ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွား နေစဉ် တိုက်ပွဲကြား ရွာသားနှစ်ဦး သေဆုံးသွားရာ ထိုရုပ်အလောင်းများကို သဂြိုဟ်ရန် သယ်ထုတ်ခွင့် မရသေးဟု သိရသည်။
တိုက်ပွဲအတွင်း သေဆုံးသွားသည့် အရပ်သား ၂ ဦးမှာ အသက် ၇၀ ကျော်အရွယ် ဒေါ် စံဝင်းဖြူနှင့် အသက် ၁၇ နှစ် အရွယ် မောင်အောင်နိုင်တို့ ဖြစ်ပြီး၊ ဒေါ်စံဝင်းဖြူမှာ တိုက်ပွဲ ပစ်ခတ်မှုကြောင့် ကြောက်လန့်ကာ သေဆုံးသွားခြင်း ဖြစ်ပြီး၊ မောင်အောင်နိုင်မှာမူ မည်သည့်အတွက် သေဆုံးသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။
ရသေ့တောင်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ကျောက်တန်းရွာမှာ မနေ့က မနက် ၉ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်တာ ။ ဒီနေ့ ၉ နာရီကျော်အထိ တိုက်ပွဲက ဖြစ်နေတုန်း၊ အဲဒီမှာ အသက် ၇၀ ကျော် နေမကောင်း ဖြစ်နေတဲ့ အမျိုးသမီး ၁ ဦး ကြောက်လှန့်ပြီးတော့ ဆုံးတာ ရှိတယ်။ နောက်တခါ ဆွံအနားမကြားတဲ့ လူငယ် ၁ ဦး ဆုံးသွားတာ ရှိတယ်။ အလောင်းက ဒီအတိုင်းပဲ ရှိသေးတယ်။ ဘယ်သူမှ လည်း သွားမယူရဲကြဘူး” ဟု ဧရာဝတီသို့ ပြောသည်
အဆိုပါ သေဆုံးသွားသည့် ကျေးရွာသား ၂ ဦး၏ ရုပ်အလောင်းကို သွားရောက်ယူဆောင်ရန် လက်ရှိအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ၊ ကြက်ခြေနီကော်မတီ ( ICRC ) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အဖွဲ့စည်းများနှင့် တိုင်ပင်ဆွေးနွေးလျှက် ရှိကြောင်းလည်း ဦးခင်မောင်လတ်က ဆက်လက်ပြောကြားသည်။
ကြက်ခြေနီကော်မတီ ( ICRC ) စစ်တွေရုံးခွဲမှ တာဝန်ရှိသူ တဦးက “ကျောက်တန်းရွာကိစ္စကို ကျမတို့ ဌာန ဆိုင် ရာတွေ ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးနေ ကြတယ်။ နောက်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက မြို့နယ် ၊ ခရိုင် ၊ ပြည်နယ်က တာဝန်ရှိသူတွေကို လှမ်းပြီးတော့ အကြောင်းကြားတာ ရှိသေးတယ်။ လောလောတယ်တော့ အခြေအနေအရ မသွားဖြစ်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် အောက်တိုဘာလ ၈ ရက်နေ့က အတည်းက နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိပြီး ကျေးရွာသားများမှာလည်း လက်ရှိအချိန်တွင် နီးစပ်ရာ ကျေးရွာသားများသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ကျောက်တန်းကျေးရွာသား များက ပြောသည်။
ကျောက်တန်းကျေးရွာနေ ဒေါ်အေးရီက “ မနေ့က စစ်သားတွေက အောင်သာစည်ရွာဘက်ကနေ သေနတ်ပစ်ပြီး ကျောက်တန်းရွာကို ရောက်လာကြပါတယ်။ ကျောက်တန်းရွာက စစ်သားတွေ အထွက် အဲဒီမှာ တခါ တိုက်ပွဲတွေ ဖြစ်ကြပါတယ်။ မနေ့ကဆို တရက်လုံး တိုက်ပွဲဖြစ်တယ်။ နေမကောင်းဖြစ်နေတဲ့ အဘွားတဦးနဲ့လည်း နှလုံးရပ်ပြီး တော့ ဆုံးသွားတယ်။ မိသားစုတွေလည်း အလောင်းနားမှာ စောင့်ပြီး မနေ နိုင်ခဲ့ဘူး ။ တခါလည်း ထွက်ပြေး ကြရ တယ်။ အလောင်းလည်း အခုထိ ရွာထဲမှာပဲရှိသေးတယ်။ အလောင်းကို သဂြိုဟ်ဖို့ ရွာသားတွေလည်း မသွားရဲကြဘူး” ဟုဧရာဝတီသို့ ပြောသည်။
ယင်းအပြင် ထွက်ပြေးမရောက်ဘဲ သက်ကြီးရွယ်အို တချို့မှာလည်း ကျေးရွာ အတွင်း ပိတ်မိ နေကြောင်းလည်း ကျေးရွာသားများက ဆိုသည်။
ထို ကျောက်တန်းရွာ တိုက်ပွဲဖြစ်ပွားမှုနှင် ပတ်သက်ပြီး ဧရာဝတီမှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်ခဲ့ရာ ရသေ့တောင် ကျောက်တန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “အဲဒီကျောက်တန်းရွာဘက်မှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူးဗျ။ ကျနော်တို့ တပ်မ တွေ လည်း အဲဒီဘက်မှာ မရှိဘူး” ဟု ပြောသည်။
ကျောက်တန်းရွာ အတွင်း နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှု အပေါ် ဧရာဝတီမှ ရက္ခိုင့်တပ်တော် ( AA ) သတင်းပြန်ကြား ရေးတာဝန်ခံ ဦးခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ ။