စစ်ကိုင်းတိုင်း ဒေသကြီးတွင် အသုံးပြုမည့် အလံနှင့် အထိမ်းအမှတ်တံဆိပ်သစ်ကို လက်ရှိ ဘဏ္ဍာနှစ်အတွင်းမှာပင် စတင် အသုံးပြုနိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွ့ဲက သိရသည်။
တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီး ဒေါက်တာ ဇော်ဝင်းက “အသုံးပြုဖို့ကတော့ ဒီနှစ်ထဲမှာတော့ အသုံး ပြုသွား နိုင်မှာ ဖြစ်တယ်။ လက်ရှိ အခြေအနေကတော့ ပြည်ထောင်စု အဆင့်ကို တင်ပြထားတယ်။ အဲဒီ ဆုံးဖြတ်ချက်က မကြာခင် ကျလာမှာ ဖြစ်တယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ကိုယ်စားပြု အလံနှင့် အထိမ်းအမှတ် တံဆိပ်(လိုဂို)သစ် ပြောင်းလဲ အသုံးပြုနိုင်ရန် အတွက် တိုင်း ဒေသကြီး လွှတ်တော်တွင် မုံရွာမြိုနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က အဆို ၂ ကြိမ် တင်သွင်းခဲ့ရာ ပယ်ချ ခံခဲ့ရပြီး စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သော၂၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
မုံရွာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်က “လက်ရှိ သုံးနေတဲ့တံဆိပ်က ပါတီတခုရဲ့ တံ ဆိပ်နဲ့ ထပ်တူနီးပါး တူနေတာကြောင့် ပြောင်းလဲစေချင်တာပါ။ ပြီးခဲ့တဲ့၂၁ ကြိမ်မြောက် အစည်းအဝေးမှာ အစိုးရအဖွဲ့က နေ ယှဉ်ပြိုင်ထားတဲ့ လိုဂိုနဲ့ အလံတွေကို လွှတ်တော်တင်တော့ အတည်ပြု ပေးခဲ့တာပါ။ အခု ရွေးလိုက်တဲ့အလံနဲ့ တံဆိပ် ကိုပဲ အသုံးပြုကြရတော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီးတွင် လွန်ခဲ့သည့် နှစ် ၄၀ ခန့်မှ စတင် အသုံးပြုခဲ့သော စစ်ကိုင်းတိုင်း အလံနှင့် လိုဂိုမှာ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အသုံးပြုနေသည့် တံဆိပ်နှင့် ထပ်တူ နီးပါးတူနေသဖြင့် ပြောင်းလဲ အသုံး ပြုရန် အဆိုကို မုံရွာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်အမာကြည်က “လက်ရှိ အလံက ပါတီတခုရဲ့ အမှတ်အသားနဲ့ တော်တော်လေး တူနေပြီး ဆင်တူယိုးမှား ဖြစ်နေတော့ အများပြည်သူရဲ့အမြင်မှာ ထင်ယောင်ထင်မှား ဖြစ်နေရတယ်။ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို အစိုးရက လုပ်တယ်လို့ မမြင်ဘဲနဲ့ ပါတီတခုရဲ့လှုပ်ရှားမှုလို့ပဲ မြင်နေကြတာကြောင့်နဲ့ ပြည်သူတွေကလည်း အဲဒီအမှတ်အသားတွေကို ပြောင်းလဲ ပေးကြဖို့ တောင်းဆိုမှုတွေ ရှိနေတာကြောင့်လည်း အဆိုတင်သွင်းခဲ့တာပါ” ဟု ဆက်လက် ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်မှ အတည်ပြုခဲ့သော အလံနှင့် လိုဂိုအား အသုံးပြုရန် အတွက် ယခုအခါ ပြည်ထောင်စု အဆင့်သို့ ဆက်လက် တင်ပြထားကြောင်း သိရသည်။
လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက “တိုင်းလွှတ်တော်က အတည်ပြုပြီးပေမယ့် ပြည်ထောင်စုကို တင်ပြရဦးမှာပါ၊ ပြည်ထောင်စုက ခွင့်ပြုမှ ရမှာ။ အခုတော့ လွှတ်တော်က ဆက်လက် လုပ်ဆောင်နေပါတယ်။ ကျနော်တို့အနေနဲ့လည်း ကတ်ဘိနက်လည်း ထိုင်ရဦးမှာပါ၊ လိုဂိုက သပ်သပ်သုံးလို့ ရသလား၊ အလံပဲ ပြည်ထောင်စု ခွင့်ပြုချက် ယူရသလား ဆို တာကို အသေးစိတ် ဆွေးနွေးကြရဦးမယ်” ဟု ပြောသည်။
ထိုသို့ အလံနှင့် လိုဂို ပြောင်းလဲရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဒီဇိုင်းပြိုင်ပွဲ ခေါ်ယူခဲ့ပြီး အမှတ်ပေး ရွေးချယ် ခဲ့သော အလံ၂ ခုနှင့် လိုဂို ၃ ခု အား တိုင်းလွှတ်တော်သို့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက တင်သွင်းခဲ့ကာ လွှတ် တော် အမတ်များက မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“အလံနဲ့ လိုဂိုပြောင်းလဲဖို့ အတွက် အလံဥပဒေကလည်း ရှိနေတော့ ဥပဒေချုပ်ရဲ့အကြံပြုချက်နဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ပြိုင်ပွဲခေါ်ခဲ့ပါတယ်။ ယှဉ်ပြိုင်ခဲ့တာက ၆ ဦး ရှိတယ်၊ လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ ကိုယ်စားလှယ်မဟုတ်တဲ့ ပညာ ရှင်က ၁၀ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ၁၉ ဦး ပါတဲ့ ကော်မတီကနေ ရွေးပေးတယ်။ အဲဒါကို ကျနော်တို့ တိုင်းအစိုးရ ကက်ဘိနက် ကိုဖြတ်ပြီးမှ တိုင်းလွှတ်တော်ကို တင်ပြပေးခဲ့တာပါ။ လွှတ်တော်မှာတော့ မဲပေးပြီးမှာ ရွေးချယ်ခဲ့တာပါ” ဟု ဒေါက်တာ ဇော်ဝင်းက ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က အမှတ်ပေး ရွေးချယ်ခဲ့သော အလံ ၂ ခုနှင့် လိုဂို ၃ ခုမှာ ပြိုင်ပွဲခေါ်ယူခဲ့ရာက ဝင် ရောက် ယှဉ်ပြိုင်ကြသူများ အနက်မှ အမှတ် အများဆုံး ပြိုင်ပွဲဝင် ၃ ဦး၏ တံဆိပ်များကို မဲခွဲဆုံးဖြတ်စေရာ ဒေါ်ခိုင်ဇာမွန်၏ လိုဂိုမှာ ၅၄ ဦးက ထောက်ခံသဖြင့် အတည် ဖြစ်ခဲ့သည်။
ထို့ပြင် အလံအား လွှတ်တော်အမတ်များက မဲပေးရာတွင် ဒေါ်ခိုင်ဇာမွန်ရေးဆွဲထားသည့် စစ်ကိုင်းတိုင်း မြေပုံနှင့် လယ်တီ ကျောက်စာ ပုံရိပ်ပါသော အလံကို လွှတ်တော် အမတ် ၉၃ ဦးတွင် ၆၄ ဦးက ထောက်ခံမဲပေးခဲ့ကြခြင်း ဖြစ်သည်။
လွှတ်တော်မှ အတည်ပြုခဲ့သော အလံနှင့် လိုဂိုသစ်များ အနက် အလံတွင် အဝါ၊ အပြာ၊ အနီရောင်အောက်ခံ၌ အဝိုင်း အတွင်း စစ်ကိုင်းတိုင်းမြေပုံနှင့် လယ်တီကျောက်စာ ပုံရိပ်များ ပါရှိပြီး လိုဂိုသစ်တွင်လည်း အဝါ၊ အပြာ၊ အနီရောင် အောက်ခံ စက်ဝိုင်းပုံ အတွင်း၌ စစ်ကိုင်း တံတားဟောင်း(အင်းဝတံတား)ပုံရိပ်ပေါ်တွင် စစ်ကိုင်းတိုင်း မြေပုံနှင့် လယ်တီ ကျောက်စာပုံရိပ်များ ဖြစ်ကာ ပြိုင်ပွဲဝင် ဒေါ်ခိုင်ဇာမွန် ရေးဆွဲခဲ့သော ဒီဇိုင်းများ ဖြစ်သည်။
ဒေါ်ခိုင်ဇာမွန် က “ကျမ ရေးဆွဲထားတဲ့ ဒီဇိုင်းမှာ အဝါရောင်က စစ်ကိုင်းတိုင်း ဒေသကြီးကို ဇေယျာရွှေမြေ၊ ပါဠိ အဓိပ္ပာယ် အရ အောင်မြင်ခြင်း ဖြစ်တယ်။ အောင်အတိတ် အောင်နိမိတ် ဆောင်ရာမှာ စည်းလုံးညီညွတ်ခြင်းက အဓိက သော့ချက် ဖြစ်တာကြောင့် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုတဲ့ အဝါရောင်ကို ထည့်သွင်းထားတာပါ။ အပြာရောင်ကတော့ အေးချမ်း သာယာခြင်း၊ တရားဥပဒေ စိုးမိုးခြင်း၊ အနီရောင်က ရဲရင့်ခြင်း၊ သတ္တိရှိခြင်းကို ကိုယ်စားပြုတာ” ဟု ဆိုသည်။
