ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အကြားရှိ နယ်ခြားကျောက်တိုင်များကို ပြန်လည် ဖော်ထုတ်ကာ အသစ်စိုက်ထူမှု လုပ်ဆောင်ရန် ဒေသခံများနှင့် တွေ့ဆုံ ရှင်းလင်းမှု ပြုလုပ်လျက် ရှိသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အကြား နယ်နိမိတ်သတ်မှတ်ထားသည့် နယ်ခြားကျောက်တိုင် ၂၁တိုင် စိုက်ထူကာ ၁၉၃၈ ခုနှစ်က နယ်မြေပိုင်းခြား သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အုပ်ချုပ်မှုလုပ်ငန်းများ ပိုမိုလွယ်ကူစေရေး အဆိုပါ နယ်ခြားမိုင်တိုင်များ ပြန်လည် စိုက်ထူရန်ဆောင် ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက “တချို့ရွာတွေက တခုခုဖြစ်လာရင် ချင်းထဲမှာလား၊ စစ်ကိုင်းထဲမှာလား ဖြေရှင်းရတာတွေ ရှိတယ်။ အဓိကတော့ အုပ်ချုပ်ရေး ပိုမိုလွယ်ကူစေဖို့ပါ။ အခု နယ်ခြားမိုင်တချို့ကိုလည်း ပြန်ရှာတွေ့ ထားပါပြီ။ အားလုံး သဘောတူညီချက် ရပြီဆိုရင်တော့ ဘတ်ဂျက် တင်ပြရမှာပေါ့” ဟု ပြောသည်။
နယ်ခြားကျောက်တိုင် ပြန်လည် စိုက်ထူးရေး အတွက် တမူးခရိုင် ခမ်းပတ်မြို့နယ်၊ ကလေးမြို့နယ် ရာဇဂြိုဟ် ဘက်စုံရေ လှောင် တမံ စီမံကိန်း ရှင်းလင်းဆောင်နှင့် တီးတိန်မြို့နယ်၊ ဇိုဇန်ကျေးရွာတို့၌ ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၁၀ ရက်နေ့တွင်လည်း ကလေးမြို့တော် ခန်းမတွင် တွေ့ဆုံ ရှင်းလင်းမှုများ ပြုလုပ်မည် ဖြစ်သည်။
ယင်းသို့ နယ်ခြားကျောက်တိုင်များ ပြန်လည် သတ်မှတ်စိုက်ထူးရေး အတွက် ဒေသခံ အဖွဲ့အစည်း အချို့က ယခင်ကတည်း က တောင်းဆိုမှုများ ရှိခဲ့ပြီး လက်ရှိ နယ်ခြားဒေသတွင် တိကျသည့် သတ်မှတ်ချက်များ ဖော်ထုတ်နိုင်ခြင်း မရှိသည့် အတွက် မြေယာ ပြဿနာများ၊ အုပ်ချုပ်မှု လုပ်ငန်းစဉ် ပြဿနာများရှိကြောင်း ချင်းတွင်း ကွန်ရက်အဖွဲ့မှ ဦးကျော်သက်ဝင်းက ပြော သည်။
ဦးကျော်သက်ဝင်းက “ချင်းရွာတွေ စစ်ကိုင်းဘက် ရွှေ့လာတာရှိသလို၊ စစ်ကိုင်းဘက်ကနေလဲ ချင်းဘက်ရွှေ့သွားသူတွေ ရှိတယ်။ ချင်းဘက်ဆိုလည်း ချင်းပြည်နယ် အစိုးရ အုပ်ချုပ်မှုအောက်မှာပေါ့။ စစ်ကိုင်းဆိုလည်း စစ်ကိုင်းပေါ့။ သတ်သတ် မှတ်မှတ် ရှိအောင် ပြန်လုပ်ဖို့ လိုအပ်တာပါ။ နယ်မြေ တိတိကျကျ မရှိတော့ မြေယာပြဿနာနဲ့ ထောင်ကျတာတွေ၊ တရား ဝင် လုပ်ကိုင်ခွင့် မရတာတွေ၊ နောက်ဆုံး မဲပေးတဲ့အထိ ဘယ်မှာပေးရမယ် ဆိုတဲ့ ပြဿနာက ရှိပါတယ်” ဟု ဆိုသည်။
ယင်းသို့ နယ်ခြားကျောက်တိုင်များ ပြန်လည် စိုက်ထူးခြင်းသည် တိုင်းရင်းသားများကြား လူမျိုးရေး၊ ဘာသာရေး ပြဿနာ မဟုတ်ဘဲ မြေယာပြဿနာနှင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ် ပြဿနာများ ပိုမိုလွယ်ကူစေရေး အတွက်သာ ဖြစ်ပြီး ချင်းပြည် နယ်နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများ ကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်း က ပြောဆိုသည်။
နယ်ခြားကျောက်တိုင်များ ပြန်လည် ဖော်ထုတ်တိုင်းတာရေး အတွက် ဒေသတွင်း တာဝန်ရှိသူများ အပြင် ပြည်ထောင်စု အဆင့် ဗဟိုမြေတိုင်း အဖွဲ့များလည်း ပါဝင်မည်ဖြစ်ပြီး ဒေသခံများ၏ သဘောဆန္ဒရယူပြီးပါက လုပ်ငန်း အကောင် အထည်ဖော်ရေး ဘတ်ဂျက် တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး အပြင် မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်တို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည့် ပြည်နယ်တခု ဖြစ်သည်။