ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ ဆောက်လက်စ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရုံးရှေ့ အနီးတွင် ယနေ့ နံနက် ၉ နာရီခန့်က ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားကြောင်း သတင်း ရရှိသည်။
ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းက“ဗုံးပေါက်ကွဲမှု ဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဆောက်လက်စ ကျနော် တို့ ပါတီရုံးရှေ့နားမှာ ပေါက်တာပါ။ အဲဒီလိုလုပ်တာကတော့ ကျနော်တို့ NLD ပါတီကို အတိုက်အခံ လုပ်တဲ့ အဖွဲ့အစည်းတွေက ကျနော်တို့ ပါတီဝင်တွေကို တနည်းနည်းနဲ့ ခြိမ်းခြောက်တာ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောချင် တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တရားခံအား စုံစမ်းဖော်ထုတ်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများကို အကြောင်း ကြားထားသလို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုံထံလည်း သတင်းပို့ တိုင်ကြားထားကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ NLD ပါတီ ရုံးသစ်သည် ဘူးသီးတောင်မြို့ ပန်းဇင်းချောင်းတံတား အရှေ့ဘက် ရသေ့တောင်မြို့သို့ သွားသည့် လမ်းမပေါ်တွင် တည်ရှိပြီး ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် တစုံတရာထိခိုက်မှု မရှိသော်လည်း မြို့ခံများ အနေဖြင့် စိုးရိမ် ထိတ်လန့်မှု ဖြစ်နေကြကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူဝင်းက ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကို မှန်ကန်ကြောင်း အတည်ပြုသော် လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ အပိုင်ဖြစ်သည့် အတွက် ဖြစ်စဉ်အပေါ် အသေးစိတ် မသိကြောင်း ပြောပြသည်။
ရဲမှူး ကျော်သူဝင်းက“ဗုံးပေါက်ကွဲမှု ဖြစ်တာကတော့ မှန်တယ်ဗျ။ NLD ရုံးရှေ့နားမှာ ဖြစ်တာ။ ဘူးသီးတောင်မြို့ကနေ ရသေ့တောင်သို့ အထွက် မြို့စွန်မှာ ဖြစ်တာ။ ကျနော်တို့ အပိုင် မဟုတ်ဘူး၊ နယ်ခြားစောင့်ရဲအပိုင်မှာ ဖြစ်တာဆိုတော့ ဖြစ်စဉ် အသေးစိတ်ကိုတော့ ကျနော်တို့ မသိဘူး”ဟု ပြောသည်။