ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)မှ တပ်ရင်းမှူးတဦး ဖြစ်သည့် ဒု ဗိုလ်မှူးကြီး စောဝေ့ထူးအား ပစ်ခတ်သတ်ဖြတ်သွားသူကို ယနေ့ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း DKBA ၏ ကော့ကရိတ်မြို့ဆက်ဆံရေးရုံး ဌာနမှူး ဗိုလ်မှူးကြီး စောကျော်သန်းဌေးက ဧရာဝတီသို့ ပြောသည်။
ဒု ဗိုလ်မှူးကြီး စောဝေ့ထူးသည် ကရင်ပြည်နယ် ဒေါနတောင်ဘက်တွင် လှုပ်ရှားလျက်ရှိသော DKBA ၏ အမှတ် ၉၀၉ တပ် ရင်းမှ တပ်ရင်းမှူး တဦး ဖြစ်ပြီး ကော့ကရိတ်မြို့ အမှတ် ၁ ရပ်ကွက် ချောင်းတောင်ကွက်သစ်၂ လမ်းရှိ ၎င်း၏ နေအိမ်တွင် မိသားစုနှင့် စကားပြောနေစဉ် အောက်တိုဘာလ ၅ ရက် ည ၇ နာရီ၌ အမည်မသိ သေနတ်သမားတဦးက ပစ်ခတ်သတ် ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး စောကျော်သန်းဌေးက “အိမ်မှာ မိသားစုနဲ့ စကားပြောနေတဲ့ အချိန်၊ ထမင်း စားသောက်နေတဲ့ အချိန်ပေါ့။ အဲဒီ မှာ အလစ်အငိုက် ဝင်ပြီး ပစ်သတ်သွားတာ။ ပစ်တာကတော့ AK-47 နဲ့ပါ။ ပစ်ခတ်သူကို အခုထိတော့ မမိသေးဘူး၊ စုံစမ်း စစ်ဆေးတုန်းပဲ။ ကိုယ့်အဖွဲ့တွေက ဌာနဆိုင်တွေနဲ့လည်း ချိတ်ဆက် ပူးပေါင်းပြီး လုပ်နေပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။
ဒု ဗိုလ်မှူးကြီး စောဝေ့ထူး သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ DKBA မှ အရာရှိများသည် ဌာနဆိုင်ရာ ရဲ၊ နယ်ခြား စောင့် တပ်(BGF)၊ တပ်မတော်တို့နှင့် ပူးပေါင်းပြီး တရားခံကို လိုက်လံရှာဖွေ ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေပြီး ယနေ့ထိတိုင် မမိသေး ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ် ဒေသခံ တချို့ကတော့ DKBA အဖွဲ့အစည်း အတွင်း စီးပွားရေးဆိုင်ရာ လုပ်ကိုင်ခွင့်များနှင့် ပတ် သက်ပြီး အထက်အရာရှိများကြား အငြင်းပွားမှုများ ရှိနေသလို အောက်ခြေ တပ်ဖွဲ့ဝင်များနှင့် အထက်အရာရှိများကြား မှာလည်း မကျေလည်မှု တချို့ရှိနေကြောင်း၊ ထိုအခြေအနေများဖြင့် ဆက်စပ်မှုများ ရှိနေနိုင်ကြောင်း ပြောဆိုကြသည်။
ကော့ကရိတ်မြို့နယ် ဒေသခံတဦးက “ကျနော်တို့ ကြားတာကတော့ အထက်အရာရှိတွေမှာ သူ့အုပ်စုနဲ့ သူဖြစ်နေကြတယ် တဲ့။ တပ်ရင်းမှူးတွေကလည်း သူ့လှုပ်ရှားခွင်မှာ သူ့ဘာသာ စီးပွားရေး လုပ်ပြီး ငွေရှာနေတယ်။ အဲဒီမှာ အရာရှိပိုင်းတွေ မကျေလည်တာတွေ ဖြစ်တယ်လို့ ကြားတယ်။ နောက်ပြီးတော့ အကျိုးအမြတ်ကို အရာရှိတွေက သူတို့ပဲယူပြီး အောက် ခြေကို ပြန်ခွဲဝေပေးမှု အလွန်နည်းနေလို့ အောက်ခြေ ရဲဘော်တွေကလည်း မကျေနပ်မှုတွေ ဖြစ်နေတယ် ဆိုပြီးတော့ အသံ တွေ ထွက်ပါတယ်။ အဲဒါတွေနဲ့ ချိတ်ဆက်နိုင်လားတော့ မသိဘူးဗျ” ဟု ဆိုသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး DKBA မှ ကော့ကရိတ်မြို့ဆက်ဆံရေးရုံး ဌာနမှူး ဗိုလ်မှူးကြီး စောကျော်သန်းဌေးက ငြင်းဆိုထားပြီး မိမိတို့ အဖွဲ့အစည်းအတွင်း လုပ်ငန်းများကို ကျစ်ကျစ်လစ်လစ် ဆောင်ရွက်လျက် ရှိကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “ကျနော်တို့ အဖွဲ့ထဲမှာ အဲဒီလို မရှိပါဘူး။ တခြားလူတွေ ပြောနေသလို မဟုတ်ပါဘူး။ တရားခံမိမှ ကျနော်တို့ အသေးစိတ် ချပြလို့ရမယ့် အနေအထားပေါ့။ သုံးသပ်တဲ့ အနေအထားကတော့ လူမှုရေးလား၊ ပုဂ္ဂိုလ်ရေးလား၊ အဖွဲ့အစည်း အရေးလား၊ ဘယ်လိုမျိုးလဲဆိုတာ ကျနော်တို့လည်း အခုထိ စုံစမ်းတုန်းပါပဲ။ ဒေသရဲ့ အခြေအနေကတော့ အဖွဲ့အစည်း တော်တော် ရှိတာပဲ” ဟု ဆိုသည်။
ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးကတော့ ဒု ဗိုလ်မှူးကြီး စောဝေ့ထူး သတ် ဖြတ်ခံရမှုမှာ ပုဂ္ဂိုလ်ရေး အရ ဖြစ်နိုင်သကဲ့သို့ တဖွဲ့တည်းကလည်း ဖြစ်နိုင်ကြောင်း ဆိုသည်။
“ကျနော့်အထင်တော့ တခါတလေတော့လည်း ဒီမှာ အချင်းချင်း တယောက်နဲ့တယောက် အငြင်းအခုံ ဒီလိုမျိုးလည်း ဖြစ် နိုင်တယ်လေ။ အထက်နဲ့ အောက် အဆင်မပြေလို့ ဖြစ်တယ်ဆိုတာတော့ မသိ ဘူးဗျ။ အဖွဲ့အစည်း အများစုတော့ ဒီမှာ လှုပ်ရှားနေတာ ရှိတယ်။သူတို့ ပုဂ္ဂိုလ်ရေးအရလည်း ဖြစ်နိုင်တယ်။ တဖွဲ့နဲ့တဖွဲ့က ဒီမှာ သူတို့က သူငယ်ချင်းတွေပါပဲ၊ မိတ်ဆွေတွေလိုပါပဲ၊ အခု အပြင်ဘက်က ဝင်ပစ်တာ ဆိုတော့ မိတ်ဆွေတဦးကလား ပေါ့လေ။ အတိအကျတော့ ကျနော် လည်း မပြောနိုင်ဘူး။ အခု သူတို့ ရဲနဲ့ပေါင်း စုံစမ်းနေကြပါတယ်” ဟု ၎င်းက ပြောသည်။
ဒု ဗိုလ်မှူးကြီး စောဝေ့ထူး ပစ်ခတ် သတ်ဖြတ်ခံရသည့် အချိန်က ၎င်း၏ အိမ်အနီးနားမှာ လုံခြုံရေး ဆောင်ရွက်နေမှုများရှိ ကြောင်း၊ ထိုသို့ လုံခြုံရေးရှိသည့်ကြားက ပစ်ခတ် သတ်ဖြတ်ခံရခြင်းက မေးခွန်းထုတ်စရာများ ဖြစ်နေကြောင်း ဒေသခံ တချို့က ဆိုကြသည်။
ဗိုလ်မှူးကြီး စောကျော်သန်းဌေးက “လုံခြုံရေးတော့ ရှိပါတယ်။ ဒါက အလစ်အငိုက်ဆိုတော့ အားလုံးက အဆင်အသင့် မဖြစ်ဘူး ဖြစ်သွားတာပေါ့။ အဖွဲ့အစည်းအတွင်းကပဲ လုပ်တာလားဆိုတာတော့ တရားခံမိမှပဲ ကျနော်တို့ အဲဒါကို အပြည့် အစုံ ချပြဖို့ ရှိတယ်” ဟု ပြောသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း BGF၊ DKBA နှင့် တခြား ကရင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားလျက် ရှိ ကြောင်း ဒေသခံများက ဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက “ကျနော့် အမြင်အရတော့ တကယ်လို့ ဆွေးနွေးခွင့်ရမယ်ဆိုရင် သူတို့ကို နယ်မြေ သီးသန့် ပေးပြီးတော့မှ သူတို့ တပ်ရင်း တပ်ဖွဲ့တွေ မြို့ပေါ်တွေမှာ မနေဘဲနဲ့ သီးခြားနေရာ သတ်မှတ်ပြီးတော့ ပေးမယ်ဆိုရင် မြို့လူထု အတွက် စိုးရိမ်မှုတွေ မရှိတော့ဘူးပေါ့” ဟု ပြောသည်။
DKBA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ လ ၁၅ ရက်က တခြားသော လက်နက်ကိုင် ၇ ဖွဲ့နှင့် အတူတူ လက်မှတ်ရေးထိုးထားသော ကရင်လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်သည်။
အဆိုပါ NCA လက်မှတ်ထိုးပြီးနောက် DKBA အဖွဲ့မှနေ စောကျော်သက်နှင့် စောဆန်းအောင်တို့ ဦးဆောင်၍ တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ဟူ၍ ခွဲထွက်သွားသူများ ရှိကြရာ ထို DKBA ခွဲထွက်အဖွဲ့တွင် သေဆုံးသူ ဒုဗိုလ်မှူးကြီး စောဝေ့ထူးလည်း ပါဝင်ခဲ့ကြောင်း၊ ထို့နောက် မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ် အနီး ၂၀၁၅ ခုနှစ်က DKBA ခွဲထွက် အဖွဲ့နှင့် တပ်မတော်- BGF ပူးပေါင်းတို့ တိုက်ပွဲများ ဖြစ်ပွားပြီး နောက်ပိုင်း စောကျော်သက်တို့ ဆုတ်သွားသည့် အခါမှ DKBA နှင့် ပြန်လည် ပေါင်းစည်းခဲ့သူ ဖြစ်ကြောင်းDKBA နှင့် နီးစပ်သူများထံက သိရသည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး DKBA -ခွဲထွက်အဖွဲ့မှ တာဝန်ရှိသူများကို ဧရာဝတီက ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။
You may also like these stories:
ဘုရားသုံးဆူမှာ လာတပ်စွဲတဲ့ DKBA ခွဲထွက်အဖွဲ့ကို မွန်ပြည်သစ်က တိုက်
DKBA ခွဲထွက်အဖွဲ့က လူအင်အား ၃၀ ကျော် BGF နှင့် ပူးပေါင်း
တပ်မတော်-BGF ပူးပေါင်းအဖွဲ့နှင့် ခွဲထွက် DKBA တို့ တိုက်ပွဲဖြစ်
ကော့ကရိတ်တွင် BGF နှင့် DKBA တိုက်ပွဲဖြစ်