ရန်ကုန်မြို့ပြဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)တွင် မဟာ စီမံကိန်း (Master Plan) အားနည်းချက်များကြောင့် တိုင်းပြည်၏ ဘဏ္ဍာများ ဆုံးရှုံးနေရကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဝန်ခံ ပြောကြားသည်။
ရန်ကုန်မြို့YCDC ရုံး၌ အောက်တိုဘာ ၇ ရက်က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာနမှ ကွန် ကရစ်လမ်းများ ခင်းပြီးမှ ရေပိုက်များ သွယ်တန်းရန် လမ်းများကို ပြန်ဖျက်ရခြင်း အကြောင်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် အထက်ပါအတိုင်း မြို့တော်ဝန်က ဖြေကြားခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြုလုပ်ခြင်းများကြောင့် တိုင်းပြည်ဘဏ္ဍာ ဆုံးရှုံးသည့်အပြင် အရည်အသွေးပိုင်းတွင်ပါ ကျဆင်းမှုဖြစ်ရကြောင်း၊ ထိုကိစ္စကို မိမိတို့အနေဖြင့် တတ်နိုင်သမျှ လိုက်လံ ထိန်းကျောင်းနေပါကြောင်း၊ အထူးသဖြင့် ရေသန့်ဌာန၊ လျှပ်စစ်ဌာနနှင့် လမ်းတံတားဌာန တို့ ၃ ခုသည် တခုနှင့် တခု ချိတ်ဆက်မှု အားနည်းနေကြောင်း ၎င်းက ဆိုသည်။
မြို့တော်ဝန်က “အဲဒါ ကျနော်တို့ အမြဲတမ်း မှားနေတဲ့ အရာတွေပဲ။ သစ်ပင်၊ ကားလမ်း၊ ဓာတ်တိုင်၊ မြေအောက်လိုင်းကြိုး တို့ပေါ့။ အဲ့ဒါ ဘာလို့လဲဆိုတော့ Master Plan အားနည်းချက်ပေါ့။ ကျနော်တို့ဌာနမှာ အမြဲတမ်း ညှိနေကြရတယ်။ လမ်း ခင်းပြီးမှ လမ်းပြန်ဖောက်ရတာမျိုးပေါ့။ မကောင်းဘူးဗျ၊ ပြင်ရမယ် အဲဒါတွေကို” ဟု ပြောသည်။
ထို့ပြင် ၎င်းက “သို့သော်လည်း တခါတလေ ကျနော်တို့မှာ အရေးပေါ် လုပ်လိုက်ရတာတွေ ရှိတယ်။ နောက်တခုက ကျနော်တို့ အစိုးရ မတက်ခင် ခင်းထားတဲ့ လမ်းတလျှောက် ကြိုးထည့်ဖို့ တောက်လျှောက် ပြန်ဖောက်တဲ့ဟာ။ ဒါမျိုး မလုပ်သင့်ဘူး။ အဲဒါလည်း ကျနော် အမြဲ ပြောနေတယ်” ဟုလည်း ပြောဆိုသည်။
အဆိုပါ ကိစ္စမျိုးသည် မိမိတို့ လွှတ်တော်အတွင်း အကြိမ်ကြိမ် ဆွေးနွေး မေးခွန်းထုတ်ခဲ့ပြီးသော်လည်း ၄ နှစ်တာ ကာလ အထိ ရောက်ရှိလာသည့်တိုင် ပြင်ဆင်နိုင်ခြင်း မရှိသေးသဖြင့် သက်ဆိုင်ရာဌာနများကို ဦးဆောင်ကြသူများ အနေဖြင့် အသိရှိရှိဖြင့် လိုက်မလုပ်ခြင်းမှာ ထင်ရှားကြောင်း၊ ၎င်းတို့ အနေဖြင့် ဌာနချင်း ချိတ်ဆက်မှု အားနည်းသည်ကို ဝန်ခံသော် လည်း ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးမှုကိုတော့ အလေးထားသင့်ကြောင်း ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဝေဖန်ပြောဆိုသည်။
မိမိတို့ အနေဖြင့် ပထမနှစ်တွင် အားနည်းသည်ကို လက်ခံသော်လည်း ဒုတိယနှစ် ရောက်လျှင် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ တတိယနှစ်ရောက်သည့် အခါ စနစ်တခုက အထိုင်ကျသင့်ကြောင်းလည်း ၎င်းက ဆိုသည်။
ဒေါ်ကြည်ပြာက “စည်ပင်က လူတွေကို ကျမတို့က ဒါလေး ပြင်ပေးပါဆိုပြီး ပြောလိုက်တဲ့ဟာက လွန်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ကတည်းက ကျမတို့ ပြောထားတဲ့ အရာ။ ဒီနှစ်ထပ်ပြောလည်း နောက်နှစ် ဘတ်ဂျက်ကျရင် ကိုယ်စားလှယ်ကြီး တင်ပြ တာကို ရေးဆွဲပါ့မယ်ဆိုတာချည်းပဲ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ပြောခဲ့တာတောင် အခုထိ ဖြစ်မလာသေးတာတွေ ရှိနေတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “နောက်တခုက ဌာနကို ဦးဆောင်ကြသူတွေဟာ ဘတ်ဂျက်ရေးဆွဲတာကို အသေးစိတ်တောင် ကြည့်မယ် မထင်ဘူး။ လမ်းခင်းမယ်ဆိုရင် လျှပ်စစ်ဘက်က ဘာတင်ပြမလဲဆိုတာ သက်ဆိုင်ရာ ဝန်ကြီးအချင်းချင်း ညှိကြရမှာ။ အခုက အဲဒီလို မရှိဘူး။ နောက်ဆုံးပြောရရင် ဝန်ကြီးဌာနတခုတည်း အောက်မှာတောင်ရှိနေတဲ့ သက်ဆိုင်ရာ ဌာနအချင်းချင်း ချိတ်ဆက်မှု မရှိတော့ တခြားဟာတွေဆို မပြောနဲ့တော့” ဟု ပြောဆိုသည်။
လက်ရှိ အခြေအနေအထိ အစိုးရအဖွဲ့တွင် ဌာနဆိုင်ရာများသည် မိမိတို့ကိစ္စ မိမိတို့ဘာသာလုပ်ပြီး ဌာနချင်း ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ပြည်သူ့ဘဏ္ဍာများ လေလွင့် ဆုံးရှုံးနေဦးမည် ဖြစ်ပြီး၊ အောင်မြင်သော အစိုးရ ဖြစ်စေရန် ဌာနဆိုင်ရာများ အကုန်လုံးသည် ခိုင်မာသည့် ချိတ်ဆက် စီမံဆောင်ရွက်မှု ရှိရန် လိုအပ်သည်ဟု သင်္ဃန်း ကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်(ခ) ဦးနေမျိုးကျော်က သုံးသပ်သည်။
မိမိတို့ တက်ရောက်ခွင့်ရသည့် ဌာနဆိုင်ရာများ အားလုံးပါဝင်သည့် စီမံကိန်း အစည်းအဝေးများတွင် အမြဲ အကြံပြု ပြောနေသော်လည်း ယနေ့အချိန်ထိ ဖြစ်မလာသေးသည်ကို အားမလိုအားမရ ဖြစ်ရကြောင်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး အတွက် မြို့တော်ဝန်၌ တာဝန်ရှိသလို တခြားသော ဌာနများ၏ လုပ်ငန်းဆောင်တာအတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ်တွင် အဓိက တာဝန်ရှိကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ရေသန့်ဌာန၊ လျှပ်စစ်ဌာန စသဖြင့် တချို့ဌာနများတွင် စီမံချက် တခုပြုလုပ်သည်နှင့် ၎င်းစီမံချက်နှင့် သက်ဆိုင် သည့် မြေပုံရှိပါသည်ဟု ဆိုနေသော်လည်း မြို့နယ်အဆင့်များတွင်ပင် အဆိုပါ မြေပုံမျိုး မရှိသည်ကို လက်တွေ့ မြင်တွေ့ နေရဆဲဟု ၎င်းက ဆက်ပြောသည်။
ဦးနေဘုန်းလတ်က “ဟိုတလောက သင်္ဃန်းကျွန်း စံပြဆေးရုံမှာ ဘတ်ဂျက်ကျလို့ အဆောက်အအုံအသစ် တခု ဆောက် တယ်။ ဒါပေမယ့် အဲဒီဆောက်ရမယ့် နေရာအလယ်မှာ ဓာတ်တိုင်ကြီးက ရှိနေတယ်။ တင်ဒါအောင်တဲ့ ကုမ္ပဏီကလည်း အဲဒီဟာကို ထည့်မစဉ်စားခဲ့ဘူး။ လျှပ်စစ်ဌာနကလည်း ဒီဟာကို ရွှေ့ဖို့က ပိုက်ဆံမရှိဘူး။ လျှပ်စစ် သွယ်တန်းတဲ့ မြေပုံ မျိုးသာရှိ။ အဲဒီလို မဖြစ်ဘူး” ဟု ဆိုသည်။
ထိုကဲ့သို့ လမ်းများကို ခင်းပြီးမှ ပြန်ဖောက်ကာ တခြားစီမံချက်များ ဆောင်ရွက်ခြင်း နောက်ကွယ်တွင် အကျင့်ပျက် ခြ စားမှုများပင် ရှိလာနိုင်သည်ကို ထည့်တွက်ရမည် ဖြစ်ကြောင်း၊ စီမံချက် ဆောင်ရွက်ရာတွင် တင်ဒါရရှိထားသည့် ကုမ္ပဏီ များသည် တင်ဒါရရှိရေးကိုသာ အဓိက ဦးတည်ပြီး မြေပြင်တွင် ဖြစ်နိုင်ချေ ရှိမရှိကို သေချာစိစစ်မှုများ မလုပ်ကြသည် ကိုလည်း အများအပြား မြင်တွေ့နေရဆဲဟု ၎င်းက ဆက်လက် ပြောဆိုသည်။
You may also like these stories:
ကိုယ့်ကားကိုယ်စီး၍ အစိုးရ ဝန်ထမ်းလာလုပ်နေရခြင်းမှာ သဘာဝမကျဟု မြို့တော်ဝန်ပြော
ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ လက်ကမ်းကြော်ငြာ ဝေငှမှု လွှတ်တော်တွင် ဆွေးနွေး
စည်ပင် အမှုဟောင်းများ ဥပဒေသစ်ဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်ရန်လိုဟု ဆို