ရန်ကုန်စည်ပင်ကော်မတီဝင်၊ မြို့နယ် ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအတွက် အပါအဝင် ရန်ကုန်စည်ပင်တွင် လိုအပ်သည့် မော်တော်ယာဉ်များ အစိုးရ ဘတ်ဂျက်ဖြင့် ဝယ်ယူမည့် အစီအစဉ်ကို ဝေဖန်နေခြင်းနှင့် ပတ်သက်၍ ကိုယ့်ကားကိုယ်စီးပြီး အစိုးရဝန်ထမ်း လာ လုပ်နေရခြင်းမှာ သဘာဝမကျဟု ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက တုံ့ပြန်ပြောသည်။
ရန်ကုန် မြို့တော်ဝန်က “ကိုယ့်ကားကိုယ် စီးပြီး အစိုးရ အလုပ်ကို လာလုပ်နေသလိုဖြစ်တာ သိပ်သဘာဝ မကျဘူး။ သူ့ဝန် ထမ်းနဲ့ သူ့လိုအပ်ချက်နဲ့ ပေးထားတဲ့ ကားရှိတာ အကောင်းဆုံးပဲ။ နို့မို့ဆိုရင် မသမာမှု ဖြစ်လာနိုင်တယ်။ ပိုယူတာ မဟုတ် ဘူး။ ရသင့် ရထိုက်လို့” ဟု ဆိုသည်။
ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက အောက်တိုဘာလ ၇ ရက်က မြို့တော်ခန်းမတွင် ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) နှင့် သတင်း မီဒီယာများနှင့် တွေ့ဆုံပွဲ၌ အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ် သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ရွေးကောက်ခံမြို့နယ် ဥက္ကဋ္ဌ ၃၃ ဦး အတွက် စီးရန် ကား ၃၃ စီး၊ အဖွဲ့ဝင်၂ ဦး အတွက်၂ စီး၊ ရွေးချယ်ခံ ကော်မတီဝင် ၆ ဦး အတွက် ၆ စီး၊ လုပ်ငန်း တာဝန်ခံ အဖွဲ့ ၇ ဖွဲ့၏ အတွင်းရေး မှူးများ အသုံးပြုရန် ၇ စီး၊ အုပ်ချုပ်မှု လုပ်ငန်းစဉ်ရှိ ညွှန်ကြားရေးမှူးအထက် လုပ်ငန်းသုံးစွဲရန် ၁၅ စီး၊ ဧည့်ကြိုနှင့် လုပ် ငန်းစဉ် လမ်းကြောင်း အတွက် ၁ စီး၊ ဝန်ထမ်းများကို အခမ်းအနားများတွင် ကြိုပို့ရန် ၃ စီး၊ လုပ်ငန်းသုံးရန် ၁၃ စီး စသည် တို့ အပါအဝင် အစီးရေ ၈၀ ဝယ်ယူမည် ဖြစ်သည်။
အဆိုပါ ယာဉ်များ ဝယ်ယူရန်အတွက် ဘဏ္ဍာငွေကို တိုင်းဒေသကြီး ဘဏ္ဍာငွေဖြင့် ဆောင်ရွက်မည်လည်း ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များက ရန်ကုန်တိုင်းစည်ပင်သည် ရရှိနေသည့် ဝင်ငွေနှင့်သုံး ငွေမှာညီမျှမှု မရှိသည့် အတွက် ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။
ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက“ရန်ကုန်မြို့တော် စည်ပင်ရဲ့ ရငွေနဲ့ သုံးငွေတွေက များနေတယ်။ ရငွေတွေကို ထိုက်ထိုက်တန်တန် ရှာနိုင်တယ်ဆိုရင်တော့ သူတို့ရဲ့ လုပ်ဆောင်ချက် ကောင်းတယ်ပေါ့။ အခုက ရသင့် ရထိုက်တာကိုလည်း မရှာနိုင်ဘူး။ နှစ်ရှည် မြေငှားရမ်းခတွေ ထင်သလောက်လည်း မရဘူး။ သုံးငွေက ပိုများနေတယ်။ သုံးတဲ့နေရာမှာလည်း ပြည်သူအတွက် မထိရောက်ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေက လမ်းတွေခင်းဖို့ လိုပါတယ် ပြော နေတယ်။ ပြည်သူ့အတွက် ဝန်ဆောင်မှု လုပ်စရာတွေ အများကြီး ရှိနေတယ်။ ဒါကို ဒီကြားထဲက ကားစီးမယ် ဆိုတာက ပြည်သူတွေရွေးချယ်တဲ့ ရွေးကောက် ကိုယ်စားလှယ်တွေ ကိုယ့်ကိုယ်ကိုယ် ရှက်ဖို့တောင် ကောင်းတယ်” ဟု ဆိုသည်။
ထို့ပြင် ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၎င်း၏ လူမှုကွန်ရက် စာမျက် နှာတွင် “မြို့နယ်စည်ပင်သာယာ ဥက္ကဋ္ဌတောင်မကဘူး အဖွ့ဲဝင်တွေကိုပါ ကားတစီးစီ ဝယ်ယူခွင့်ပေးတာ အံ့သြလို့ မဆုံးပါ ဘူး။ စည်ပင်သာယာဟာ ဝင်ငွေနဲ့ ထွက်ငွေ မညီမျှလို့ ပြည်သူ့ငွေစာရင်း ကော်မတီက ကန့်ကွက်ထားတာကို တောင် ဝယ် ယူလို့ရအောင် ဝယ်လိုက်ကြပါသေးတယ်” ဟု မှတ်ချက်ပြု ပြောဆိုထားသည်။
ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်တိုင်းအတွင်း ကောက်ခံရရှိသည့် ငွေများကို ကိုယ် တိုင် စီမံခန့်ခွဲ အသုံးပြုရပြီး ယခုနောက်ပိုင်းတွင် ကောက်ခံရရှိငွေများ အနက် ဝင်ငွေခွန်မှ နှစ်စဉ် ၁၀ ဘီလီယံ၊ အခွန် တံ ဆိပ်ခေါင်းမှ နှစ်စဉ် ၁၀ ဘီလီယံတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရသို့ ပြန်လည် လွှဲပြောင်းပေးနေရသည့် အတွက် လိုငွေပြ ဘတ်ဂျက် ဖြစ်နေရခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်း လမ်းအသုံးပြုခ ကောက်ခံရရှိမှု ဝင်ငွေ ရှိခဲ့သော်လည်း ၂၀၁၈ ဧပြီလနောက်ပိုင်းက စ၍ ကောက်ခံခြင်း မရှိတဲ့အတွက်ကြောင့် နှစ်စဉ် ရရှိသည့် လမ်းအသုံးပြုခငွေလည်း လျော့နည်းသွားသည့် အတွက် ကော်မတီအနေဖြင့် ရငွေ နည်းပါးသွားကာ လိုငွေပြဘတ်ဂျက်ဖြစ်ရခြင်းဖြစ်ကြောင်း သိရသည်။
မြို့တော်ဝန် ဦးမောင်မောင်စိုးက “ဘီလီယံနဲ့ချီပြီး လျော့သွားတဲ့အတွက်ကြောင့် ရငွေတွေ လျော့သွားတာ ဖြစ်တယ်။ ရငွေ လျော့သွားတာ ဖြစ်တဲ့အတွက်ကြောင့် လိုငွေပြ ဘတ်ဂျက် ဖြစ်တာ။ ပိုအသုံးပြုတဲ့ အတွက် လိုငွေပြ ဘတ်ဂျက်ဖြစ်တာ မဟုတ်ပါဘူး။ ဝင်ငွေဟာ လျော့သွားတဲ့ အတွက်ကြောင့် လိုငွေပြတာဖြစ်တယ် သုံးတဲ့ ပမာဏကို ကြည့်ရင်တောင် သုံးစွဲမှု ပမာဏဟာ အရင်နှစ်တွေထက်စာရင် ပိုတောင်မှ နည်းလာတယ်” ဟု ဆိုသည်။