ယခင်အစိုးရ လက်ထက်က စီးပွားရေး လုပ်ငန်းရှင်များသို့ စံပြစိုက်ပျိုးရေးဇုန် ဖော်ဆောင်ရန် ပေးထားသောမြေကွက် များကို လက်ရှိ အစိုးရက ၈၀ ရာခိုင်နှုန်း ပြန်သိမ်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တွဲဖက်အတွင်းရေးမှူး ဦးသန်းက“ယခင်အစိုးရ လက်ထက် က စံပြ စိုက်ပျိုးဇုန် အဖြစ် အကောင်ထည်ဖော်ရန် ပေးထားတာ ရှိတယ်။ ဒါတွေက မြို့ပြ စီမံကိန်း ဆောင်ရွက်ဖို့ လန ၃၉ ရပြီးသား။ ဒါပေမယ့် မြို့ပြစီမံကိန်း အကောင်ထည်ဖော်တာ မအောင်မြင်တဲ့အတွက် ကျနော်တို့က လူနေဇုန်တွေ စီးပွားရေးဇုန်တွေ ပြန်လည် အကောင်ထည်ဖော်ဖို့ အစိုးရက ပြန်ယူမယ်။ အစိုးရက ၈၀ ရာခိုင်နှုန်း ပြန်ယူမယ်။ ကုမ္ပဏီ ကို ၂၀ ရာခိုင်နှုန်း ပေးမယ်”ဟု ပြောသည်။
လက်ရှိ အစိုးရက ပြန်သိမ်းမည့် အထက်ပါ မြေများမှ ၈၀ ရာခိုင်နှုန်းခန့်ကို နေစရာမရှိသူများနှင့် ရန်ကုန်တွင် လာရောက် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စက်မှုဇုန်များ၊ စီးပွားရေးဇုန်များ၊ အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် အတွက် နောက်ပိုင်းတွင် ရောင်းချသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့ပိုင်းတွင် စံပြ စိုက်ပျိုးရေးဇုန်ကြီးများ အဖြစ် သတ်မှတ်ခဲ့သော မြေဧက ၉၃၀၀ ကျော်ရှိပြီး ကုမ္ပဏီ တခုလျှင် ဧက ၃၀၀ မှ ဧက ၅၀၀ အထိ ပေးထားကြောင်း သိရသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော မြေယာရောင်းချရေး အဖွဲ့ဝင်လည်း ဖြစ်သည့် ဦးသန်းက“ဒီ ရာခိုင် နှုန်းအချိုးက အစိုးရ နဲ့ ကုမ္ပဏီတွေနဲ့ အခု ညိုနေတယ်။ သဘောတူတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ ပြန်ညိုဖို့ ကျန်တဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ ဒါက တပိုင်း၊ ရောင်းချရေးအဖွဲ့က ကုမ္ပဏီနဲ့ တိုက်ရိုက် ညိုမှာ မဟုတ်ဘူး။ အစိုးရက ညို မှာ”ဟု ဧရာဝတီသို့ ပြောသည်။
ယခုအချိန်တွင် အစိုးရက ဒဂုံ ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေ များကို နေစရာမရှိသူများနှင့် စီးပွားရေး လုပ်ကိုင်ရန် မြေနေရာ အခက်အခဲရှိသူများကို ရောင်းချပေးရန်အတွက် လျှောက်လွှာများကို ယခုလ ၇ ရက်မှ စတင် ရောင်းချပေးလျက် ရှိသည်။
အဆိုပါ စံပြ စိုက်ပျိုးရေးဇုန် မြေကွက်များကို ယခု တိုင်းအစိုးရက ရောင်းချနေသော မြေများကဲ့သို့ပင် နောက်ပိုင်းတွင် တတိယ အသုတ်အနေနှင့် ရောင်းချသွားမည် ဖြစ်ကြောင်း ဦးသန်းက ရှင်းပြသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်က“အစိုးရက အခုပေးတဲ့ရာခိုင်နှုန်းက အရင် တုန်းကတော့ လယ်မြေပေါ့။ အခု ပိုင်ရှင်က ပြန်ရရင် မြို့မြေအဖြစ် ပြန်ရမှာ ဖြစ်တယ်။ ကျနော်တို့ ဘက်မှာက စံပြ စိုက်ပျိုးရေးဇုန် အရင်က ပေးထားတာ ရွှေနဂါးမင်းတို့၊ ဝန်းရံခ ကုမ္ပဏီတို့ ၂ ခုလောက်ပဲ ရှိတယ်။ မြို့မြေဖြစ်သွားတော့ များသော အားဖြင့် ကျေနပ်တဲ့သူတွေလည်း ရှိပါတယ်”ဟု ဧရာဝတီသ ို့ပြောသည်။
သို့သော် မူလမြေပိုင်ရှင်များက အစိုးရပေးသည့် ရာခိုင်နှုန်းပေါ်တွင် သဘောတူညီမှု ရှိမရှိကို စောင့်ကြည့်နေပြီး ယင်း အချက်အလက်များ ရလျှင် လွှတ်တော်မှတဆင့် အစိုးရထံသို့ အကြံပေးသင့်လျှင် ပေးသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားများက ပြောဆိုထားသည်။
လက်ရှိ မြေယာလျော်ကြေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးတွင် ကျပ် ၆ ဒသမ ၉ ဘီလီယံ ပေးလျော်ထားပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြေယာလျော်ကြေးငွေ ၃၁ ဘီလီယံ ပေးလျော်ရန် လျာထားကြောင်း ရန်ကုန်တိုင်း အစိုးရမှ သိရသည်။
You may also like these stories:
ရန်ကုန်တိုင်း အစိုးရက မြေများ ရောင်းချပေးမည်
ကယားတွင် တပ်သိမ်းမြေကို ဖျက်ဆီးသည်ဟုဆိုကာ တောင်သူ ၉ ဦး ဖမ်းဆီးခံရ
ကယားတွင် ၂ဝ၁၀ နောက်ပိုင်း မြေဧက ၅ သောင်းခန့် သိမ်းယူခံထားရဟု ဆို