အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသူ ရွှေပေါက္ကံနယ်မြေ စခန်းမှူးဟောင်း (ယခင် သုဝဏ္ဏ နယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကို အမှု ၁ နှစ်ပြည့်ပြီ ဖြစ်သော်လည်း တရားလိုပြသက်သေ ၇ ဦးသာ စစ်ဆေးပြီး ကြောင်း သိရသည်။
ထိုအမှုအတွက် တရားလိုပြသက်သေ စုစုပေါင်း ၁၈ ဦး အနက် ၇ ဦးမြောက် သက်သေကို ရန်ကုန် တိုင်း တရား လွှတ်တော် ၏ ယနေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ပြီး လာမည့် ရုံးချိန်းကို အောက်တိုဘာ၂၃ ရက်သို့ ပြန်လည် ချိန်းဆို ထားကာ ကျန်ရှိ သက်သေများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း ရဲအုပ် ချစ်ကိုကို၏ ရှေ့နေ ဦးသန်းအောင် က ဧရာဝတီ ကို ပြောသည်။
ယနေ့ တရားခွင်တွင် တရားလိုပြသက်သေ ဒေါ်ဥမ္မာတင်ကို စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ၎င်း၏သား ပြည့်ဖြိုးအောင် (ခ) အောင်လေး ရင်ဆိုင်ခဲ့ရသည့် လူသတ်မှု အပေါ်တွင် ရဲအုပ် ချစ်ကိုကို အနေဖြင့် မည်သည့် ငွေကြေး၊ လာဘ်ငွေ တစုံ တရာ တောင်းခံခဲ့ခြင်း မရှိခဲ့သလို ဒေါ်ဥမ္မာတင် အနေဖြင့်လည်း ငွေကြေးတစုံတရာ ပေးခဲ့ရခြင်းမျိုး မရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ရှေ့နေ ဦးသန်းအောင်၏ မေးမြန်းချက် အပေါ် တရားလိုပြသက်သေက ထိုကဲ့သို့ ဖြေဆိုခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ အမှုသည် ရဲအုပ် ချစ်ကိုကိုသည် ရဲလုပ်ငန်း တာဝန်အရ ဆောင်ရွက်ခဲ့သည်များနှင့် ပတ်သက်၍ အဓိက မေးမြန်းခဲ့သည်ကိုလည်း တွေ့ရသည်။
ရဲအုပ် ချစ်ကိုကိုသည် ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုအား ရုပ်သိမ်းပေးခဲ့ရာတွင် ရဲလုပ်ငန်းများကို ကုန်စင်အောင် မလုပ်ခြင်း၊ သံသယ တရားခံ ၃ ဦးထဲမှ သန်းထွဋ်အောင်(ခ) သားကြီး၏ ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေ ကျပ်သိန်း ၃၀ ယူခဲ့ခြင်းတို့ကြောင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် တရားစွဲ ခံထား ရခြင်း ဖြစ်သည်။
ပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိ ရှိသူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ (သို့) လုပ်ပိုင်ခွင့် အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် အပါအဝင် ၆ ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ထောင်ဒဏ် ၁၀ နှစ် အထက် ချမှတ်နိုင်သည့် ပုဒ်မများဖြင့် ၂၀၁၈ စက်တင်ဘာ ၂၅ ရက်က တရားစွဲတင်ခဲ့ခြင်း ဖြစ်ရာ ယခုဆိုလျှင် ၁ နှစ် ပြည့်ပြီ ဖြစ်သည်။
ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ၅ ဦး၏ ရာဇဝတ်ကြီးအမှု အမှတ်(၆)သည် တရားလိုဖြစ်သူ အဂတိလိုက်စား မှု တိုက်ဖျက်ရေး ကော်မရှင် စုံစမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်ကို အပြန်အလှန် မေးမြန်းနေစဉ် ရှေ့နေချုပ်ရုံးမှ ပြည် ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ပြင်ဆင်မှု အမှုတွဲ ၃ ခု တင်ထားရာ ရန်ကုန်တိုင်း တရားလွှတ်တော်တွင် ရုံးချိန်း သာ ခေါ်ဆိုပြီး စစ်ဆေးမှုကို ရပ်ဆိုင်းထားရကြောင်း သိရသည်။
၂၀၁၆ ခုနှစ်မှ စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်သော နှစ်သစ်ကူး ပွဲ တွင် လူတစုက ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံးတွင်လည်း စွပ်စွဲခံရသူ သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် ကျော်ဇောဟန်(ခ)ကျော်ဇော တို့ကို ပြန်လည် စစ် ဆေးကာ လူသတ်မှုဖြင့် စွဲချက်တင်ထားသည်။
ထို့အတွက် ကျေနပ်မှု မရှိဟုဆိုကာ ၎င်းတို့ ၃ ဦးက တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှု လျှောက်လွှာ တင်ထား သဖြင့် ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးမှုကို ရပ်ဆိုင်းထားရသည်။