ချင်းပြည်နယ် ပလက်ဝဒေသတွင် တပ်မတော်နှင့် ရက္ခိုင် စစ်တပ်(AA) တိုက်ပွဲများအတွင်း ပျောက်ဆုံးနေသည့် ဒေသခံ ချင်း တိုင်းရင်းသားများ ပြန်လည် တွေ့ရှိရေး ချင်းပြည်နယ် အစိုးရက စီစဉ်နေကြောင်း သိရသည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)က တဆင့် ဆောင်ရွက်ရန် စီစဉ်နေသည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီး ဦးစိုးထက်က ဧရာဝတီသို့ ပြောသည်။
ပျောက်ဆုံးနေသည့် ဒေသခံများမှာ ပလက်ဝမြို့နယ် ဘောင်ဝကျေးရွာမှ ၄ ဦး၊ သံထောင်ကျေးရွာမှ ၁ ဦး၊ ရပ်ချောင်း ကျေးရွာမှ ၃ ဦး၊ ဝံချောင်းဝ ကျေးရွာမှ ၃ ဦး၊ သာယာကုန်း ကျေးရွာမှ ၂ ဦး စုစုပေါင်း ၁၃ ဦး ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်က“ကျနော်တို့ ပျောက်နေတဲ့ လူက ၁၀ ယောက် ကျော်နေပြီ။ အခုထိ ဘာသတင်း အစအနမှ မရဘူး။ ရဲနဲ့ တပ်ဘက်ကလည်း ဘာမှ မလုပ်နိုင်ဘူး။ ဒါကြောင့် NRPC ကနေပဲ အကူအညီ တောင်းရမယ် ထင်တယ်။ အဲဒီလို လုပ်သွားဖို့ အစီအစဉ် ရှိတယ်။ NRPC ကနေ ချိတ်ဆက် ပြီးတော့ ကြိုးပမ်းသွားမယ်”ဟု ပြောသည်။
လတ်တလော၌ NRPC သို့ စာပို့ အကူအညီ တောင်းခံထားမှု မလုပ်ရသေးကြောင်း၊ ချင်းပြည်နယ် အစိုးရအဖွဲ့ အစည်း အဝေး လုပ်ပြီးမှသာလျှင် အကူအညီ တောင်းခံမှုကို မည်သို့ ဆောင်ရွက်သွားမည်ကို လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ချင်း လူ့အခွင့်အရေး အဖွဲ့ (CHRO) မှ သတင်း အချက်အလက် ရှာဖွေရေး တာဝန်ခံ ဆလိုင်းတေရကလည်း“ကျနော် တို့ ပျောက်နေတာ ၁၃ ယောက် ရှိတယ်။ စက်တင်ဘာလ ၁၄ ရက် ပလက်ဝမြို့နယ် ဝံချောင်းဝရွာသား ၃ ယောက်၊ ရခိုင်၊ မြောက်ဦး မြို့နယ် အတွင်းမှာ စက်လှေနဲ့ ဆန်သွားဝယ်တာ အပြန်ကျတော့ စက်လှေရော လူတွေရော ပျောက် သွား တယ်။ ရခိုင်-ချင်း နယ်စပ် မိုးရွာသစ်ရွာမှာ ပျောက်သွားတာ။ ကျနော် ဖြစ်စေချင်တာက NRPC ကနေ သက်ဆိုင် ရာ တွေကို စေ့စပ်ပေးစေချင် တယ်။ ဖြစ်နိုင်ရင် အမြန်ဆုံး လုပ်ပေးစေချင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ခူမီး ချင်းမျိုးနွယ်စုများ ရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ(KACC)နှင့် CHRO မှ တာဝန်ရှိသူများ အပါအဝင် ပလက် ဝ မှ ချင်း တိုင်းရင်းသား ဒေသခံများကမူ ထိုပျောက်ဆုံးသူများကို ဖမ်းဆီးခံထားရသည်ဟု ယူဆနေကြပြီး ဖမ်းဆီးထားသည့် အဖွဲ့မှာ AA အဖွဲ့ ဖြစ်ကြောင်း ပြောဆိုနေကြသည်။
KACC မှ တာဝန်ရှိသူ တဦးက“သူတို့ ဖမ်းတာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ တချို့နေရာတွေမှာ AA က ချင်းရွာ တွေကို အကာအကွယ်ယူပြီးတော့ တိုက်နေတယ်၊ သူတို့ အခြေပြုလှုပ်ရှားတာကတော့ ရခိုင်ရွာတွေမှာ အခြေပြု လှုပ်ရှား တယ်။ တကယ်တိုက်တော့ ချင်းရွာတွေကို အကာအကွယ်ယူပြီးတော့ တိုက်နေတော့ အောက်ခြေမှာ တော်တော် ဆိုးနေတယ်” ဟု ပြောသည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကို ဧရာဝတီမှ ဆက်သွယ် မေးမြန်း သော်လည်း ဖုန်းကိုင်ဖြေခြင်း မရှိသည့် အတွက် တစုံတရာ မသိရပေ။
