သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်ရှိ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က အဆိုပြု စာတွဲ (မူကြမ်း)ကို ကမ္ဘာ့ ကုလ သမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သို့ တင်သွင်းလိုက်ပြီ ဖြစ်သည်။
သို့သော် ဒေသအတွင်း စစ်ရေး အခြေအနေများက အဟန့်အတား ဖြစ်နေစေပြီး မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရေးသည် နယ်မြေ တည်ငြိမ်အေးချမ်းခြင်း အပေါ် များစွာ မူတည်နေကြောင်း သုံး သပ် ပြောဆိုမှုများကလည်း ရှိနေသည်။
မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက “ငြိမ်းချမ်းမယ်လို့ ဆိုခဲ့ရင် ကျမတို့ရဲ့ သမိုင်းယဉ်ကျေးမှု အမွေအနှစ်တွေက စံချိန်စံညွှန်းနဲ့ ကိုက်ညီပြီးသား ဖြစ်တဲ့အတွက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ကို မလွဲမသွေ ဝင်ခွင့်ရလိမ့်မယ် ဆိုတာ အာမခံတယ်။ စစ်ပွဲကြီး ဖြစ်နေတယ်ဆိုရင်တော့ မရနိုင်ဘူး”ဟု ဧရာဝတီကို ပြောသည်။
ကြားကာလတွင် တင်သွင်းထားသည့် အဆိုပြုစာတွဲနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ပြင်ဆင်၊ ဖြည့်စွက်မှုများ ပြုလုပ်ရမည် ဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်မတိုင်မီ အဆိုပြုစာတွဲ အပြည့်အစုံကို ပေးပို့ပြီးနောက် ထိုနှစ် စက်တင် ဘာလခန့်တွင် နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ (ICOMOS) မှ ပညာရှင် များက မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ICOMOS မှ ပညာရှင်များ မလာခင် မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသကို စစ်ပွဲများမရှိသည့် ငြိမ်းချမ်းသည့် စစ်မဲ့ဇုန် ဖြစ်စေချင်သည်ဟုလည်း ၎င်းက ဆိုသည်။
ကွင်းဆင်းလေ့လာမှုမှ စစ်ဆေးတွေ့ရှိချက်များကို အခြေတည်ပြီး တရုတ်နိုင်ငံတွင် ကျင်းပမည့် ၄၅ ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ် ကော်မတီ အစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုရေး မပြုရေးကို မဲခွဲ ဆုံး ဖြတ်ကြမည် ဖြစ်သည်။
မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းနိုင်ရေး အတွက် ၂၀၁၇ မေလမှ စတင်ကာ မြောက်ဦးဒေသ အမျိုး သား အဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Mrauk U) ကို ဖွဲ့စည်းပြီး ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ကြို တင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေစဉ် ၂၀၁၈ ဇန်နဝါရီတွင် မြောက်ဦးမြို့ နန်းတော်ရာကုန်း၌ ပြုလုပ်မည့် “ရခိုင်နိုင်ငံတော် အချုပ် အခြာ ကျဆုံးခြင်း အထိမ်းအမှတ်” စာပေဟောပြောပွဲနှင့် ပတ်သက်၍ အာဏာပိုင်များက ပိတ်ပင်တားဆီးခဲ့ရာမှ အဓိ ကရုဏ်း ဖြစ်ပွားခဲ့မှုကြောင့် မြောက်ဦး ပုံရိပ်ကို ထိခိုက်စေခဲ့သည်။
ထိုနောက်ပိုင်းတွင် ရက္ခိုင်စစ်တပ် (AA)၏ လှုပ်ရှားမှုများ ဖြစ်ပေါ်လာကာ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ကြောင့် ရှေးဟောင်း အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ခရီးသွား လုပ်ငန်းများလည်း ရပ်ဆိုင်းခဲ့သည်။
မြောက်ဦး ဒေသတွင် တိုက်ပွဲများ မဖြစ်ခင်အချိန်က ရှေးဟောင်း အဆောက်အအုံ စာရင်းကောက်ယူမှု ပြုလုပ်ခဲ့ရာ ရှေးဟောင်း အဆောက်အအုံ ၁၀၄၄ ခုကို မှတ်တမ်းတင်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကောက်ယူမှု ထပ် မလုပ် နိုင်တော့ကြောင်း၊ မိုင်းအန္တရာယ် ကြောက်သည့် အတွက် တိုက်ပွဲဖြစ်ပြီးကတည်းက ကွင်းဆင်းမှုများ မပြုလုပ်နိုင် တော့ကြောင်း ဒေါ်ခင်သန်းက အခြေအနေကို ရှင်းပြသည်။
“ယဉ်ကျေးမှုဇုန် အတွင်းကနေ အမြောက်တွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေ ရှိတယ်။ အမြောက်ရဲ့ တုန်ခါမှုဟာ အ ရမ်း ပြင်းထန်တယ်။ ကျမတို့ အိမ်တွေတောင်မှ နေလို့ မရလောက်အောင်ထိကို ပြင်းထန်တယ်” ဟု ၎င်းက ပြော သည်။
ထို့အတွက်ကြောင့် မြောက်ဦး၏ အရှေ့မြောက်ဘက်၊ အရှေ့တောင်ဘက်ရှိ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀ ခန့်ကတည်း က တည်ရှိနေသော ရှေးဟောင်း အဆောက်အအုံ များစွာသည် တုန်ခါမှု ဒဏ်ကြောင့် အတွင်းကြေ ကြေကာ ပျက်စီး ရန် ရှိနေကြောင်း ၎င်းက သုံးသပ်သည်။
ဒေါ်ခင်သန်းက “ဒီလောက် တုန်ခါရင်တော့ဖြင့် ဒီနေရာမှာ ဘာတွေ ရှိတယ်။ ဒါတွေတော့ ပျက် တော့မယ် ဆိုတာ တော့ သိတယ်။ ဒါပေမယ့် ဘယ်လောက်ပျက်နေပြီဆိုတာ ကွင်းဆင်းစစ်ဆေး ခြင်း မရှိတော့ ဘယ်လောက် အတိုင်း အတာ လောက်ထိ ပျက်သွားပြီလို့တော့ ပြောလို့မရသေး ဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် မတ် ၁၅ ရက်က မြောက်ဦး ရှေးဟောင်းနယ်မြေထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ရာ သမိုင်းဝင် မြေထဲ ရှေးဟောင်းဘုရားနှင့် ထုက္ကန်သိမ်ဘုရားအနီးရှိ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဂိတ်တဲတခု ပျက်စီး သွားခဲ့ကြောင်း မြောက်ဦးရှေးဟောင်း သုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောဆိုထားသည်။
အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာဌာနနှင့် တာဝန်ရှိ သူများထံ စာပို့ခဲ့ကာ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များကိုလည်း စစ်ပွဲများ ရပ်တန့်ပေးရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်ဇုန်ကို ရှောင်ရှားပေး ရန်၊ စစ်မဲ့ဇုန်အဖြစ် ထားပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။
ရခိုင်ပြည်နယ် လွှတ်တော်တွင်လည်း စက်တင်ဘာ ၂၃ ရက်နေ့က ပြည်နယ်အတွင်း ဖြစ်ပေါ်နေ သော တိုက်ပွဲများ အတွင်း ပါဝင်တိုက်ခိုက်နေကြသည့် အဖွဲ့အစည်းများ အနေဖြင့် ရှေးဟောင်း ယဉ်ကျေးမှုနှင့် ဘာသာရေး အဆောက် အအုံများ၊ လူနေကျေးရွာ ရပ်ကွက်များနှင့် အများပြည် သူဆိုင်ရာ နေရာများကို အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက် မှုများ မပြုရန် အဆိုတရပ် တင်သွင်းခဲ့သည်။
အဆိုတင်သွင်းသူ မင်းပြားမဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က မြောက် ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်ရန် ကြိုးပမ်းနေသည့် အချိန်တခု ဖြစ်နေသော်လည်း လက်နက်ကိုင် အဖွဲ့ အစည်းများ အနေဖြင့် နှစ်ဖက်တိုက်ပွဲများ တွင် ရှေးဟောင်း အဆောက်အအုံများ၌ နေရာယူထားခြင်း၊ ပစ်ခတ်ခြင်း များကြောင့် ထိခိုက်မှု များ ရှိသကဲ့သို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တုန်ခါမှုများ ဖြစ်ပေါ်ကာ အဆောက်အအုံ၏ ခိုင်ခံ့မှုအပေါ် ထိခိုက်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေကြောင်း ပြောဆိုခဲ့သည်။
ရက္ခိုင်စစ်တပ် (AA) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက အစိုးရကိုယ်တိုင်သည် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရမည်ဟု နားလည်ပါက ထိုဒေသတွင် ထိုးစစ်ဆင် မှုများ မလုပ်ရ ဟုဆိုကာ ကန့်သတ်ထား ရန် လိုသည်ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက မည်သည့်အဖွဲ့မှ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် မပစ်ဘဲနေရ အောင် ဟုဆိုကာ သဘော တူညီချက် ထားရှိသင့်ပြီး တပ်မတော်ဘက်မှ ထိုးစစ်များကို ရပ်လိုက်မည် ဆိုပါက ထိုဒေသတွင် မည်သည့်တိုက်ပွဲမျှ ဖြစ်ရန် အကြောင်းမရှိဟုလည်း ဆိုသည်။
ခိုင်သုခက “ကျနော်တို့နဲ့ ဗမာအစိုးရစစ်တပ်နဲ့ အစိုးရ အဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ဘယ်နေရာကနေ ဘယ်နေရာထိပေါ့။ ဒါ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဖြစ်တယ်။ ဒါကြောင့် စစ်စခန်းတွေ ဖယ်ရှားလိုက်။ အဲဒီနေရာမှာ စစ်မဲ့ဇုန် သတ်မှတ် လိုက်လို့ရှိရင် ကျနော်တို့လည်း နေမှာမဟုတ် ဘူး။ အဲဒီ စစ်မဲ့ဇုန်အတွင်းမှာ ပစ်ခတ်မှုလုံးဝ လုပ်မှာမဟုတ်ဘူး။ အဲဒီ စစ်မဲ့ဇုန်အဖြစ် သတ်မှတ်မယ်ဆိုရင် ကျနော်တို့ဘက် အဆင်သင့် ရှိတာပေါ့” ဟု ပြောသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း မြောက်ဦးသည် ၂၀၁၉ မတိုင်ခင်က ငြိမ်း ချမ်းခဲ့သည့် နယ်မြေဖြစ်ကြောင်း၊ ၎င်းတို့၏ တပ်များသည် ၁၉၉၀ ပြည့်နှစ်က တည်းက ရှိနေခဲ့ခြင်းဖြစ်ပြီး မည်သည့် ပြဿနာမျှ မရှိခဲ့ဖူးဘဲ ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်းများ ပင် တိုးတက်ထွန်းကားလာမှုများ ရှိကြောင်း ပြောဆိုသည်။
ထိုအခြေအနေများကို ပျက်ပြားသွားရန် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ကသာ လုပ်ကိုင်သွား ခြင်းဖြစ်ပြီး ထိုနယ် မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် အားလုံးက ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်မှသာ ရမည်ဟုလည်း ၎င်းက ဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ ပြောပြီးသား မြို့ထဲရွာထဲမှာကို ကျနော်တို့ အနေနဲ့ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်တာ မရှိဘူး။ တပ်မတော်ဆိုတာက တရားဥပဒေနဲ့ အညီ ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ပစ်ခတ် တိုက်ခိုက်မှု စည်းမျဉ်းတွေနဲ့ အညီ ဆောင်ရွက် နေတဲ့ တပ်မတော် အဖွဲ့စည်း ဖြစ်တယ်။ ဒီမှာရှိနေတာ ၁၉၉၀ ပြည့် နှစ်ကတည်းက ရှိနေတာ ဖြစ်တယ်။ ဘာပြဿနာမှ မရှိဘူး။ ဒီအခြေအနေ တခုဟာ ဘယ်အချိန်ကျမှ ချို့ယွင်းပျက် ယွင်းသွားသလဲ။ အဲဒါလေးကိုတော့ ပြန်လည် သုံးသပ်ကြည့်ဖို့ လိုပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက တပ်မတော်၏ တပ်ရင်းဌာနချုပ်များသည် မြောက်ဦး ယဉ်ကျေးမှု နယ်မြေ ထဲတွင် တည်ဆောက် ထားသည်ဟူ၍ ပြောဆိုမှုများနှင့် ပတ်သက်၍လည်း တပ်ရင်းဌာနချုပ် များသည် ယဉ်ကျေးမှုနယ်မြေနှင့် လွတ်ကင်းပြီး တပ်ရင်းတခုဆိုလျှင် ယဉ်ကျေးမှု နယ်မြေနှင့် လွတ်သည့် ချိုင့်ထဲတွင် ဆောက်ထားသည့်အတွက် မိုးတွင်း၌ ရေကြီး ရေလျှံမှု အမြဲ ကြုံနေရသည့် နေရာဖြစ်ကြောင်း ရှင်းလင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပျူရှေးဟောင်းမြို့များ ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်း တို့ကို ၂၀၁၄ ဇွန် ၂၂ ရက်တွင် လည်းကောင်း၊ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသကို ၂၀၁၉ ဇူလိုင် ၆ ရက်တွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခြင်း ခံရပြီးဖြစ်သည်။
နယ်မြေဒေသ တည်ငြိမ်အေးချမ်းပါက မြောက်ဦးဒေသသည် မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့အမွေအနှစ် စာရင်း ဝင် ဖြစ်လာမည့် အလားအလာကောင်းများ ရှိနေကြောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ပညာ ရှင်များက ဆိုသည်။
“ကျမတို့မှာ UNESCO ရဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပိုင်ဆိုင် ထားတာ ဖြစ်တယ်။ အေး ချမ်းတည်ငြိမ်ပြီးသား ဆိုရင်တော့ဖြင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ဒေါ်ခင် သန်း က ပြောသည်။
You may also like these stories:
မြောက်ဦး လေးမျက်နှာ ပုထိုးတော်ရှိ ဆင်းတုတော်များ ဖျက်ဆီးခံရ
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အစည်းအဝေး အဓိကရုဏ်းကြောင့် ရွှေ့ဆိုင်း
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ဆက်လက်ဆောင်ရွက်မည်