ဆက်လက်၍ ဒေါ်ခိုင်ဇာမွန်က “နောက်ပြီး မုံရွာမြို့မှာ နှစ် ၉၀ ကျော် သက်တမ်းရှိတဲ့ မဟာလယ်တီ ကျောက်စာနဲ့ လမ်း ပန်း ဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှု လျင်မြန်စေဖို့ ဆက်သွယ်ပေးထားတဲ့ အင်းဝတံတားတွေကို စစ်ကိုင်းတိုင်း ပုံရိပ် အဖြစ် ရေးဆွဲခဲ့တာပါ။ ပြီးတော့ စစ်ကိုင်းတိုင်းရဲ့မြေပုံကိုလည်း ထည့်သွင်းထားတယ်” ဟု ပြောသည်။
အလံနှင့် လိုဂိုများ မဲပေးရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ခြင်း၊ ထောက်ခံခြင်း တစုံ တရာမျှ ပြုလုပ်ခဲ့ခြင်း မရှိဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ဆိုကြသည်။
မုံရွာမြို့ခံ ကိုအောင်ကိုလတ်က “အခု ရွေးချယ်ထားတဲ့ ကိုယ်စားပြု အလံကို ကျနော်တို့ အနေနဲ့ သိပ်မကြိုက်ပေမယ့် လည်း အတည်ပြုပြီးပြီ ဆိုတော့ ပြောင်းလဲလို့ မရတော့ဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းတခုလုံးကို ကိုယ်စားပြုတယ်လို့ ယူဆလို့ မရဘူး။ ဥပမာ ပြောရမယ်ဆိုရင် မကွေးတိုင်းဆိုရင် တတိုင်းလုံး ကိုယ်စားပြုတဲ့ ရေနံမြေ အမှတ်အသားကို သုံး ထားတယ်။ စစ်ကိုင်းတိုင်းမှာလည်း အထင်ကရအရာတွေ အများကြီး ရှိတယ်။ အဲဒီထဲကနေ တခုခုကို ရွေးချယ်သင့်တယ် လို့ မြင်တယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်း ကိုယ်စားပြု အလံနှင့် လိုဂိုသစ်များကို လက်ရှိဘဏ္ဍာနှစ်မှ စတင်၍ ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ရာ ယခင် အမှတ်တံဆိပ်များအား အသုံးပြုထားသည့် မြို့အဝင် မုခ်ဦးများတွင်လည်း ပြောင်းလဲသွားမည်ဟု သိရသည်။
ဒေါက်တာ ဇော်ဝင်းက ဆက်လက်၍ “ပြည်ထောင်စု အဆင့်က ဆုံးဖြတ်ချက် ကျလာပြီဆိုရင်လည်း အစည်းအဝေး ဆုံး ဖြတ်ချက်တွေ ယူပြီးမှ လက်ရှိ အသုံးပြုနေတဲ့ လိုဂိုတွေ၊ အလံတွေကို ဖျက်သိမ်းသွားမှာပါ။ အတည်ပြုထားတာကို ပြောင်း လဲ ကျင့်သုံးဖို့ ဥပဒေနဲ့ အညီပဲ လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် အရင်က ဘယ်လိုရှိတယ် ဆိုတာကို ပြန်လည် သုံးသပ်ပြီး တော့မှ လုပ်စရာ ရှိတာတွေကို အကုန် လုပ်သွားမှာပါ” ဟု ပြောသည်။
ယခုအခါ အခြားတိုင်းနှင့် ပြည်နယ်များတွင် လက်ရှိ အသုံးပြုနေသည့် ကိုယ်စားပြု အမှတ်တံဆိပ်များကိုသာ ဆက်လက် သုံးစွဲနေကြကာ စစ်ကိုင်းတိုင်း ဒေသကြီးသည် ပထမဆုံးအဖြစ် အလံနှင့် လိုဂို ပြောင်းလဲ အသုံးပြုသည့် တိုင်းဒေသကြီး ဖြစ်သည်။
You may also like these stories:
မြန်မာယန်စီ တောင်းသည့် မြေဧက ၁ သိန်းကျော်အတွက် စစ်ကိုင်းအစိုးရ သဘောထား တောင်းခံ
စစ်ကိုင်းငလျင်ဘေးကြောင့် ပျက်စီးမှုများ ကူညီထောက်ပံ့ရန် တိုင်းအစိုးရစီစဉ်