မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက “အစိုးရ အလိုမရှိ” ဟု ရေးထားသည့် စာရွက်များ၊ စတစ်ကာများ ကြဲချဖြန့်ဝေမှုဖြစ်ခဲ့ရာ ထိုသူများအား ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက စုံစမ်းနေကြောင်း ခရိုင်ရဲတပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီကျော်အချိန်က မဟာအောင်မြေမြို့နယ်၊ ဒေဝန်းအရှေ့ရပ်ကွက်၊ ၈၆လမ်း၊ ၃၈လမ်းမှ ၈၇လမ်း၊ ၈၈လမ်း စိန်ပန်းရပ်၊ မစိုးရိမ်တိုက်သစ်ရှေ့အထိ လမ်းတလျှောက်ထိ အစိုးရ အလိုမရှိ စာသားပါ စတစ်ကာ စာရွက် အရွက်ရေ ၁၀၀ ကျော် ကြဲချခဲ့ခြင်း ဖြစ်ကြောင်း စိန်ပန်းရပ်မှရာအိမ်မှုးတဦးကပြောသည်။
အစိုးရအလိုမရှိကြောင်း စာသားများပါ စာရွက်များကို လူစည်ကားရာ လမ်းများပေါ်တွင် လိုက်လံကြဲချသွားသူများမှာ မည်သူမည်ဝါဟုမသိရှိရသော်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံဖိနှိပ်ချုပ်ချယ်မှုလွတ်မြောက်ရေး ပြည်သူ့ တပ် ပေါင်း စု အမည်နှင့် တံဆိပ်တပ်ထားကြောင်း သိရသည်ဟုဆိုသည်။
“လိုက်လံကြဲချခဲ့သူတွေကို ရှာနေကြပါတယ်၊CCTV တွေကိုလည်း စစ်နေပါတယ်၊ ဘယ်သူဘယ်ဝါ မသိရသေးပါဘူး၊ အခုထိ ရှာဖွေနေပြီး လတ်တလောအထိ ဖမ်းဆီးရမိမှု မရှိသေးပါဘူး”ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်တဦးက ပြောသည်။
ရေးထားသည့် စာသားများမှာ အပြောနဲ့အလုပ်ထပ်တူမကျ ကတိမတည်သည့်အစိုးရ အလိုမရှိ၊ စီမံခန့်ခွဲမှု မကျွမ်းကျင် သူများအား နေရာပေးသည့်အစိုးရ အလိုမရှိ၊ တိုင်းရင်းသားအရေး လျစ်လျူရှု၍ ကုလားအရေး ဦးစားပေးသည့်အစိုးရ အလိုမရှိ၊ တိုင်းပြည်၏ ဘက်စုံကဏ္ဍစုံများမှာ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ဘတ်ဂျက်မလောက် အခွန်တိုးကောက်သည့် အစိုးရ အလိုမရှိ၊ဝန်ကြီးနှုတ်ထွက် အမတ်ဝန်ခံ ဝန်ထမ်းထောင်ကျ အဂတိလိုက်စားသည့် အစိုးရ အလိုမရှိ စသည့်တို့ ဖြစ်သည်။
စာရွက်များ ကြဲချထားသည်ကို မဟာအောင်မြေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်တဦးက တွေ့ရှိပြီး အမှတ်၇ နယ်မြေရဲစခန်းသို့သွားရောက်၍ သတင်းပေးပို့ခဲ့ခြင်းဟု သိရသည်။
ထိုသို့ ဖြန့်ကြဲသွားသည့် စာရွက်များကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုက်လံသိမ်းဆည်းခဲ့ပြီး စာရွက်
ဖြန့်ကြဲသူများကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဆောင်ရွက်နေသည်ဟု မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
အဆိုပါ စတစ်ကာပုံစံ စာရွက်များကို စတစ်ကာများ၊ စာရွက်များကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့နှင့် ဩဂုတ်လ ၃ ရက်နေ့တို့ကလည်း မန္တလေးမြို့ပေါ်ရှိ ဓာတ်တိုင်များတွင် ကပ်ခြင်း၊ ကြဲချခြင်းတို့ လုပ်ဆောင်ခဲ့သေးသည်။
ဩဂုတ်လ ၃ ရက်နေ့က ညပိုင်းကလည်း မျက်နှာတွင် Mask(နှာခေါင်းစည်း) အုပ်ထားသည့် ဆိုင်ကယ်ဖြင့် လူနှစ်ဦးက ချမ်းမြသာစည် မြို့နယ် မနော်ဟရီလမ်း ၊ ၅၇ လမ်း နှင့် ၅၈ လမ်းကြား အပါအဝင် မန္တလေးမြို့နေရာ အတော်များများတွင် ကပ်ခဲ့သော်လည်း ယနေ့အချိန် ဖမ်းဆီးရမိခြင်း မရှိသေးပေ။
ယခုအကြိမ်မှာ တတိယအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံဖိနှိပ်ချုပ်ချယ်မှုလွတ်မြောက်ရေး ပြည်သူ့ တပ်ပေါင်းစုမှာ မည်ကဲ့သို့သောအဖွဲ့အစည်းဆိုသည်ကို သက်ဆိုင်ရာက ယနေ့အချိန်ထိ အတည်မပြုနိုင်သေးဟု သိရသည်။
You may also like these stories:
မန္တလေးတွင် ဘုန်းကြီးကျောင်းများကို ခုတုံးလုပ် စီးပွားရှာသူများအား ရှင်းလင်းနေ
မန္တလေး ဆု ကိုယ်ပိုင်ကျောင်း ပြဿနာ နှစ်ဖက်ပြေလည်မှု ရရှိ
ရာဇဝတ်မှုနဲ့ ကိုယ်ချင်းမစာနာမှုက မန္တလေးရဲ့ ပုံရိပ်လား