ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအသစ် ပြဋ္ဌာန်းပြီးသော်လည်း ထိုဥပဒေမထွက်ခင် အချိန်က စည်ပင်နှင့် သက်ဆိုင်သည့် အမှုအခင်းများကို ဥပဒေ အသစ်ဖြင့် အရေးယူနိုင်ရန် နည်းလမ်း ရှာဖွေသင့်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တချို့က ဝေဖန်ပြောဆိုသည်။
လက်ရှိအချိန်တွင် ၂ဝ၁၈ ခုနှစ် စည်ပင်ဥပဒေကို အသစ်ပြဋ္ဌာန်းပြီးသော်လည်း အသစ် မပြဋ္ဌာန်းမီ အချိန်များက စည်ပင် သာယာရေး ဥပဒေဖြင့် အရေးယူထားသည့် အမှုအခင်းများကို ယခင် ဖျက်သိမ်းလိုက်သည့် ၂ဝဝ၃ ခုနှစ် စည်ပင် ဥပဒေ ဖြင့်သာ ဆက်လက် အသုံးပြု စီရင်နေခြင်းက မဖြစ်သင့်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ် ဦးနေဘုန်းလတ် (ခ) ဦးနေမျိုးကျော်က ပြောသည်။
မိမိအနေဖြင့် ဥပဒေ သဘောတရားနှင့် တရားစီရင်မှု အနေအထားကို အတိအကျ မသိသော်လည်း တရားလိုဖြစ်သူက စည်ပင်သာယာရေး ကော်မတီဖြစ်သလို ယခင် ဥပဒေအဟောင်းဖြင့် စီရင်နေသည်ဆိုလျှင် ဒဏ်ငွေ အနည်းငယ်ဖြင့်သာ ဆက်လက် ဒဏ်ကြေး ဆောင်နေသောကြောင့် တချို့နေရာများတွင် ပြည်သူများ၏ နစ်နာမှု အများအပြား ပေါ်ပေါက် နေရ သည်ဟု သူက ဆက်ပြောသည်။
ဦးနေဘုန်းလတ်က“ဥပမာပြောရရင် ကျနော့်မြို့နယ်မှာ ကာရာအိုကေ ဆိုင်နဲ့ ဘီယာဆိုင် တွဲလျက် အဆောက်အအုံ အကြီးကြီး ဖွင့်ထားတယ်။ သူက ခွင့်ပြုမိန့်မရဘဲနဲ့ အဆောက်အအုံ ဆောက်တယ်။ ဆိုင်ဖွင့်တယ်ဆိုတဲ့ အတွက် စည်ပင် က တရားစွဲခဲ့တယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ် စည်ပင်ဥပဒေ မထွက်ခင်အချိန်ကတည်းက အဲဒီတရားစွဲမှုဟာ ၂ဝဝ၃ ခုနှစ် စည်ပင် ဥပဒေနဲ့ အရေးယူတာဆိုတော့ ၁ ရက်ကို ဒဏ်ငွေက ကျပ် ၁ သောင်း။ တလမှ ကျပ် ၃ သိန်းပဲ။ အဲဒီတော့ ဒီငွေ ကြေးက သူတို့ လုံခြုံရေး ဝန်ထမ်းတယောက်ရဲ့ လစာတောင် မရှိဘူး”ဟုလည်း ပြောဆိုသည်။
ယခင် ဥပဒေအဟောင်းတွင် စည်ပင်ကော်မတီ၏ သတ်မှတ်ချက်များနှင့်အညီ မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်၊ ခွင့်ပြုချက် များ မရရှိဘဲ လူနေထိုင်ရန် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် အခြားလုပ်ငန်းတခုခု ဆောင်ရွက်ခြင်းတို့အတွက် တရက်လျှင် ဒဏ်ငွေ ကျပ် ၁ သောင်းသာ သတ်မှတ် ထားသော်လည်း ယခု ၂ဝ၁၈ ခုနှစ် ဥပဒေအသစ်၌ ပထမအကြိမ်တွင် ဒဏ်ငွေကျပ် ၃ သိန်းမှ သိန်း ၃ဝ အထိ ချမှတ်နိုင်ပြီး ထပ်မံကျူးလွန်လျှင် ထောင်ဒဏ် ၁ နှစ် ချမှတ်ရမည်ဟု ပါရှိလာသည်။
