နေပြည်တော်တွင် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုး အပါအဝင် ရဲမှူးကြီး ၆ ဦး၏ နေရာ ပြောင်းရွှေ့မှု များကို စက်တင်ဘာလ နောက်ဆုံးအပတ်က ပြုလုပ်လိုက်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ်မှ အမည် မဖော် လိုသော ဒု ရဲမှူးကြီးတဦးက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ သတင်း ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသူစိုးသည် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒု တပ်ဖွဲ့မှူး အဖြစ်သို့ ပြောင်းရွှေရပြီး လူကုန်တား ရဲတပ်ဖွဲ့ ဒု တပ်ဖွဲ့မှူး ရဲမှူးကြီး သက်နောင်သည် နိုင်ငံဖြတ်ကျော် မှုခင်းဌာန သုတသနနှင့် စီမံကိန်း ဌာနမှူး အဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းက ပြောဆိုသည်။
နိုင်ငံဖြတ်ကျော် မှုခင်းဌာန သုတေသနနှင့် စီမံကိန်း ဌာနမှူး ရဲမှူးကြီး နိုင်ရဲသူသည် သတင်း ရဲတပ်ဖွဲ့ လုံခြုံရေး ဌာနမှူး ဖြစ်လာပြီး သတင်း ရဲတပ်ဖွဲ့ လုံခြုံရေး ဌာနမှူး ရဲမှူးကြီး ဝင်းနိုင်ဦးက သတင်း ရဲတပ်ဖွဲ့ စီမံရေးရာ ဌာနမှူး အဖြစ်သို့ ပြောင်းရွှေ့ရကြောင်း၊ သတင်း ရဲတပ်ဖွဲ့ စီမံရေးရာ ဌာနမှူး ရဲမှူးကြီး ကျော်သီဟမှာ သတင်း ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး တာဝန်ယူခဲ့သူ ရဲမှူးကြီး မျိုးသူစိုး နေရာသို့ ရောက်ရှိလာကြောင်း သိရသည်။
“ပြောရေးဆိုခွင့် ရှိသူက ရဲမှူးကြီး ကျော်သီဟ ဖြစ်လာလိမ့်မယ်။ တရားဝင် စာမထွက်သေးဘူး။ နုတ်နဲ့တော့ တာဝန် ပေးထားပြီ။ ရဲ တပ်ဖွဲ့နေ့ အခမ်းအနားမှာ ဘယ်သူကို ပြောခိုင်းမလဲလို့ မေးကြည့်တဲ့အခါ သတင်းရဲတပ်ဖွဲ့ ရဲ့ ဒုတပ်ဖွဲ့ မှူးကိုပဲ တာဝန်ပေးရမှာလို့ လူကြီးတွေက နုတ်နဲ့ ပြောထားတယ်”ဟု နေပြည်တော်မှ ရဲအရာရှိကြီးတဦးက ပြောသည်။
ထို့ပြင် နိုင်ငံဖြတ်ကျော် မှုခင်းဌာန သုတေသနနှင့် စီမံကိန်း ဌာနမှူး ရဲမှူးကြီး နိုင်ရဲသူမှာ သတင်း ရဲတပ်ဖွဲ့ လုံခြုံရေး ဌာနမှူး ဖြစ်လာပြီး သတင်းရဲတပ်ဖွဲ့ လုံခြုံရေး ဌာနမှူး ရဲမှူးကြီး ဝင်းနိုင်ဦးသည် သတင်းရဲတပ်ဖွဲ့ စီမံရေးရာ ဌာနမှူး ဖြစ်လာကြောင်း သိရသည်။
ယခု ရဲအရာရှိ နေရာများ အပြောင်းအလဲသည် ပုံမှန် လုပ်ငန်းစဉ်တခုသာ ဖြစ်ပြီး ရဲတပ်ဖွဲ့တွင် နှစ်စဉ် ပြောင်းလဲ တာဝန် ထမ်းဆောင်ရသည့် အလေ့အထမျိုး ရှိကြောင်း၊ ဥပမာ အားဖြင့် ရဲမှူးကြီး သက်နောင်သည် အင်္ဂလိပ်စာ ကောင်းသဖြင့် နိုင်ငံဖြတ်ကျော် မှုခင်းဌာနနှင့် ကိုက်ညီကြောင်း၊ ရဲမှူးကြီး ကျော်သီဟမှာ စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ)မှ ပြောင်းလာသူ ဖြစ်၍ သတင်းစုဆောင်းမှု ကျွမ်းကျင်သူ ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းက ဆိုသည်။
“ရဲမှူးကြီး မျိုးသူစိုးက တပ်မတော် ထောက်လှမ်းရေး ဗိုလ်ကြီးကနေ ရဲထဲကို ပြောင်းလာတဲ့သူ။ ဒီဘက်ကို ရောက်လာ တော့ ရဲမှူး ဖြစ်တယ်။ အဲဒီမှာ ထောက်လှမ်းရေးဌာန ရှိတယ်။ အရင်တုန်းက ပြည်တွင်းရေးရာဌာနလို့ ခေါ်တယ်။ အဲဒီ မှာ ရဲမှူးကနေ တဖြည်းဖြည်း တက်လာတာ။ ကြာပြီ။ ကျနော်တို့က သူပြောင်းသွားတာကိုတော့ နှမြောတယ်”ဟု သတင်း ရဲတပ်ဖွဲ့ မှ အရာရှိတဦးက ပြောသည်။
ရဲမှူးကြီး ကျော်သီဟမှာ တပ်မတော်မှ ဒု ဗိုလ်မှူးကြီး ရာထူးဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့လာသူတဦး ဖြစ်ပြီး ယခု အပြောင်းအရွှေ့ကြောင့် အဆင့် မတိုးသော်လည်း ရာထူးတိုးသည်ဟု ပြောနိုင်ကြောင်း ဆိုသည်။
ယခု နေရာ ပြောင်းရွှေ့မှုများကို ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြေညာချက်တွင်လည်း ဖော်ပြထားသည်။
ထို့ပြင် အောက်တိုဘာ ၁ ရက်နေ့က ကျရောက်ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့ကလည်း ရခိုင်ပြည်နယ်တွင် ရက္ခိုင့် စစ်တပ် (AA) ကို ခုခံတိုက်ခိုက်ခဲ့သည့် ရဲအုပ် မောင်မောင်သူရစိုး၊ ဒုရဲအုပ် အောင်ကျော်မင်း၊ ဒုရဲအုပ် တင့်နိုင်ထွန်း တို့ကို တဆင့်မြင့် ရာထူးများ ပေးအပ်ခဲ့သလို ပြင်ဦးလွင်၊ နောင်ချို ဖြစ်စဉ်တွင် ဂုတ်တွင်းတံတားနှင့် ရဲစခန်းကို ခုခံ ကာကွယ်ခဲ့သည့် အခြားအဆင့် ရဲဝန်ထမ်းများကိုလည်း တဆင့်မြင့် ရာထူးများ တိုးမြှင့်ပေးခဲ့သေးသည်။
၂၀၁၈ ဧပြီလက ရဲတပ်ဖွဲ့ ရာထူးတိုး အပြောင်းအလဲများ ပြုလုပ်ပေးရာတွင် ယခု လူကုန်တား ရဲတပ်ဖွဲ့မှ ထိုစဉ်က ဒု ရဲမှူးကြီး သက်နောင်သည် ဒုတပ်ဖွဲ့မှူး အဖြစ်သို့ ရဲမှူးကြီး ရာထူးဖြင့် ရားထူးတိုးသွားခဲ့သည်။ ၎င်းသည် သတင်း မီဒီယာ များနှင့်လည်း ဆက်ဆံရေး ကောင်းသူတဦး ဖြစ်သည်။
ထိုအချိန်က ရဲမှူးကြီး ရာထူးမှ ရဲမှူးချုပ် ဖြစ်သွားသူ ၅ ဦးတွင် ရဲမှူးကြီး ဇော်ခင်အောင်မှာ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးမှ ရဲမှူးချုပ် ရာထူးဖြင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဝင်းဗိုလ်မှာ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးမှ အမှတ် ၃ လုံခြုံရေး ရဲကွပ်ကဲရေးမှူး အဖွဲ့ တပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဇော်ထွန်းအောင်မှာ အမြန်လမ်း ရဲတပ်ဖွဲ့မှူးမှ အမှတ် ၁ လုံခြုံရေး ရဲကွပ်ကဲရေးမှူး အဖွဲ့ တပ်ဖွဲ့မှူး၊ ရဲမှူးကြီး စိုးနိုင်ဦးမှာ မှုခင်းတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူးမှ တပ်ဖွဲ့မှူးနှင့် ရဲမှူးကြီး သက်ဝေမှာ လေကြောင်း ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူးမှ တပ်ဖွဲ့မှူးတို့ ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် နေပြည်တော်တွင် နာမည်ကြီးခဲ့သည့် သက်ငယ်မုဒိမ်းမှု တခုဖြစ်သည့် ဗစ်တိုးရီးယား အမှုတွင် တရားခံ ဖော်ထုတ်မှုသည် အမှုဖြစ်စဉ်အပြီး တရားရုံး ထွက်ဆိုချက်များနှင့် ကွဲလွဲမှုများ ရှိနေ သဖြင့် လူမှုကွန်ရက်တွင် အပြင်းအထန် ဝေဖန်ခံနေရသည့် အချိန်လည်း ဖြစ်သည်။
ထို့ပြင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအကြံပေး ဦးကိုနီကို သတ်ဖြတ်ရာတွင် အဓိက တာဝန်ရှိသူဟု စွပ်စွဲခံထားရသူ အောင်ဝင်းခိုင် အပါအဝင် အမျိုးသားရေး ဆရာတော် ဦးဝီရသူ၊ အမျိုးသား လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဘူးလက်လှဆွေ တို့ကို ဖမ်းမမိသည့်အပေါ်တွင်လည်း ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို မေးခွန်း ထုတ်ခံနေရသည်။
ရဲတပ်ဖွဲ့ တာဝန်ရှိသူများကမူ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ အင်အား ၈ သောင်းဝန်းကျင်ရှိပြီး ပြည်သူလူထုကို ထိရောက် စွာ ဝန်ဆောင်မှု ပေးနိုင်ရန် ရဲအင်အား ၇ သောင်းကျော် ထပ်မံလိုအပ်ကြောင်း၊ နိုင်ငံတကာတွင် ရဲတဦးက ပြည်သူ ၄၀၀ ခန့်အတွက် လုံခြုံရေး ဆောင်ရွက် ပေးနိုင်သော်လည်း မြန်မာနိုင်ငံတွင် ပြည်သူ ၁၃၀၀ ခန့်အတွက် ရဲတဦးသာ ရှိကြောင်း ထုတ်ဖော် ပြောဆိုကြသည်။
You may also like these stories: