ရန်ကုန်တိုင်း ဒေသကြီး အစိုးရ မြေယာစီမံခန့်ခွဲမှု ကော်မတီမှ ရောင်းချသည့် မြေကွက် ၅၀၀ ကျော်ကို ဝယ်ယူမည့်သူများ အတွက် အပြည့်အ၀ အာမခံချက်ပေးမည်ဟု တိုင်းအစိုးရမှ ဖွဲ့စည်းပေးထားသော မြေယာ ရောင်းချရေး အဖွဲ့ဝင် ဖြစ်သူ ဦးသန်းက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC) ၏ တွဲဖက်အတွင်းရေးမှူး ဦးသန်းက “တဦးတယောက်တည်း ရောင်းတာ မဟုတ်ပါဘူး။ အစိုးရ အဖွဲ့အစည်း အနေနဲ့ ရောင်းတာဖြစ်တဲ့ အတွက် မြေက ခိုင်တယ်။ အစိုးရ စီမံခန့်ခွဲနိုင် သော မြေကို ကျနော်တို့က ရောင်းတာဖြစ်တဲ့အတွက် အပြည့်အ၀ အာမခံချက် ရှိပါတယ်” ဟု ယနေ့ YCDC ရုံး၌ ပြုလုပ် သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။
ယနေ့ (အောက်တိုဘာ ၇ ရက်)တွင် တိုင်းအစိုးရမှ မြေများ စတင်ရောင်းချပေးနေပြီ ဖြစ်ကာ ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံး၌ လျှောက်လွှာ ၁ စောင်လျှင် ငွေကျပ် ၁ သောင်းဖြင့် ဝယ်ယူမည့်သူ၏ မှတ်ပုံတင် မူရင်း၊ မိတ္တူ ပြသ၍ လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။
နေစရာမြေ မရှိသူများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် မြေနေရာ အခက်အခဲရှိသူများကို တိုင်းအစိုးရမှ မြေများ ရောင်းချပေးခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက် နောက်ဆုံးထား လျှောက်လွှာများ တင်သွင်းရမည် ဖြစ်ကြောင်း အောက် တိုဘာ ၂ ရက်နေ့က နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ထားသည်။
မြေရောင်းချမည့် ကြမ်းခင်းဈေး အနေဖြင့် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး မြေစိစစ်ရေး အဖွဲ့မှ သတ်မှတ်ထားသော မြို့နယ်အလိုက် ၁ စတုရန်းပေ သတ်မှတ်နှုန်းထား အတိုင်း အကြမ်းဖျင်း အခြေခံ ထားသော်လည်း မြေဝယ်ယူလိုသူက လျှောက်လွှာတွင် မိမိအဆိုပြုလိုသော ဈေးနှုန်း အဆိုပြုချက် ပါသည့်အတွက် ဈေးနှုန်းကို အတိအကျပြောဆို၍ မရသေးကြောင်း ဦးသန်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက“လျှောက်လွှာနဲ့အတူ နောက်မှာ ပူးတွဲထားတဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။ မြေကွက်ပေါင်း ၅၃၀ ၊ ၅၀၀ ကျော်လောက်ကို ကျနော်တို့ ရွေးချယ်ထားတာ ရှိပါတယ်။ ဒီမြေများသည် မြေကွက်အသစ်တွေ ဖော်ထုတ်ထားတဲ့ မြေမဟုတ်ပါဘူး” ဟု ပြောသည်။
ယင်းမြေများသည် ယခင် အစိုးရ လက်ထက်က ဒဂုံ လေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာ မြို့နယ်များမှ မြို့ပြ စီမံကိန်း မြေ အဖြစ် သတ်မှတ်ထားသော်လည်း ယနေ့အထိ အကောင်ထည်ဖော်နိုင်ခြင်း မရှိဘဲ ကျန်ရှိနေသောမြေ များကို ယခု အစိုးရက ရောင်းချခြင်း ဖြစ်ကြောင်း ဦးသန်းက ဆိုသည်။
ယနေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် မြေကွက်များ စတင် ရောင်းချရာ လာရောက်၍ လျှောက်လွှာ ဝယ်ယူသူ ၂ ထောင်ကျော် ရှိခဲ့ကြောင်း သိရသည်။
တောင်ဒဂုံ လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက “လျှောက်လွှာလာတင်တာက ဘာနဲ့ သွားတူလဲ ဆိုတော့ အရင်က တိုက်ခန်းတွေ ဘာတွေ မဲဖောက်မယ်၊ လျှောက်မယ်ဆိုရင် အကုန်လုံး လာလျှောက်ကြတယ်။ ပြီးတဲ့အခါမှ လက်ဝေခံ ပြန်ရောင်းတယ်။ ဒါမျိုး ဖြစ်သွားမှာကို ကျနော် စိုးရိမ်တယ်။ တကယ် မရှိတဲ့သူကို အခြေခံပြီး ရောင်းတာမျိုး၊ ပြီးတော့ လုပ်ငန်းရှင်ဆိုလည်း လုပ်ငန်း တကယ်ရှိမယ်၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ မှတ်ပုံတင်၊ လိုင်စင် ပြသနိုင်မယ်၊ တကယ် လိုအပ်တာလည်း ဖြစ်ရမယ်။ ဒီလိုမျိုးကို သေချာ ကြပ်မတ်ပြီး စနစ်တကျရောင်း ပေးနိုင်မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင် ရောက်မှာလို့ ပြောချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ သွားကြည့်တဲ့အခါ အခုချိန်ထိကို (ညနေ ၆ နာရီကျော်) လျှောက်လွှာဝယ်တဲ့လူက မရှင်းသေးဘူး။ အပြည့် ဖြစ်နေတယ်။ ဒါကြောင့် ဒါကို ပြန်လည် စိစစ်ကြပ်မတ်ဖို့ လိုလိမ့်မယ်လို့ ထင်တယ်ဗျ” ဟု ၎င်းက ဆိုသည်။
တိုင်းအစိုးရသည် ယခုတကြိမ် ရောင်းချခြင်းမှာ ပထမ အကြိမ် ဖြစ်ပြီး ဒုတိယအကြိမ်အနေဖြင့် မြောင်းတကာ စက်မှုဇုန်ရှိ မြေကွက် ၁၈၇ ကွက်ကို ရောင်းချမည်ဖြစ်ပြီး၊ တတိယအကြိမ်တွင် ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့ပိုင်းရှိ စိုက်ပျိုးရေးဇုန် အဖြစ် ယခင် အစိုးရ လက်ထက်က သိမ်းထားသော မြေများကို ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေများမှာ အစိုးရမှ စီမံခန့်ခွဲနိုင်သော မြေများဖြစ်သည့် အတွက် သိမ်းဆည်းမြေ ၁ ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်းနှင့် ရန်ကုန်မြို့ပြင်ပရှိ မြို့နယ်များ အတွက် ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၁၀၀ အထိ ခွဲခြား သတ်မှတ်၍ မြေယာ လျှော် ကြေးပေးလျက် ရှိသည်ဟု တိုင်းအစိုးရက သိရသည်။
ရန်ကုန်တိုင်းအတွင်း ပြီးခဲ့သည့် စက်တင်ဘာလ၂၈ ရက်က လယ်ယာမြေ အမှုတွဲ ၄၄ မှုကို ၁ ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်းနှင့် မြေယာလျှော် ကြေးငွေ ကျပ် ၆ ဒသမ ၉ ဘီလီယံ ပေးအပ်ထားပြီး လက်ရှိတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ပြန်လည် စိစစ်ရေး ကော်မရှင်တို့မှ စိစစ်ထားတဲ့ အမှုတွဲပေါင်း ၃၀ ကျော် ရှိကြောင်း မြေယာ စိစစ်ရေး ကော် မတီက ပြောဆိုထားသည်။
ထပ်မံ၍လည်း ယခု၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြေယာလျှော်ကြေးငွေ ၃၁ ဘီလီယံ ပေးလျှော်ရန် လျာထားသော ကြောင့် ကျန်ရှိနေသော မြေကွက်များကို ပြန်လည် ရောင်းချခြင်း ဖြစ်ကြောင်း ဦးသန်းက ဆိုသည်။
ဆက်စပ်ဖတ်ရှု့ရန်
ရန်ကုန်တိုင်း အစိုးရက မြေများ ရောင်းချပေးမည်