ရှမ်းပြည်မြောက်ပိုင်း သိန်းနီ မြို့နယ်လယ် သိန်းနီဈေးအနီးတွင် ယနေ့နံနက်၆နာရီခန့်က တပ်မတော် စစ် ကြောင်း ဖြတ်သန်းစဉ် ပလောင်(တအောင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)မှ ကြားဖြတ် တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ ၃ဦးကျဆုံးပြီး အရပ်သား ၇ဦး ဒဏ်ရာရခဲ့သည်။
ဒေသခံတဦးဖြစ်သည့် နန်းဆိုင်လောဝ်၏ ပြောဆိုချက်အရ နံနက် ၆နာရီခန့်ကစ၍ သိန်းနီမြို့လယ်ရှိ ဈေးအနီး တွင် စစ်ကြောင်း ဖြတ်သန်းစဉ် အပြန်အလှန်ပစ်ခတ်ရာ ဈေးအနီးရှိ အိမ်များ၊ အဆောက် အဦ ပေါ်တွင် လက်နက်ကြီး ကျသဖြင့် အရပ်သား ၇ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ်ခြေ ၆အိမ်ခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
သိန်းနီမြို့ အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “အထိအခိုက်က ဒေသခံ ၇ဦးရှိပါတယ်။ စိုးရိမ်ရတဲ့အခြေအနေရှိတဲ့ သူတော့ မရှိသေးပါဘူး။ သူတို့ကို လတ်တလော ထောက်ပံကြေး တသိန်း ပေးထား ပါတယ်၊ တပ်မတော်သားတွေကတော့ ၃ ဦး ကျဆုံးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးဦးစီးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း TNLA လက်နက်ကိုင် ၅၀ခန့်သည် သိန်းနီမြို့တွင်းရှိ အဆောက်အဦများကို အကာကွယ်ယူ၍ တပ်မတော် ယာဉ် တန်းကို ပစ်ခတ်ခြင်းဖြစ်ကြောင်း တပ်မတော်ဘက်မှ ကျဆုံး ဒဏ်ရာရသူများ ရှိကြောင်း အတည်ပြုပြောသည်။
“သူတို့က RPG နဲ့ ပထမဆုံး ကားကို စပစ်တယ်။ ပြီးရင် လက်နက်ငယ်နဲ့ ပစ်တယ်။ တပ်ဘက်က ကျဆုံး၊ ဒဏ် ရာရတဲ့သူတွေ ရှိတယ်၊ အတိအကျတော့ မသိရသေးဘူး။ TNLA က လက်နက် ကြီး၊ လက်နက်ငယ်တွေ ပစ် ခတ်တဲ့အတွက် တချို့ လူနေ ရပ်ကွက်တွေထဲကျတယ်။ ဒေသခံတွေလည်း ဒဏ်ရာတွေ ရသွားတယ်လို့ သိရတယ်။ သူတို့က မြို့ထဲကနေကို ပစ်နေတာ။ အခုချိန်ထိကတော့ လိုက်လံ ချေမှုန်းလျက် ရှိတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
တပ်မတော်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ၂၀၁၉ ခုနှစ် သြဂုတ် ၃၁ ရက်ထိ ၈လ သက်တမ်း အပစ်ရပ်ခဲ့သော်လည်း ထိုနောက်ပိုင်းတွင် သက်တမ်းတိုးခြင်း မရှိတော့ပေ။
အဆိုပါ အပစ်ရပ်ကာလ ၈ လ အတွင်း တပ်မတော်နှင့် TNLA ကြား တိုက်ပွဲ ၅၉ ကြိမ် ဖြစ်ပွားထားပြီး ရှမ်းပြည် နယ် မြောက်ပိုင်းရှိ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ လားရှိုး၊ နမ့်ဆန် စသည့် မြို့နယ်များ အတွင်း တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လက ၂၀ ကြိမ် ဖြစ်ပွားခဲ့သလို ဇူလိုင်လထဲမှာတော့ ဇူလိုင်လ ၂၂ ရက်အထိ ၁၂ ကြိမ် ဖြစ်ပွားထားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် အစိုးရသည် TNLA အပါအဝင် ရက္ခိုင် စစ်တပ် (AA) ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDA) (မြောက်ပိုင်း မဟာမိတ် အဖွဲ့) တို့နှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး (Bilateral) စာချုပ် လက်မှတ်ထိုးနိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေပြီး နှစ်ဖက် ကိုယ်စား လှယ် များကြား Bilateral စာချုပ် မူကြမ်းများ အပြန်အလှန် ပေးအပ်ကာ သုံးသပ်လျက် ရှိကြသည်။
Bilateral စာချုပ် ရေးထိုးနိုင်ရေး အတွက် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့တွင် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ထပ်မံ တွေ့ဆုံ ဆွေးနွေးနိုင်ရေး အတွက် နှစ်ဖက် ညှိနှိုင်းနေကြကြောင်း သိရသည်။
You may also like these stories:
TNLA ထိန်းချုပ်ထားသည့် တောင်ရိုး စေတီကုန်း တပ်မတော် ပြန်လည်သိမ်းပိုက်
ဘုရားတွင် TNLA တပ်စွဲ၍ တိုက်ပွဲဖြစ်ရဟု တပ်မတော် ပြော
ကွတ်ခိုင် ကုန်ဆာတောင်ကြောတွင် တပ်မတော် နှင့် တိုက်ပွဲဖြစ်ပွားနေဟု TNLA ပြော
တပ်မတော်နှင့် AA ကြား Bilateral စာချုပ် ချုပ်ဖြစ်နိုင်မလား