ပျောက်ဆုံးနေသော ချင်းတိုင်းရင်းသူ/သား ၁၃ ဦး အနက် ဘောင်ဝရွာမှ ၄ ဦးမှာ အိုက်ကျော်လင်းနိုင်(၂၃ နှစ်)၊ အိုက် ကျော်စိန် (၃၁ နှစ်)၊ အိုက်ကျော်ကျော်သန်း(၂၈ နှစ်)၊ အိုက်ကျော်လင်း (၂၅ နှစ်)တို့ဖြစ်ပြီး လောင်းကဒူးတံတား ဆောက် လုပ်ရေး အတွက် ကျောက်ထုတ်လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူများကို ဆိုင်ကယ်ဖြင့် အကြို အပို့ ကယ်ရီ လုပ်ပေး နေစဉ် လုပ်ငန်းခွင်မှ အပြန် ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက် ည ၇ နာရီခန့်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း CHRO က သြဂုတ်လ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။
ထို့နောက် ပလက်ဝမြို့နယ် သံထောင်ကျေးရွာနေ မောင်ပူးကွီ(ခ) မြတ်မောင်မောင် (၂၀ နှစ်) သည် သြဂုတ်လ ၉ ရက် မွန်းလွဲ၂ နာရီဝန်းကျင်က ရခိုင်ပြည်နယ် မြောက်ဦးမြို့မှအပြန် မိုးရွာသစ်ကျေးရွာ အရောက်တွင် AA အဖွဲ့က ၎င်း ၏ လှေနှင့်အတူ ခေါ်ဆောင်သွားရာ ယနေ့ အချိန်ထိ ပျောက်ဆုံးနေကြောင်း CHRO က ဆိုသည်။
အလားတူ ပလက်ဝမြို့နယ် အထက်ပိုင်း ပီချောင်းဒေသ ရပ်ချောင်းကျေးရွာနေ ဦးခိုလိုး (အသက် ၆၀)နှင့် ဦးခိုလိုး၏ တူ ဘင်ဂျမင်(၁၄ နှစ်)နှင့် မောင်ကျော်နိုင်(၁၅ နှစ်)တို့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်းက တောထဲသို့ ဟင်းရှာ ထွက်ရင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲကြား ပိတ်မိနေကာ ယနေ့အချိန်ထိ ပျောက်ဆုံးနေကြောင်း CHRO ၏ သြဂုတ် လ ၁၂ ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်ကလည်း ပလက်ဝမြို့နယ်၊ ဝံချောင်းဝရွာသား ၃ ဦး ရခိုင်ပြည်နယ် မြောက်ဦး မြို့ နယ် အတွင်းသို့ ဆန်သွားဝယ်စဉ် ၎င်းတို့ မောင်းသွားသည့် စက်လှေနှင့်အတူ မိုးရွာသစ်ရွာ အရောက်တွင် AA အဖွဲ့ က ဖမ်းဆီး သွားခဲ့သလို အောက်တိုဘာလ ၅ ရက်ကလည်း ပလက်ဝမြို့နယ်၊ သာယာကုန်းရွာမှ မသန္တာဦး (၂၀ နှစ်) တို့ ဇနီးမောင်နှံသည် တောင်ယာအသွား AA အဖွဲ့က ဖမ်းဆီးသွားသည့်အတွက် ပျောက်ဆုံးနေကြောင်း ဒေသခံများ က ဆိုသည်။
အထက်ပါ ပျောက်ဆုံးနေမှုများနှင့် ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့က NRPC မှ တာဝန်ရှိသူများကို ချိတ်ဆက် ကာ ပြန်လည် လွတ်မြောက်လာရေး အတွက် ဆောင်ရွက်သွားရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
NRPC သည် AA အပါအဝင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)တို့ ဖြင့် တွေ့ဆုံ၍ ပဏာမ အပစ်အခတ် ရပ် စဲရေး စာချုပ်(Bilateral)ထိုးနိုင်ရေး တွေ့ဆုံ ဆွေးနွေးလျက် ရှိသည်။
လက်ရှိတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းမှာ တပ်မတော်နှင့် AA တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ယနေ့ အချိန်ထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ကုန်ပြင်၊ ကင်းတလင်း၊ ဖရုံချောင်း၊ ပြိုင်ဆို စသည့် ရွာများ အပါအဝင် တခြားသော ကျေးရွာများမှ ဒေသခံ ၃၀၀၀ ဝန်းကျင် တိုက်ပွဲရှောင်နေကြရသည်။
အလားတူ တိုက်ပွဲများကြောင့် စာသင်ကျောင်း တချို့ပိတ်ထားရပြီး စာသင်ကြားပေးမည့် ဆရာ၊ ဆရာမ ဝန်ထမ်း ၃၀၀ ဝန်းကျင် ခန့်အပ်ပေးရန်လည်း လိုအပ်နေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ဆက်စပ် ဖတ်ရှုရန် – ပလက်ဝ တိုက်ပွဲများ အတွင်း ဒေသခံများ ပျောက်ဆုံးနေဟု ချင်း လူ့အခွင့်အရေး အဖွဲ့ ထုတ်ပြန်