နေပြည်တော် ကောင်စီနယ်မြေ၌ ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယား (Victoria) အမှုတွင် တရားခံအဖြစ် စွပ်စွဲခံထားရသည့် ကိုအောင် ကြီး အာမခံရရှိရေး ရှေ့နေများ၏ တင်ပြချက်ကြောင့် နောက်လာမည့် ရုံးချိန်းတွင် အမိန့်ချမည် ဖြစ်ကြောင်း သိရ သည်။
ကိုအောင်ကြီး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က“နောက်ရုံးချိန်းကျရင် အမိန့်ချမယ်။ အာမခံ ပေး၊ မပေးကို အမိန့်ချမှာပါ”ဟု တရားခွင် စစ်ဆေးအပြီး သတင်းထောက်များကို ပြောသည်။
ယနေ့ စစ်ဆေးသည့် ၈ ကြိမ်မြောက် ရုံးချိန်းတွင် Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး၏ ခင်ပွန်းဖြစ်သူ ရဲအုပ် ရန်နောင်စိုးနှင့် ယင်းကျောင်းမှ ကျောင်းဖယ်ရီကား မောင်းသည့် ယာဉ်မောင်း ၂ ဦး စုစုပေါင်း ၃ ဦးကို စစ်ဆေးသည်။
သံသယ တရားခံ ကိုအောင်ကြီးကို အာမခံ ရရှိရန်အတွက်လည်း လျှောက်လဲချက် တင်ပြခဲ့ကြသည်။
ထိုသို့ ကိုအောင်ကြီး၏ ရှေ့နေက တင်ပြသည့် လျှောက်လဲချက်အား တဖက်ရှေ့နေဖြစ်သည့် အစိုးရ ရှေ့နေဖြစ်သူ ဥပဒေ အရာရှိကလည်း ကန့်ကွက်ခဲ့သည်ကို တရားခွင် အတွင်း စစ်ဆေးမှု အရ သိရသည်။
ကိုအောင်ကြီး အာမခံ ရရှိရန် အတွက် ပြီးခဲ့သည့် ရုံးချိန်းပေါင်း ၇ ချိန်းတွင် အမှုနှင့် တိုက်ရိုက် ဆက်စပ်နေသူများ၏ ထွက် ဆိုချက်များသည် ကိုအောင်ကြီး မဟုတ်ကြောင်း ထင်ရှားနေသည့် အပြင် ကလေးငယ် ကိုယ်တိုင်က ကိုအောင်ကြီး ကို မသိကြောင်း ထွက်ဆိုထားသည့် ဗီဒီယိုဖိုင် သက်သေခံတခုကိုလည်း ရုံးတော်က လက်ခံထားပြီး ဖြစ်၍ ကိုအောင်ကြီး အာမခံ ရနိုင်သည်ဟု ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
ယင်းအမှုသည် သာမန်အမှုမျိုး မဟုတ်ဘဲ ထူးခြားသည့် အမှု ဖြစ်သည့် အတွက် ရုံးတော် အနေဖြင့် လွယ်လွယ်ကူကူ လက် မခံသင့်ကြောင်း၊ အာမခံပေး၍ရသည့် ပုဒ်မမျိုး မဟုတ်ကြောင်း စသဖြင့် ထောက်ပြ၍ ယင်းလျှောက်လဲချက်ကို ရုံးတော်က လက်မခံရန် အစိုးရ ရှေ့နေ ဥပဒေ အရာရှိက ယနေ့တရားခွင်တွင် တင်ပြသည်။
ထိုသို့ နှစ်ဘက်ရှေ့နေများ ရုံးတော်သို့ အပြန်အလှန် လျှောက်လဲချက်များ တင်ပြသည့် အတွက် ဒက္ခိဏ ခရိုင် တရား သူကြီး ဖြစ်သူ ဦးတင့်လွင်က“ရှေ့တပတ်မှာ အမိန့်ချပါမယ်”ဟု ပြောသည်။
ယနေ့ ရဲအုပ် ရန်နောင်စိုး၏ ထွက်ဆိုချက်များသည် ထူးခြားမှု များစွာရှိသော်လည်း ကိုအောင်ကြီး ပေးထားသည့် ထွက်ဆိုချက်များနှင့် ရဲအုပ် ရန်နောင်စိုး၏ ထွက်ဆိုချက်တချို့ ကွဲလွဲမှုများ ရှိနေကြောင်းကိုလည်း ကိုအောင်ကြီး၏ ရှေ့နေ တဦးဖြစ်သူ ဒေါ်စုဒါလီအောင်က ဆိုသည်။