ထိုကဲ့သို့ အများပြည်သူပိုင် မြေများပေါ်တွင် ဆိုင်ခန်းများ ဆောက်လုပ်ခြင်း၊ ဘောလုံးကွင်းများကို မြေနေရာ ချထားပေး ခြင်း စသဖြင့် ရန်ကုန်မြို့တွင် ၂ဝ၁၈ ခုနှစ် စည်ပင်ဥပဒေ မပြဋ္ဌာန်းချိန်အထိက ထိုကဲ့သို့ စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်သည့် အမှုအခင်း များစွာရှိနေသော်လည်း ဥပဒေအသစ်ဖြင့် အရေးမယူနိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ထိုကဲ့သို့ စည်ပင် ဥပဒေ အသစ်ပြဋ္ဌာန်းလိုက်သော်လည်း ယခင်အချိန်ကတည်းက ဖြစ်ပျက်ခဲ့သည့် အမှုအခင်းများ ဖြစ် သည့် အတွက် ယခင်ဥပဒေနှင့်သာ ဒဏ်ငွေရိုက်ခြင်း၊ အရေးယူခြင်းများ ဆက်လက်ပြုလုပ်နေရခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ထို ကိစ္စသည် မိမိတို့ မြို့တော်စည်ပင်ဌာနနှင့် မသက်ဆိုင်ဘဲ တရားရုံး၏ ဥပဒေ စီရင်မှုနှင့်သာ သက်ဆိုင်သည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေး၊ ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသည့် အရာရှိ ဦးကျော်မင်း က ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာ ၇ ရက်က ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ၏ သတင်းစာ ရှင်းလင်း ပွဲတွင် ဧရာဝတီ၏ မေးမြန်းမှုကို စည်ပင်အရာရှိ ဦးကျော်မင်းက ဖြေကြားခြင်း ဖြစ်သည်။
ဦးကျော်မင်းက“ဥပဒေတခုရဲ့ အရေးပါမှုနဲ့ ပြောမယ်ဆိုရင်တော့ အမှုဖြစ်တဲ့အချိန်မှာ တည်ဆဲဥပဒေနဲ့ပဲ အရေးယူသွားရ မှာ ဖြစ်ပါတယ်။ နောက် အရေးယူချင်သလိုလည်း ကျနော်တို့က အရေးယူလို့ မရပါဘူး။ ကျနော်တို့က တိုင်းဥပဒေ အကြံပေးက ပေးတဲ့ ဥပဒေနဲ့ပဲ ကျနော်တို့က အရေးယူလို့ ရပါတယ်။ ဒါ့ကြောင့် အဲ့ဒီအချိန်၊ အဲဒီအခါမှာ ရှိနေတဲ့ တည်ဆဲဥပဒေနဲ့ပဲ အရေး ယူဆောင်ရွက်တဲ့ အနေအထား ဖြစ်ပါတယ်”ဟု ဆိုသည်။
၎င်းက ဆက်လက်၍“နောက် ဒဏ်ငွေချတာတွေက ကျနော်တို့ အပိုင်းမဟုတ်ပါဘူး။ တရားရေးမဏ္ဍိုင်က ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျနော်တို့က စွပ်စွဲခံရသူကို တရားရုံးပို့၊ တရားရုံးမှာ စစ်ဆေးကြားနာ ပြီးတော့မှ အပြစ်ရှိရင် တရားရုံးက ဒဏ် ငွေ ချတာဖြစ်ပါတယ်။ အဲဒီဟာက တရားရေး မဏ္ဍိုင်ကိုပဲ မေးခွန်းထုတ်ရမယ့် အပိုင်း ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။
၁၉၇၃ ခုနှစ် စကားရပ်များ ဖွင့်ဆိုရေး ဥပဒေတွင် ဥပဒေအသစ် ပြဋ္ဌာန်းပြီးသော်လည်း အမှုအခင်း ဖြစ်ချိန်သည် ဥပဒေ အသစ် ၏ အရှေ့ပိုင်းကာလမှ အမှုအခင်းဖြစ်လျှင် ဥပဒေအဟောင်းဖြင့်သာ ဆက်လက်စစ်ဆေး စီရင်ရမည်ဟု ပြဋ္ဌာန်း ထားသော်လည်း အမှုအခင်းများ ဆက်လက် ကျူးလွန်နေလျှင်တော့ ဥပဒေအသစ်ဖြင့် စီရင်၍ရကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။
