ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ် စံဂိုးတောင်အုပ်စု ဆင်သည်ပြင် ကျေးရွာမှ ရွာသား ၁ ဦးမှာ ယနေ့ နံနက် ၉ နာရီကျော်က ငါးရှာသွားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အတွက် သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။
သေဆုံးသွားသူမှာ အသက် ၆၀အရွယ်ရှိ မွတ်စလင်ဘာသာဝင် ဦးမာမွတ်စီတီး ဖြစ်ပြီး ရွာသား ၄ ဦးနှင့်အတူ ယနေ့ မနက်ပိုင်းက ငါးရှာသွားစဉ် ၎င်းကျေးရွာအနီး မဆလာ တောင်ကုန်းတွင် တပ်စွဲထားသည့် တပ်မတော်သားများက လှမ်း၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆင်သည်ပြင် ကျေးရွာက ရွာလူကြီး တဦးက ပြောသည်။
အမည်မဖော်လိုသူ ဆင်သည်ပြင်ရွာမှ ရွာလူကြီး တဦးက “ မနက်က ကျနော်တို့ ရွာက ရွာသား ၄ ဦး ငါးရှာဖို့ သွားတဲ့ အချိန် အပစ်ခံရတာ။ တိုက်ပွဲ ဖြစ်တာတော့ မဟုတ်ဘူး။ ရွာနားမှာ ရှိတဲ့ စစ်သားတွေက တောင်ပေါ်ကနေ လှမ်းပစ်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် ဦးမာမွတ်စီတီး၏ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့သည့် အတွက် ရွာသားများက ဘူးသီး တောင် ဆေးရုံသို့ ယူဆောင်လာရာ လမ်းတွင် သေဆုံးသွားခဲ့ကြောင်းလည်း ဆင်သည်ပြင်ကျေးရွာသားများက ပြောသည်။
ဘူသီးတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ ဆင်သည်ပြင်ရွာက အရပ် လူကြီးတွေက ဒီနေ့ မနက်မှာ ကျနော့်ဆီ သတင်းပို့လာတယ်။ ငါးရှာဖို့ သွားတာမှာ ရွာနားက မဆလာတောင်ကနေ စစ်သားတွေ လှမ်းပစ်လို့ ရွာသား ၁ ယောက် သေတယ် ဆိုပြီး ပြောတယ်။ ဘာကြောင့် ပစ်တာလဲ ၊ လူမှားပစ်တာ လားဆိုတာ ကျနော်လည်း သေချာတော့ မသိဘူး။ အပစ်ခံရလို့ တယောက် သေတယ်ဆိုတဲ့ ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဆင်သည်ပြင် မွတ်ဆလင်ရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီမှ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေ့လှအောင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေတို့ထံ ဆက်သွယ်ခဲ့ရာ ယင်း ဆင်သည်ပြင်ရွာ ဖြစ်စဉ် အပေါ် ၎င်းတို့ အနေဖြင့် မသိရှိသေးကြောင်း ပြောသည်။
ဆင်သည်ပြင် မွတ်ဆလင်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ပြီးခဲ့သော စက်တင်ဘာလအတွင်းက တပ်မတော်နှင့် AA တို့ ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ရွာသား အများစုမှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေး ခိုလှုံနေကြပြီး တချို့မှာတော့ ကျေးရွာအတွင်း ကျန်နေခဲ့ကြောင်း သိရသည်။
You may also like these stories:
မင်းလှမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ ၆ ဦး ဖမ်းမိ
ဘူးသီးတောင်တွင် ဗုံးဆန်မှန်၍ ရွာသား ၆ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ
အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံရသည့် ရခိုင်ရွာသားများ အမှု ကြန့်ကြာနေဟုဆို