ရှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်ရှိ မိုးနဲစော်ဘွားဟော်နန်းအား ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်အဖြစ် ရှမ်းစာပေယဉ်ကျေးမှုအသင်းသို့ စီမံခန့်ခွဲမှုပြုနိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံထံ စာတင်တောင်း ဆိုခဲ့ကြောင်း သိရသည်။
မိုးနဲဟော်နန်းကို ၁၉၉၁ခုနှစ်က စော်ဘွားစပ်ပြည့်၏သား စဝ်ထွန်းဝါက ကျပ် ၇သိန်းဖြင့် သမဝါယမဦးစီးဌာနသို့ ရောင်းချ ထားခြင်းဖြစ်ပြီး၊ လက်ရှိ သမဝါယမရုံး ဖွင့်လှစ်ထားဆဲဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့သည့် စာတွင်ပါရှိသည်။
ထို့ကြောင့် မိုးနဲရှမ်းတိုင်းရင်းသားများ၏ အမွေအနှစ် ဟော်နန်းအား ယဉ်ကျေးမှုအမွေအနှစ် အဖြစ် သတ်မှတ်ထားရှိနိုင်ရေး အစိုးရပိုင် အဆောက်အဦးအဖြစ်မှ ပြန်လည် လွှဲပြောင်းပေးပါရန်နှင့် ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်အဖြစ် ရှမ်းစာပေ ယဉ် ကျေးမှုအသင်းသို့ စီမံခန့်ခွဲမှုပြုနိုင်ပါရန် မိုးနဲဒေသခံရှမ်းတိုင်းရင်းသားများ၊ ရပ်မိ/ရပ်ဖများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ တင်ပြလာပါကြောင်း၊ ထို့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှ လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန် လူထု ကိုယ်စား လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အ တွင်းရေးမှူး ဦးအောင်မြတ်စိုးက လက်မှတ်ရေး ထိုးပြီး အောက်တိုဘာ ၄ရက်နေ့က စာတင် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ အတွင်းရေးမှူး ဦးအောင်မြတ်စိုးက “သမိုင်းမှတ်တမ်း အရ ကျနော်တို့ မိုးနဲစော်ဘွားက မြန်မာဘုရင်နဲ့ နိုင်ငံရေး၊ စီးပွားရေးအရ ကူညီခဲ့တဲ့သမိုင်းမှတ်တမ်းတွေ ရှိတယ်။ အဲဒီသမိုင်းမှတ်တမ်း ကို သူတို့ရဲ့နောင်လာနောက်သားတွေကို ပြသချင်တဲ့အတွက် ဟော်နန်းကို ပြန်လည်ရှိစေချင်တာ”ဟု ပြောသည်။
လင်းခေးခရိုင်တွင် ယခင်က တိုင်းရင်းသားလက်နက်ကိုင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)ရှိသည့်နေရာ ဖြစ်သည့်အတွက် အညိုရောင်နယ်မြေအဖြစ်သတ်မှတ်ထားခြင်းကြောင့် နိုင်ငံခြား သား ခရီးသွားလာခွင့်ပိတ်ထားသည့် နေရာတခုလည်းဖြစ်သည်။
ယခုအခါ (RCSS)က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ် ရေးထိုး ပြီးနောက် မိုးနဲဒေသက ဒေသဖွံ့ဖြိုးမှုရှိလာကာ ဘုရားဖူးဧည့်သည်များ အများအပြား လာရောက်ကြသည့် အတွက် ဟော်နန်းအား ပြတိုက်အသွင်ထားရှိလိုခြင်းဖြစ်သည်ဟု ဦးအောင်မြတ်စိုးက ဆိုသည်။
ရှမ်းစာပေယဉ်ကျေးမှုအသင်း၏နာယက စိုင်းမောင်ကြီးက “ကျနော်တို့မိုးနဲမှာ မြေပေါ်မြေအောက် ရှေးဟောင်း အမွေ အနှစ် ပစ္စည်းတွေကို ပြန့်ကျဲနေတာရှိပါတယ်။ အဲဒါတွေ ထိန်းသိမ်းဖို့ ကျနော်တို့ ပြတိုက်တခုလုပ်ပါမယ်။ အဲဒီပြတိုက် အတွက် တကယ်လို့ ဟော်နန်းကြီးကို ပြန်လည်ရရှိရင် နိုင်ငံအတွက်လည်း ဂုဏ်ရှိမယ်။ ဒေသခံတွေအတွက်လည်း ဂုဏ်ကျက်သရေဆောင်တခု ဖြစ်မယ်” ဟု ပြောသည်။
မိုးနဲရှိ ဟော်နန်း၊ မာလိန်တိုင်နှင့် နွားကြေးရုပ်များက ထင်ရှားကျော်ကြားသည့်နေရာများဖြစ်သော်လည်း ခရီးသွား ဧည့်သည်များအနေဖြင့် မာလိန်တိုင်နှင့် နွားကြေးရုပ်သာ ကြည့်ပြီး ပြန်သွားရမယ့်အနေအထားရှိသော ကြောင့်လည်း ဟော်နန်းအား စီမံခန့်ခွဲမှုရစေလိုခြင်းဖြစ်လိုခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံအား ပေးပို့သည့်စာတွင် ဖော်ပြ ထားသည်။
မိုးနဲဒေသခံ စိုင်းအူမိန်းကလည်း “ဟော်နန်းကို ပြန်လိုချင်တာပေါ့။ ဟော်နန်းပြန်ရရင် အရင်ကစော်ဘွားတွေရဲ့ အုပ်ချုပ်ရေးစနစ်တွေ၊ ရှေးဟောင်းပစ္စည်းတွေ၊ အရင်ကစိုက်ပျိုးရေးစနစ်တွေ ဒါတွေ မျိုးဆက်သစ်တွေ ပြန်ပြောပြချင်တာကြောင့် လိုချင်တာပါ” ဟု ပြောသည်။
မိုးနဲမြို့သည် ရှေးဟောင်းအမွေအနှစ်များနှင့် ပြည့်စုံသော စေတီပုထိုးများ များစွာရှိသည့်အတွက် ဒုတိယပုဂံဟု တင်စား ခေါ်ဝေါ်ခံရသော မြို့တမြို့လည်းဖြစ်သည်။ ယခင်က မိုးနဲတွင် စေတီပုထိုးပေါင်း ၂ထောင်ခန့်ရှိရာမှ ယခုအခါ ၆၀၀ကျော်ရှိပြီး ပြိုကျပျက်စီးခြင်းမရှိသည့် စေတီပုထိုးပေါင်းက ၃၀၀နီးပါးရှိကြောင်း စိုင်းမောင်ကြီး ထံမှ သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – အင်္ဂလိပ် ဂျက်ယူနီယံအလံကို ပထမဆုံးလွှင့်ခွင့်ရခဲ့တဲ့ ရှမ်းပြည်နယ်က စော်ဘွားမြို့