ယခုလို ၂ဝဝ၃ ခုနှစ် စည်ပင်ဥပဒေဖြင့် ဒဏ်ငွေချမှတ်ထားခဲ့သည် ဆိုသော်လည်း ယနေ့အချိန်အထိ ထိုခွင့်ပြုချက်မဲ့ အဆောက်အအုံများကို ဆက်လက် အသုံးပြုနေသည်ဆိုလျှင် လက်ရှိ တည်ဆဲဥပဒေဖြစ်သည့် ၂ဝ၁၈ ခုနှစ် စည်ပင် ဥပဒေ ဖြင့် ဆက်လက် အရေးယူနိုင်သည်ဟု ၎င်းက ပြောသည်။
တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း“အဲ့ဒီလိုသာ ၂ဝ၁၈ ခုနှစ် စည်ပင်ဥပဒေ မထွက်ခင်ကတည်း က ချမှတ်ထားတဲ့ ဒဏ်ငွေကို ဆောင်ပြီး ကနေ့ အချိန်အထိ ဆက်လက်နေထိုင် လုပ်ကိုင်နေတယ်ဆိုရင် ဥပဒေအသစ်နဲ့ တရား ပြန်စွဲရမှာက စည်ပင်အလုပ်ပဲ။ သူတို့က ဥပဒေအသစ်ရှိလာပြီဖြစ်တဲ့ အတွက် ဥပဒေအသစ်မှာပါသလို ထောင်ဒဏ်တွေ အထိပါ ချမှတ်လို့ရနိုင်တာ၊ နောက် ဒီအဆောက်အအုံကို ဖျက်ခိုင်းဖို့ဟာ ဒါတွေ အားလုံးက စည်ပင်လုပ်ရမှာ။ တရား စီရင်မှု ကို လွှဲချနေလို့မရဘူး”ဟု ပြောဆိုသည်။
တရားစီရင်မှုအကြောင်း အတိအကျ မသိသော်လည်း တရားလိုဖြစ်သူက စည်ပင်သာယာရေး ကော်မတီသာဖြစ်သည့် အတွက် ယနေ့အချိန်အထိ ဒဏ်ငွေ နည်းနည်းဖြင့် စီးပွားရေး အခိုင်အမာ ပြုလုပ်နေကြသည့် အများပြည်သူပိုင်မြေပေါ်မှ အဆောက်အအုံများနှင့် ပတ်သက်ပြီး စည်ပင်သာယာရေး ကော်မတီတွင်သာ တာဝန်ရှိသည်ဟု တိုင်းလွှတ်တော် ကိုယ် စားလှယ် ဦးနေဘုန်းလတ်က ဆိုသည်။
လက်ရှိ ရန်ကုန်မြို့တော်စည်ပင်ဌာန အနေဖြင့် မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ၏ မေးမြန်းမှုများကို တိကျသေချာစွာ ဖြေကြားလေ့ မရှိသည်က ထုံးစံလို ဖြစ်နေကြောင်း၊ တရားရေးစီရင်မှု၏ ကဏ္ဍဟု ဆိုသော်လည်း အမှန်တကယ်အားဖြင့် ယနေ့အချိန်အထိ ဒဏ်ငွေရိုက်သည့် အမှုအခင်းများကို ရပ်တန့်ကာ ထပ်မံသတိပေးစာများ ထုတ်ပြန်ပြီး ဆက်လက် ကျူးလွန်နေလျှင် လက်ရှိ ထောင်ဒဏ်များအထိပါ ချမှတ်နိုင်သည့် ၂ဝ၁၈ ခုနှစ် စည်ပင်ဥပဒေဖြင့် တရားစွဲသင့်သည်ဟု ၎င်းက ပြောသည်။
ဦးနေဘုန်းလတ်က“ကျနော့်ကို အဲ့ဒီဒေသခံတွေက တွေ့တိုင်း အဲဒီကိစ္စ ပြောပြကြတယ်။ ကျနော့်အနေနဲ့ ဒါကို တရားရေး က တာဝန်ရှိတယ် ဆိုရင်တောင် စည်ပင်နဲ့ တရားရေးတို့ နည်းလမ်းရှာဖို့ လိုတယ်။ နောက်ကြောင်းပြန် အရေးမယူနိုင်ရင် တောင် ဘယ်လိုနည်းလမ်း လုပ်လို့ရမလဲဆိုတာ တာဝန်ရှိသူတွေ ဆွေးနွေးသင့်တယ်။ အခုအချိန်ထိ ဒဏ်ငွေချထားတာ တွေကို ရပ်လိုက်၊ ပြီး အသစ်ပြန်ဆွဲ။ အဲဒါမှ ဆက်ဖွင့်နေတယ်၊ ဆက်လုပ်နေတယ်ဆို ထောင်ဒဏ်တွေနဲ့ပါ အပြစ်ပေး။ အဲဒီလို လုပ်ဖို့လိုတယ်”ဟုလည်း ပြောဆိုသည်။