လူကုန်ကူးမှုဖြင့် စွပ်စွဲခံရသော အမျိုးသမီးတဦးကို ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမှ တရားရုံးတရုံးက လွန်ခဲ့သောအပတ်တွင် ထောင် နှစ် ၈၀ ချမှတ်ခဲ့သည်ဟု မူဆယ်မှ ရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။
မဌေးဝင်းကို လူကုန်ကူးမှု စွဲချက် လေး ခုအတွက် အပြစ်ရှိကြောင်း တရားရုံးကတွေ့ရှိခဲ့ပြီး စွဲချက်တခုစီအတွင် ထောင် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း တရုတ်-မြန်မာနယ်စပ် လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့မှ ရဲမှူး ကျော်ညွန့်၏ အဆိုအရ သိရသည်။ ထိုအမှုများတွင် ဖယ်ခုံမြို့နယ်မှ အမျိုးသမီး ၃ ဦးနှင့် ဆီဆိုင်မြို့နယ်မှ အမျိုးသမီးတဦးတို့ ပါဝင်နေပြီး ၎င်းတို့အားလုံးသည် တရုတ်နိုင်ငံသို့ လူကုန်ကူးခံကြရသည်။
မဌေးဝင်းကို လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂၈ အရ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
လူကုန်ကူးခံရသူများသည် ထွက်ပြေးလွတ်မြောက်ကာ တရုတ်နိုင်ငံမှ ပြန်လာခဲ့ပြီး မဌေးဝင်းကို အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှူး ကျော်ညွန့်က ပြောသည်။
“သူတို့တွေ မူဆယ်နယ်စပ်ကိုရောက်လာတော့ သူတို့တွေက ဖယ်ခုံကလို့ ကျနော်တို့ကိုပြောတယ်။ ဒါကြောင့်မို့ ဖယ်ခုံမှာ အမှုဖွင့်ဖို့ သူတို့ကို ပို့ပေးလိုက်တယ်။ မဌေးဝင်းက ဒီအမျိုးသမီးတွေကို သွေးဆောင်ပြီး တရုတ်ပြည်က လူတွေဆီကို လူကုန်ကူးလိုက်တာ။ ဒီအမှုမှာ သူက အဓိက တရားခံပဲ” ဟု သူပြောသည်။
မူဆယ်မှ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၏ အဆိုအရ မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးပြီး တရုတ်အမျိုးသားများနှင့်လက်ထပ်စေသော အမှုအများအပြားရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ မိသားစုတစုလျှင် ကလေးတယောက်သာယူရေးမူနှင့် သားယောင်္ကျားလေးများကိုသာ ပိုမိုနှစ်သက်သော ယဉ်ကျေးမှုကြောင့် အမျိုးသမီးသန်းပေါင်းများစွာတို့သည် ကိုယ်ဝန်ဖျက်ချခြင်းကို လုပ်ရန် ဖိအားပေးခံရပြီး မိသားစုများသည် မိန်းကလေးများကို စွန့်ပစ်ခြင်း၊ ငယ်ရွယ်စဉ်သတ်ဖြတ်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ကြကြောင်း ဝေဖန်သူတို့က ဆိုသည်။ ထို့ကြောင့် တရုတ်နိုင်ငံတွင် အမျိုးသမီးရှားပါးမှုဖြစ်ပေါ်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြောက်ကိုရီးယားတို့မှ အမျိုးသမီးအများအပြားကို တရုတ်နိုင်ငံသို့ လူကုန်ကူးမှုဖြစ်စေသည်။
မြန်မာနိုင်ငံမှ လူကုန်ကူးခံရသော အမျိုးသမီးများကို အမျိုးသမီးရှားပါးသည့် ခေါင်သော ဒေသများသို့ ပို့ဆောင်သည်ဟု သိရသည်။
“အရမ်းခေါင်တဲ့ဒေသက တရုတ်အမျိုးသမီးတွေက တခြားမြို့တွေမှာ သွားအလုပ်လုပ်ကြတယ်။ ဒါကြောင့် အဲဒီဒေသက အမျိုးသားတွေမှာ လက်ထပ်စရာ အမျိုးသမီးမရှိဘူးဖြစ်ကုန်တယ်” ဟု ရဲမှူးက ပြောသည်။
ထိုသို့သောလိုအပ်ချက်ကြောင့် နယ်စပ်တလျှောက်တွင် လူကုန်ကူးသောလုပ်ငန်း အများအပြားပေါ်ပေါက်လာကြောင်းလည်း သူပြောသည်။
ရဲတပ်ဖွဲ့သည် လူကုန်ကူးမှု ၄၀ တွင်ပါဝင်ပတ်သက်သည့် အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၆၆ ဦးကို လွန်ခဲ့သောနှစ်က ဖမ်းဆီးခဲ့ကြောင်း မူဆယ်ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။ လူကုန်ကူးခံရသူ ၅၃ ဦးကိုလည်း ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့သည်။
ယခုနှစ်တွင်မူ လူကုန်ကူးမှု ၃၁ မှုတွင် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၅၈ ဦကို ဖမ်းဆီးပြီး လူကုန်ကူးခံရသူ ၅၀ ကို ကယ်တင်ခဲ့ပြီးဖြစ်သည်။
( Lawi Weng ၏ Woman Sentenced to 80 Years for Human Trafficking in Myanmar’s Shan State ကို ဘာသာပြန်သည်။)
You may also like these stories:
မွေးကင်းစ မိန်းကလေး ငွေပေးဝယ်၍ တရုတ်ပြည်ခေါ်သွားမှု မိခင်နှင့် ဝယ်သူကို ဖမ်းဆီး
အမှန်တရားကို တရားရုံးတွင် ချပြမည်ဟု Wisdom Hill ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ပြော
BPI စက်ရုံမှူးအား တိုင်းတရား လွှတ်တော်တွင် တရားစွဲတင်