ရန်ကုန်တိုင်း အင်းစိန် မြို့နယ်၌ ၂ ရက်သားအရွယ် မွေးကင်းစ မိန်းကလေးကို တရပ်ကွက်တည်းနေ အမျိုးသမီး တဦး က ငွေပေးဝယ်ယူပြီး တရုတ် ပြည်သို့ ခေါ်သွားသည့် အတွက် ကလေးမိခင်နှင့် ဝယ်ယူသွားသူတို့ ဖမ်းဆီး တရားစွဲ ခံရ ကြောင်း သိရသည်။
၎င်းတို့ကို ဖမ်းဆီး၍ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့် တရားစွဲထားကြောင်း ရန်ကုန်တိုင်း လူကုန် ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (လူကုန်တား) က ပြောသည်။
အင်းစိန်မြို့နယ် ဈေးကုန်း အရှေ့ရပ်ကွက်ရှိ မီးရထား လမ်းပိုင်း စီမံကိန်း တန်းလျားတွင် နေထိုင်နေသည့် ကလေး၏ မိခင်ဖြစ်သူ အသက် ၂၂ နှစ်အရွယ် မလမင်း ကလေးမမွေးခင် ကိုယ်ဝန် ၆ လရှိစဉ်ကတည်းက တရပ်ကွက်တည်းနေ မရွှေရွှေသင်း ဆိုသူက မိန်းကလေးဖြစ်လျှင် ၎င်းကို ပေးရန်၊ ကလေးပေးသည့် အတွက် ကျပ် ၁ဝ သိန်းပေးမည် ဖြစ်ပြီး တရုတ်ပြည်သို့ ခေါ်သွားမည်ဟု ပြောဆိုထားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
သြဂုတ်လ ၇ ရက် အင်းစိန်ဆေးရုံ၌ မွေးဖွားသည့်အခါ မိန်းကလေး ဖြစ်နေသောကြောင့် မလမင်းက မွေးဖွားပြီးချင်း ၂ ရက် အကြာတွင် မရွှေရွှေသင်းထံသို့ မွေးကင်းစကလေးကို ပေးအပ်ခဲ့ရာ မမွေးဖွားမီက ယူထားသည့် အကြွေး ကျပ် ၂ သိန်း အပြင် နောက်ထပ် ကျပ် ၂ သိန်းကိုပေးအပ်ကာ ကလေးကို တရုတ်ပြည်သို့ ခေါ်ယူသွားခဲ့ကြောင်း၊ ကျန် ၆ သိန်း ကို ထပ်မံပို့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခုအချိန်ထိ ပေးခဲ့ခြင်း မရှိသေးကြောင်း မလမင်းကလည်း လူကုန်တား ရဲတပ်ဖွဲ့ ၌ ထွက်ဆိုထားသည်။
မရွှေရွှေသင်းက ကလေးကို ခေါ်ဆောင်သွားစဉ် ၎င်းအား လူကုန်ကူးမှုဖြင့် တရားစွဲမည်ဟု မိသားစု အသိုင်းအဝိုင်းက သတင်းကြားသဖြင့် မရွှေရွှေသင်းထံ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း၊ မရွှေရွှေသင်းက မွေးစားရန် အတွက်သာ ဖြစ်ကြောင်း ကလေးနှင့်အတူ အင်းစိန်မြို့နယ် နေအိမ်သို့ ပြန်လာပြီး ဖြေရှင်းစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်တိုင်း လူကုန်တား ရဲတပ်ဖွဲ့မှ ရဲမှူး ခင်မောင်ကြွယ်က“သူတို့ကတော့ ကလေးကို မွေးစားတယ်ပေါ့။ ဒါပေမယ့် မွေးစားတယ်ဆို ဘာလို့ တရုတ်ပြည်ကို ခေါ်သွားရတာလဲ။ ဒီမှာပဲ မွေးစားတယ်ဆို တမျိုးပေါ့။ နောက်ပြီး တရားဝင် မွေးစားတဲ့ စာချုပ်စာတမ်းနဲ့လည်း မဟုတ်ဘူး။ ဘာလုပ်မှာလဲဆိုတာ ကျနော်တို့ အတိအကျ ပြောလို့မရနိုင်ဘူးလေ။ နောက်တချက်က မိန်းကလေးဖြစ်မှ ဆိုတဲ့အချက်က အရေးကြီးတယ်။ တကယ်လို့ မွေးတဲ့မိသားစုက ဆင်းရဲတာ ကြောင့် သနားလို့ မွေးစားမယ်ဆို ဘာလို့ မိန်းကလေးမှ မွေးစားရမှာလဲ။ ဘာမွေးမွေး မွေးစားရမှာ မဟုတ်ဘူးလား”ဟု ပြောသည်။
