ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်တွင် အေးငြိမ်း ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးညီညီနှင့် သုံးဘီးသမား ၁ ဦးတို့ အောက်တိုဘာ ၄ ရက် ည ၉ နာရီခွဲ ခန့်က သေနတ်ဖြင့် အပစ်ခံရ၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် အသက် ၄၀ ကျော်အရွယ် ဦးညီညီသည် အလုပ်မှ သုံးဘီးဖြင့် ပြန်လာစဉ် စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက် သူ၏ နေအိမ်ရှေ့ အရောက်တွင် အမည်မသိ သေနတ်သမား ၁ ဦးက ဆိုင်ကယ်ဖြင့် လာ ရောက် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုးက ပြောသည်။
ဒုရဲမှူးကြီး မောင်မောင်စိုးက”ဖြစ်တာတော့ ဟုတ်တယ်၊ မနေ့က ၉ နာရီခွဲ လောက်မှာ သူ့အိမ်ရှေ့မှာ လာပစ်သွားတာလို့ ပြောတယ်၊ အခုတော့ သူတို့ ဒဏ်ရာနဲ့ ဆေးရုံမှာ ရောက်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ် ခံရသည့် အတွက် ဦးညီညီမှာ နှာခေါင်းအောက်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို သုံးဘီး မောင်းသမား ကိုညီညီနိုင်မှာလည်း သေနတ် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
စစ်တွေဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သူ မြို့ခံတဦးက”သူတို့ ၂ ယောက်က အခုဆေးရုံမှာ ကုသမှုတွေ ခံနေတယ်။ ကိုညီညီကတော့ နှာခေါင်းအောက်မှာ ဒဏ်ရာ ရရှိခဲ့တယ်၊ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူးလို့တော့ ပြောတယ်၊ ဒဏ်ရာကနည်းနည်း ပြင်းတော့ သူတို့ကို ရန်ကုန်သို့ ယူမယ်လို့တော့ ပြောနေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ကာ တရားခံအား ရှာဖွေနေ ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
စက်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးမောင်လှ နေအိမ်မှ စခန်းသို့ သွားစဉ် ဓားထိုး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။
သြဂုတ်လ ၁၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင် ရေယာဉ် ဆိပ်ကမ်းတွင် ရှိနေစဉ် ဓားထိုးခံရသည့်အတွက် လက်ရှိ အချိန်အထိ ဆေးကုသမှု ခံယူနေရသည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲကင်းစခန်းမှူး ဒုရဲအုပ် ဇော်မင်းဌေးသည်လည်း စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ဇနီးဖြစ်သူနှင့်အတူ ဈေးဝယ်ပြီး အပြန် အမည်မသိလူတစု၏ ဓားထိုး လုပ်ကြံ သတ်ဖြတ်ခံရသည့် အတွက် သေဆုံးသွားခဲ့သည်။
စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ကလည်း ကျောက်တော်မြို့နယ် ကန်စောက် ရဲကင်းစခန်းအနီးတွင် ကုန်စုံဆိုင် ရောင်းချသူ ဦးရဲလွင်နှင့် ဇနီး ဒေါ်တင်တင်ထွေး တို့မှာ ဈေးဆိုင်အတွင်း၌ပင် ဓားထိုး အသတ်ခံရသည်။
သြဂုတ်လ ၅ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်အတွင်း ဆင်အိုးချိုင်ကျေးရွာအုပ်စု ခေတ္တ အုပ်ချုုပ်ရေးမှူး အသက် ၅၀ အရွယ် ဦးဦးသန်းမောင်နှင့် ၎င်းကျေးအုပ်စု သာဒါဆိပ်ကျေးရွာ ရာအိမ်မှူး အသက် ၃၄ နှစ်အရွယ် ဦးမောင်ဝင်းနိုင်မှာ ဆင်အိုး ဘင်္ဂါလီကျေးရွာက အပြန် လမ်းတွင် အမည်အသိ အဖွဲ့အစည်းတခု၏ ဖမ်းဆီးခြင်းကို ခံရပြီး နောက်နေ့တွင် သတ်ဖြတ်ခံထားရသည့် အလောင်းများကို တွေ့ရှိခဲ့သည်။
ပြီးခဲ့သော မတ်လ ၅ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်တပင်ကျေး ရွာတွင် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဦးဘစောမှာ ရွာအနီး ကားလမ်းမ ဘေးတွင် ဆောက်လုပ်ထားသော ၎င်း၏ ဆိုင်ခန်း ထဲ ရှိနေစဉ် ထိုးသွင်း ဒဏ်ရာများ ဖြင့် သေဆုံးသွားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာတချို့တွင် ယခုကဲ့သို့သော လုပ်ကြံ သတ်ဖြတ်ခံရသည့် ဖြစ်စဉ် များ ခပ်စိတ်စိတ် ဖြစ်ပွားနေပြီး လုပ်ကြံ သတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့်အတူ လုပ်ကြံ သတ်ဖြတ်သွားသည့် တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ်ဖမ်းဆီး နိုင်ခြင်း မရှိသေးပေ။
ထိုကဲ့သို့ ရခိုင်ပြည်နယ် မြို့နယ် အသီးသီးတွင် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရွာသားများ ဓားဖြင့် ထိုးသတ်လုပ်ကြံခြင်း၊ နေအိမ်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း စသည့် ဖြစ်စဉ်များကြောင့် ဒေသခံ ပြည်သူများကြားတွင် စိုးရိမ်မှုများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
ပေါက်ကွဲမှုဖြင့် ဖမ်းထားသည့် ရွာသား ၂ ဦး မှားယွင်းတရားစွဲမှုဟုဆိုကာ ပြန်လွှတ်ပေး
နီပေါအစိုးရ ရဟတ်ယာဉ် ဘူးသီးတောင်မြို့နယ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရ