သတင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် “မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့” ရန်ကုန်မြို့ တွင် လက်ခံရယူ

Want create site? Find Free WordPress Themes and plugins.

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီး (YMBA) က ချီးမြှင့်သည့် “မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့”ကို ယနေ့ ရန်ကုန်မြို့တွင် လက်ခံရယူသည်။

“YMBA အသင်းကြီးက ချီးမြင့်တဲ့ ဘွဲ့နာမည်က မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့ ဖြစ်ပါတယ်။ အဲဒါထက် ပိုအရေးကြီးတာက YMBA အ သင်းကြီးရဲ့ ရာသက်ပန် နာယကကြီးအဖြစ်ပါ ဂုဏ်ပြုခံရတဲ့အတွက် ရာသက်ပန် နာယကကြီး ဖြစ်သွားပြီ”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ စစ်မှုထမ်း အတွေ့အကြုံ၊ တိုင်းနှင့် ပြည်နယ်များတွင် အုပ်ချုပ်ရေး၊ ကာကွယ်ရေး အတွေ့ အကြုံများစွာ ရှိခဲ့သည့် လူတယောက်ကို ရာသက်ပန် နာယကအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ခြင်းကြောင့် တပ်ချုပ် အနေဖြင့် တိုင်းပြည် ကောင်းရာ ကောင်းကျိုးများ ပိုမိုဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ယခုလို ဘွဲ့ ပေးရခြင်းမှာ အမျိုးဘာသာနှင့် သာသနာကို စောင့်ရှောက်သော ပုဂ္ဂိုလ်ဖြစ်ခြင်း၊ တိုင်းပြည် ငြိမ်းချမ်းရေး ကိစ္စများကို တစိုက်မတ်မတ် ဆောင်ရွက်နေခြင်း၊ ဗုဒ္ဓသာသနာနှင့် ပတ် သက်သော သာသနာရေးဆိုင်ရာ ကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေခြင်းတို့ကြောင့် ဖြစ်ကြောင်း အထက်ပါအသင်း၏ တပ်မတော်သို့ ပေးပို့ထားသည့် စာအရ သိရသည်။

အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားလာအောင် မြန်မာ့ တပ်မတော်ကို ခေတ်မီ တပ်မတော်ကြီးတခု ဖြစ်ပေါ်လာအောင် စွမ်းစွမ်းတမံ ဆောင်ရွက်နေခြင်း၊ မြန်မာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက် ကာကွယ်ပေးနေသော ပုဂ္ဂိုလ်တဦး ဖြစ်ခြင်း၊ ဘာသာလူမျိုး မခွဲခြားဘဲ လူသားချင်း စာနာစွာ ခေါင်းဆောင်ကောင်း စိတ်ဓါတ် အပြည့်အဝ ရှိခြင်းတို့ကိုလည်း ဖော်ပြထားသည်။

YMBA အသင်းကြီးက စတင်တည်ထောင်စဉ်က လွတ်လပ်ရေးနဲ့ အမျိုးသားရေးအတွက် စတင်လှုပ်ရှားခဲ့သော်လည်း လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် အမျိုးဘာသာ သာသနာအတွက် ရပ်တည်ခဲ့ပြီးနောက် ယခုအခါ လူငယ်များ အသိအလိမ္မာ၊ ပညာများ ရရှိ အောင် လှုပ်ရှား ဆောင်ရွက်နေသည့် သက်တမ်း ၁၁၃ နှစ်ရှိ အသင်းကြီးတခု ဖြစ်သည်။

တပ်ချုပ်သည် ယခုဘွဲ့ တံဆိပ် မရရှိမီ ယခုနှစ်အတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မတူညီသည့် ဘာသာရေး အသိုင်းအဝိုင်း အသီးသီးဆီသို့ သွားရောက်ပြီး လှူဒါန်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သေးသည်။

ဗိုလ်ချုပ်မှူးကြီး၏ ဘာသာရေးကျောင်းများသို့ လိုက်လံ လှူဒါန်းမှုများသည် နိုင်ငံတကာ ဖိအားများကြောင့် ဖြစ်ကြောင်း ဝေဖန်မှု များ ရှိသော်လည်း တပ်မတော်ဘက်က ယင်းသို့ သက်ဆိုင်မှု မရှိကြောင်း ငြင်းဆိုထားသည်။

ဘာသာရေး အကြောင်းပြကာ နိုင်ငံရေး မတည်ငြိမ်မှုများ၊ ပဋိပက္ခများ စသည့် မလိုလားအပ်သည်များ မဖြစ်စေလိုကြောင်း၊ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် စည်းလုံးညီညွတ်စွာ အတူတကွ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ လှူဒါန်းမှု ခရီးစဉ်များတွင် တောက်လျှောက် ပြောဆိုခဲ့သည်။