မရွှေရွှေသင်း ရဲစခန်းတွင် အစစ်ခံစဉ်က မိမိသည် ထိုကလေးကို မိမိအလုပ်လုပ်ရာ ရှမ်းပြည်နယ် ဟိုပန်မြို့သို့သာ ခေါ်သွား ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း၊ သို့သော် ကလေးမိခင် မလမင်းအပြင် တခြား အသိသက်သေတချို့က မရွှေရွှေသင်းသည် မိန်းကလေးများ စုပေးလျှင် အကျိုးအမြတ်ရှိမည်ဟု ယခင်ပြောကြားမှုများ ရှိခဲ့သည်သည်ဟု ထွက်ဆို သဖြင့် ကလေးကို တရုတ်ပြည်ထဲသို့သာ ခေါ်သွားခြင်းဖြစ်သည်ဟု လူကုန်တား ရဲတပ်ဖွဲ့က သုံးသပ်ကာ ယခုလို လူကုန် ကူးမှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ပါရှိသည်။
ထို့ကြောင့် မွေးကင်းစကလေးကို ရောင်းချသည့် မိခင်ဖြစ်သူ မလမင်း အပြင် မွေးစားမည်ဟုဆိုပြီး ငွေပေး ဝယ်ယူသူ မရွှေရွှေသင်းတို့ ၂ ဦးလုံးကို လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၂၄ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးလုံးသည် လူကုန်ကူးမှု ဥပဒေအရ အာမခံပေးပိုင်ခွင့် မရှိသဖြင့် ထောင်အချုပ်ဖြင့် တရားရင်ဆိုင်ရမည်ဟု ဆိုသည်။
ထို ဖြစ်စဉ်ကို သတင်းရရချင်း လူမှုကွန်ရက်များတွင် ပျံ့နှံ့ခေတ်စားနေသည့် တရုတ်ပြည်တွင် ကလေးများကို ချက်စား မှု များ၊ ကိုယ်တွင်း ကလီစာများကို ရောင်းစားမှုများ စသဖြင့် ထိုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပေါ်လာမည့်အရေး အထူး စိုးရိမ် မိသည့်အတွက် လူကုန်တား ရဲတပ်ဖွဲ့ထံ သတင်းပေးပြီး ဖိဖိစီးစီး ဆောင်ရွက် ဖော်ထုတ်ခဲ့ရကြောင်း အင်းစိန်မြို့နယ် ဈေးကုန်း အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးက ပြောသည်။
ဦးဝင်းလွင်ဦးက“သူတို့နေတဲ့နေရာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကမှ များပြားလာတဲ့ ကျူးကျော် နေထိုင်သူတွေရဲ့ အပိုင်း ဗျ။ ဒီအမှု ဖြစ်ပြီးနောက်ပိုင်းမှာ အရင်ကတည်းက တရုတ်ပြည်ကို အလုပ်လုပ်ဖို့ဆိုပြီး ခေါ်သွားတဲ့ မိန်းကလေး တွေ ရှိခဲ့တယ်လို့ ကျနော်ပြန်ကြားရတယ်။ ဒါပေမယ့် အခုအချိန်ထိ တိုင်တောတာမျိုးတော့ မရှိသေးဘူးပေါ့။ ဒါ့ကြောင့် ကျနော်တို့ ရပ်ကွက်အုပ်ချုပ်ရေး အပိုင်းက အခုနောက်ပိုင်း မှတ်ပုံတင် မရှိဘဲ ခရီးသွားဖို့ ခရီးသွား ထောက်ခံစာ လာတောင်းရင် နာမည် အတိအကျ အပြင် ဓာတ်ပုံမှတ်တမ်းပါ ယူတဲ့ အလုပ်ကို လုပ်လာရတယ်”ဟုလည်း ပြောဆို သည်။
ထိုအမှုအခင်း စတင်ဖြစ်ပျက်စဉ်က မိမိတို့ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဦးစီးပြီး ကလေးမိခင်ကို ခေါ်ယူစစ်ဆေးစဉ်က ကျပ် ၁ဝ သိန်းဖြင့် ဝယ်ယူထားသည်ကို အတိအကျ ပြောဆိုခြင်းကြောင့် လူကုန်တား ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်စဉ် နယ်မြေ ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်ကို ပြန်လည်စစ်ဆေးပြီးနောက် မွေးစားသည့် အခင်းအကျင်းမျိုးဖြင့် တရားခံများကို လွှတ်ပေးရန် ပြုလုပ်ခဲ့မှုများ ရှိခဲ့သည်ဟု အဆိုပါ ရပ်ကွက်ရှိ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ဧရာဝတီ သို့ ပြောသည်။
သို့သော် နောက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်ဆေးမေးမြန်းစဉ်က ဖမ်းယူထားသည့် အသံဖိုင်များကိုပါ သက်သေ အတိအကျ ပြသနိုင်သဖြင့် ယခုလို လူကုန်ကူးမှုဖြင့် အရေးယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အထက်ပါ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်က“စစချင်းတုန်းက တချို့ သတင်းစာတွေထဲမှာတောင် ပါခဲ့သေး တယ် မဟုတ်လားဗျာ။ ဒါဟာ မွေးစားတဲ့ကိစ္စပါ။ တရားဝင် မွေးစားဖို့တောင် လုပ်နေပါပြီ၊ ဘာညာ ဆိုပြီးတော့ ထွက် လာ သေးတာ။ နောက်ဆုံး မဖြစ်တော့ဘူးဆိုပြီး ကျနော်တို့ ရုံးမှာ ခေါ်စစ်ထားတုန်းက ဖမ်းထားတဲ့ အသံဖိုင်တွေနဲ့ပါ အတိအကျ တင်ပြနိုင်ခဲ့လို့ အခု လူကုန်ကူးဥပဒေနဲ့ အရေးယူတဲ့ အဆင့် ရောက်လာတာ”ဟုလည်း ပြောဆိုသည်။
ထိုကိစ္စနှင့် ပက်သက်ပြီး ရန်ကုန်တိုင်း လူကုန်တား ရဲတပ်ဖွဲ့ထံသို့ ဆက်သွယ် မေးမြန်းသည့်အခါ မည်သည့် မှတ်ချက် တစုံတရာကိုမျှ မပေးချေ။
အဆိုပါ အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိမိတို့ နယ်မြေရဲစခန်းက အမှုဖွင့်ကာ တရားစွဲတင်ပို့ရခြင်း ဖြစ်သောကြောင့် မိမိ တို့ စခန်းတွင်ပင် စစ်ဆေးမှုများကို ပြန်လည်ပြုလုပ်ရလေ့ ရှိကြောင်း၊ မိမိတို့စစ်ဆေးချက်များနှင့် လူကုန်တား ရဲတပ်ဖွဲ့ တို့၏ စစ်ဆေးချက်များသည် သဘော သဘာဝ အတူတူပင်ဖြစ်ပြီး ယခုဖြစ်စဉ်တွင် ကွဲလွဲမှုများ မရှိကြောင်း အင်းစိန် မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး တင်လှက ပြောသည်။
ဒုရဲမှူး တင်လှက“ကျနော်တို့ စခန်း စစ်ချက်နဲ့ သူတို့(လူကုန်တား) စစ်ချက်က အတူတူပါပဲဗျာ။ ကွဲလွဲတယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့မှာက သူတို့စစ်ချက်ကို ယူသုံးလို့ မရဘူး။ ကိုယ့်ဘာသာကိုယ် စစ်ရတယ်။ သူတို့ဘက်က သူတို့ စစ်ချက်ကို သုံးစေချင်တဲ့ သဘောမျိုး ဖြစ်ခဲ့တာပါပဲ။ သူတို့ စစ်ချက်ကို ယူသုံးလိုက်လို့ တရားရုံးတင်တဲ့အခါ တခုခု ကျန်ခဲ့မယ်ဆို ကျနော်တို့ပဲ ခံရမှာ။ ကျနော်တို့ပဲ တာဝန်ယူရမှာ။ သူတို့စစ်ချက်က အမှန်တကယ်လည်း တရားရုံး တင်ပို့ လို့ မရဘူး”ဟု ဆိုသည်။
ယခုနှစ် သြဂုတ်လ အထိ မြန်မာ တနိုင်ငံလုံးတွင် လူကုန်ကူးမှု ၁၉၁ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး ရန်ကုန်တိုင်း အတွင်း ၄၉ မှု အထိ ဖော်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်တား ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
တနိုင်ငံလုံးတွင် ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်း တို့သည် လူကုန်ကူးမှု အရေအတွက် အများဆုံး ဖြစ်ကြောင်းလည်း သိရသည်။
You may also like these stories:
လူကုန်ကူးခံရသူများ ကိုယ်တိုင် သဘောတူလိုက်ပါမှုများ ရှိနေ ဟု ဒု သမ္မတပြော
အိန္ဒိယ၊ လစ်ဗျား၊ မြန်မာနိုင်ငံတို့မှာ အမျိုးသမီးများ လူကုန်ကူးမှု အများဆုံးခံနေရ
သန်လျင်က လူကုန်ကူးခံရသည့် အမျိုးသမီး အမှုဖွင့်ရန်ပြင်ဆင်