမြို့နယ်ရှိ ငရုတ်ကောင်းမြို့မှာ ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့၏အနောက်တောင်ဘက် ၆၂ မိုင် အကွာတွင် တည်ရှိပြီး ဘင်္ဂလားပင်လယ်အော် နံဘေးတွင်တည်ရှိကာ ရခိုင်ကမ်းရိုးတန်းနှင့် ဆက်စပ်နေသည့် ဒေသဖြစ်သည်။
ပင်လယ် ရေကြောင်းမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများ ဝင်ရောက်လာလေ့ရှိပြီး လူပွဲစား များမှာ ငရုတ်ကောင်း – ပုသိမ်လမ်းမှတဆင့် ရန်ကုန်မြို့သို့ ဘင်္ဂါလီများ သယ်ဆောင်လေ့ ရှိကြောင်း သိရသည်။
ဘင်္ဂါလီများကို လူပွဲစားများက ငပုတောမြို့နယ် ငရုတ်ကောင်း၊ မော်တင်စွန်းဒေသများ မှတဆင့် မော်တင် – ပုသိမ်လမ်း အတိုင်း ရန်ကုန်မြို့သို့ ပို့ဆောင်လေ့ ရှိသလို သာပေါင်းမြို့နယ်ဘက်မှလည်း သာပေါင်း – ပုသိမ် – ရန်ကုန်လမ်းအတိုင်း ရန်ကုန်မြို့သို့ ခိုးသွင်းရန် ကြိုးစားလေ့ရှိသည်ဟု ဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ် တောင်ကုတ်၊ အမ်းမြို့ဘက်မှလည်းကောင်း၊ ဂွမြို့ဘက်မှလည်းကောင်း ပုသိမ် – မုံရွာလမ်းအတိုင်း ကြံခင်း – ငါးသိုင်းချောင်း – ရေကြည်မြို့များကိုဖြတ်၍ ရန်ကုန်မြို့သို့ ဝင်ရောက်ရန် ကြိုးစားလေ့ရှိသည်ဟု တိုင်း ရဲတပ်ဖွဲ့ က ပြောသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းကလည်း ဘင်္ဂါလီ ၂၀ ကို ရန်ကုန် – ပုသိမ်ကားလမ်းပေါ်ရှိ ညောင်တုန်းမြို့နယ် ဆား မလောက် ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဆက် သွယ် ထားသည့် ဂွ – ငါးသိုင်းချောင်း ကားလမ်းတွင် လူပွဲစားများက ဆိုင်ကယ်များဖြင့် တင်၍ ခေါ်ဆောင်လာသည့် ဘင်္ဂါလီ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
You may also like these stories:
မင်းလှမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ ၆ ဦး ဖမ်းမိ
ငပုတောတွင် ဘင်္ဂါလီ ၃၀ တင်ဆောင်လာသည့် ပါဂျဲရိုး ကားတစီး ဖမ်းမိ
ဘင်္ဂလားဒေ့ရ်ှမှ ပြန်လာသူ ၂၆ ဦးတွင် ARSA အဖွဲ့ဝင် ၁ ဦးပါလာ
၂၀၁၉ အတွင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ၃၉ ဦး သေဆုံးပြီး