ထို့ပြင် တပ်မတော်အနေဖြင့် တိုင်းရင်းသားများအပေါ် ဘာသာရေးအရ ဖိနှိပ်မှုများရှိကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာခလွမ်ဆမ်ဆွန်က ဇူလိုင် ၁၈ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူ တော်တွင် တွေ့ ဆုံစဉ် ပြောကြားခဲ့ရာ ယင်းအတွက်ကြောင့်ပင် တပ်မတော်၏ တရားစွဲဆိုခံခဲ့ရသော်လည်း နောက်ပိုင်းတွင် တပ်မတော်က အမှု ရုပ်သိမ်းကာ ဒေါက်တာ ခလွမ်ဆမ်ဆွန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တွေ့ဆုံခဲ့သည်။

“ပြည်တွင်းမှာ စည်းလုံးညီညွှတ်မှုရအောင် ဘယ်လိုပဲ တည်ဆောက်ဆောက် နိုင်ငံတကာကတော့ နားလည်မှာ မဟုတ်ဘူး။ ဒီလို ကိစ္စတွေကြောင့် နိုင်ငံတကာရဲ့ အမြင်ကတော့ ထူးထူးခြားခြား ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ICC ကိစ္စ ဖြစ်ကတည်းက မြန်မာ ဘက်က အမှန်တရားတွေနဲ့ သက်သေ အထောက်အထားတွေ ဘယ်လိုပဲပြပြ သူတို့စိတ်ထဲမှာ သူတို့ လက်ခံထားတာနဲ့ မကိုက် ဘူးဆိုရင် လက်ခံမှာ မဟုတ်ဘူး”ဟု သေနင်္ဂ အင်စတီကျူမှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မှုများတွင် တာဝန်ရှိသည်ဟုဆိုကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနှင့် ဗိုလ်မှူးချုပ် အောင်အောင်တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်စလင်များအပေါ် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ရာတွင် တာဝန်ရှိသူများအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လက ကြေညာခဲ့သည်။

မြန်မာ အစိုးရ သမ္မတရုံးကမူ တပ်မတော် အကြီးအကဲများကို ယခုလို ပိတ်ဆို့ အရေးယူမှုသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အထောက်အကူ မပြုသည့်အပြင် လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ပြဿနာ၊ စိန် ခေါ်မှုများကို ပိုပြီး ခက်ခဲစေလိ့မ်မည်ဟု ထုတ်ပြန် ပြောဆိုခဲ့သည်။

အမေရိကန် အောက်လွှတ်တော်အမတ်များ ပါဝင်သော နိုင်ငံခြား ဆက်ဆံရေးကော်မတီက Burma United Through Rigorous Military Accountability (BURMA) Act ဥပဒေ မူကြမ်းတရပ် ရေးဆွဲပြီး မြန်မာတပ်မတော်ကို အရေးယူရန် ပြီးခဲ့သည့် ဇွန်လက အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ပြီး ဖြစ်သည်။

ယင်းဥပဒေကြမ်းအရ မြန်မာတပ်မတော်သို့ အမေရိကန် စစ်ဘက် အကူအညီများ တိုးချဲ့မှုကို ပြုပြင် ပြောင်းလဲသည် အထိ ရပ်ဆိုင်း ထားရန်၊ မြန်မာ စစ်ဘက် ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ကန့်သတ်ခြင်း၊ ဘဏ္ဍာရေး ကန့်သတ်ခြင်းတို့ ပြုလုပ်ရန်နှင့် စစ်ရာဇဝတ် မှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။

တပ်မတော်အပေါ် အရေးယူရန် ကြိုးပမ်းမှုအပြင် ရခိုင်ပြည်နယ်တွင် မွတ်စလင်များအပေါ် ကျူးလွန်သည်ဟု စွပ်စွဲခံထားရသော ရာဇဝတ်မှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ ခုံရုံး (ICC)၏ ကြိုးပမ်းမှုများကလည်း ရှိနေသည်။

မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း တချို့သော ရာဇဝတ်မှုများမှာ နယ်စပ်ဖြတ်ကျော်သည့် သဘော သဘာဝရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင်ဖြစ်သောကြောင့် စီရင်ခွင့်ရှိသည်ဟု ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက ICC က ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

You may also like these stories:

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်မှာလား

နိုင်ငံရေး စွမ်းရည်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြသနိုင်သည်

Did you find apk for android? You can find new Free Android Games and apps.
Loading