ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အ.ထ.က ပေါက်ခေါင်း ကျောင်းသို့ ကျောင်း သူ၊ ကျောင်းသား များအတွက် အဖွဲ့အစည်းတခုက စက်ဘီအစီး ၅၀၀ လှူဒါန်းမည်ဟု ပြောဆိုကာ ကျောင်းအုပ်ဆရာကြီးနှင့် ဒု မြို့ နယ် ပညာရေးမှူးတို့ကို ငွေလိမ်မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
ပြည်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဌေးက “အဖွဲ့အစည်းတခုက ခွင့်ပြုချက်မရှိဘဲ ပေါက်ခေါင်း အ.ထ.ကကို စက်ဘီအစီး ၅၀၀ လှူမယ် ပြောပြီး ငွေလိမ်တောင်းသွားတာပါ။ စက်ဘီး သယ်လာတဲ့ ကားကလမ်းမှာ ယာဉ်တိုက်မှု ဖြစ်ပွားလို့ အရေးပေါ် ငွေလိုတယ်ဆိုပြီး Wave money နဲ့ ငွေလွှဲခိုင်းလို့ တကြိမ်လွှဲပေး လိုက်ပြီး ဒုတိယအကြိမ် ထပ်တောင်းတော့မှ လူလိမ်တွေမှန်း သိသွားတာပါ” ဟု ဧရာဝတီကို ပြောသည်။
ငွေလိမ်လည်သူများမှ စက်ဘီးသယ်လာသည့်ကားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် အတွက် လျော်ကြေးပေးရန် အရေး ပေါ်ငွေလိုသည်ဟု ဆိုသဖြင့် ပေါက်ခေါင်းမြို့နယ် ဒု ပညာရေးမှူးနှင့် အ.ထ.က ကျောင်းအုပ်ဆရာကြီးတို့မှ ပထမ တ ကြိမ် ငွေ ၁၇၀၀၀၀ ကျပ် ငွေလွှဲပေးခဲ့ရပြီး လျှော်ကြေးပေးရန် မလုံလောက်သဖြင့် ထပ်မံ၍ ငွေကျပ် ၂ သိန်းကို ဒုတိယ အကြိမ် လွှဲခိုင်းရာ အလိမ်ခံရကြောင်း သိရှိပြီး ငွေလွှဲမပေးနိုင်ကြောင်း ပြောဆိုပြီးနောက် ၎င်းတို့အား ဖုန်းခေါ်ဆို၍ မရ တော့ကြောင်း သိရသည်။
အ.ထ.က ပေါက်ခေါင်း ကျောင်း ကော်မတီဝင် မိဘတဦးက “လိုင်းပေါ်မှာလည်း စင်ကာပူက စက်ဘီးတွေ လှူတယ် ဆိုတာတွေ တွေ့ထားတော့ အဲဒီဟာမျိုးလို့ ပြောပြီးတော့ လာတာ။ ကျောင်းကို ဆက်တာ မဟုတ်ဘူး။ မြို့နယ် ပညာ ရေးမှူးရုံးကို အရင်ဆက်တာ။ ကျောင်းသားစာရင်း ကောက်ပေးပါ။ သူတို့က ၄၅ မိနစ်ပဲ အချိန်ရတယ်။ သူတို့က ထွက် လာတော့မယ်။ ကျောင်းသားက တကယ် ဆင်းရဲရမယ်။ ရွာကနေလာမယ်ဆိုရင် အနည်းဆုံး နာရီဝက်ခြေလျင်လာရ မယ်။ အဲဒီလို ကလေးမျိုးကို ဦးစားပေးပြီး ကောက်ပေးပါဆိုတော့ မနေ့က ဆရာမတွေ ဝုန်းဒိုင်းကျဲ ကာက်ခဲ့ရတာ” ဟု ပြောသည်။
လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဌေးက “အခုလိုတွေ ဖြစ်ပွားမှာစိုးလို့ ကျနော်တို့ ပညာရေးဌာန အနေနဲ့ အထက် က ညွှန်ကြားတဲ့အတိုင်းပဲ ပညာရေးဌာနရဲ့ ခွင့်ပြုချက်မရဘဲနဲ့ ဘယ်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် လူပုဂ္ဂိုလ်တဦးကပဲ ဖြစ် ဖြစ် ခွင့်ပြုချက်မရဘဲနဲ့ လှူလို့မရဘူး။ ကျနော်တို့ ခရိုင်ပညာရေးမှူးရုံး အနေနဲ့ မြို့နယ်တွေကို ဆက်ပြီးတော့ ဒီလို လက်မခံဖို့ ငွေလိမ်နည်းတွေ ရှိတယ် ဆိုတာကို သိဖို့ ဆက်လက်ပြီးတော့ ညွှန်ကြားသွားပါ့မယ်” ဟု ဆက်ပြောသည်။
ဒု ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့မှာ ၎င်းတို့၏ ကိုယ်ပိုင်ငွေများ ဖြစ်သဖြင့် အမှုဖွင့် တိုင်ကြားခြင်းနှင့် ပတ်သက်၍ ၎င်း တို့၏ သဘောဆန္ဒသာဖြစ်ပြီး လတ်တလောတွင် အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေးကြောင်း ခရိုင်ပညာရေးမှူးက ပြောဆိုသည်။
ထိုသို့ ငွေလိမ်လည်သူများမှာ ခရိုင်မြို့ကြီးများနှင့် အလှမ်းဝေးကာ ဆက်သွယ်ရန် ခက်ခဲသည့် ကျေးလက်ဒေသရှိ အစိုးရ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လိမ်လည်နေခြင်းဖြစ်ကြောင်း သိရသည်။