“ကွဲလွဲတာက ကျမတို့ကို အောင်ကြီးက Instruction ပေးထားတာက ၁၆ ရက်နေ့ မနက်ခင်းက အောင်ကြီးရဲ့ တိုက် ရှေ့ မှာ သူတို့က လာခေါ်တယ်လို့ အောင်ကြီးက Instruction ပေးထားတယ်။ ဒါပေမယ့် ကျမတို့ ဒီနေ့မေးတဲ့ အခါမှာ အောင်ကြီး က သူ့အိမ်ကို လာတယ်ဆိုပြီးတော့ ကွဲလွဲတယ်”ဟု ဒေါ်စုဒါလီအောင်က ယနေ့ တရားခွင် စစ်ဆေးမှု အခြေ အနေကို ရှင်းပြသည်။
ယင်းအမှုတွင် အဓိကကျသူများ ဖြစ်သည့် ဗစ်တိုးရီးယား၏ မိခင်၊ ဖခင်၊ အဘွားနှင့် ဗစ်တိုးရီးယားနှင့် ဒေါ်ဥမ္မာလှိုင်၏ ခင်ပွန်း ဖြစ်သူတို့ကို စစ်ဆေးပြီးဖြစ်သည်။
လာမည့် ၉ ကြိမ်မြောက် ရုံးချိန်းအား အောက်တိုဘာလ ၂၃ ရက်နေ့သို့ ချိန်းဆိုလိုက်ပြီး ကိုအောင်ကြီး အာမခံ ရ၊ မရ ကိုလည်း ထိုနေ့ တရားရုံးတွင် သိရမည် ဖြစ်ကြောင်း၊ ကျောင်း CCTV (လုံခြုံရေးကင်မရာ) ကိုင်ဆောင်သည့် ကိုရန်နောင်ဌေး နှင့် ကျောင်းဘက်မှ ဆရာမ ၂ ဦးကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း ရှေ့နေ ဦးခင်မောင်ဇော် က သတင်းထောက် များကို ပြောသည်။
ရဲတပ်ဖွဲ့က သံသယ တရားခံ အဖြစ် မူကြိုကျောင်း၊ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူ ကိုအောင်ကျော်မျိုး (ခ) ကိုအောင်ကြီး ကို ဇူလိုင် ၄ ရက်က ဒက္ခိဏခရိုင် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် တရား စွဲတင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသည့် ကိုအောင်ကြီး ဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင်၊ ဦးနေတူးနှင့် အထက်တန်းရှေ့နေ ဦးသဲမောင်မောင် တို့က လိုက်ပါဆောင်ရွက်မည် ဖြစ်ပြီး တရား လို ဘက်မှ တရား လွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်၊ ဦးမျိုးဇော်အောင်နှင့် ဒေါ်လှဝင်းသန်းတို့က လိုက်ပါ ဆောင်ရွက်မည် ဖြစ်ကြောင်း ဒက္ခိဏခရိုင် တရားရုံးက သိရသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါ ကျောင်းသူကလေးသည် မေလ ၁၇ ရက်က လိင်အကြမ်းဖက် ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှု ဖွင့်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ကလေးငယ် မဖွယ်မရာ ပြုလုပ်ခံရသဖြင့် မိခင် အများစုသည် စိုးရိမ်မှုများနှင့် ထိုဖြစ်ရပ်ကို ကျေနပ်မှုမရှိ ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြမှုများနှင့် နာမည်ကြီး အနုပညာရှင်များပါ ဝန်းရံ၍ တရားခံ အစစ် ပေါ်ပေါက်ရန် အလိုရှိကြောင်း ရေးသား ဖော်ပြမှုများ အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့ကြီးများ အပါအဝင် နိုင်ငံ အနှံ့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြပြီး ယနေ့အထိ အမှုအပေါ် စောင့်ကြည့် လေ့လာ နေကြ သည်။