မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း နှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (Environment Impact Assessment) ဆိုင်ရာကိစ္စရပ်များ အား ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရာ ဒေသခံများက ထပ်မံကန့်ကွက်ကြသည်။
ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (Environment Impact Assessment) ဆိုင်ရာကိစ္စရပ်များအား ဒုတိယ အကြိမ်မြောက် လူထုတွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက် မွန်းလွဲပိုင်းက ပုသိမ်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ညတိုင်းနီးပါး ကုမ္ပဏီဘက်က အသံတွေ ဆူညံလွန်းလို့ အိပ်လို့မရကြပါဘူး၊ တည်ဆောက်ဆဲကာလမှာတောင် အနံ့ဆိုးတွေ ထွက်နေတယ်၊ နောက်ပြီး ကျနော်တို့စိုက်ပျိုးထားတဲ့သီးနှံတွေလည်း ထိခိုက်လာတယ်၊ သူတို့ကားတွေ က ကျေးရွာဖွံ့ဖြိုးရေးလမ်းပေါ်မှာ အရမ်းမောင်းကြတော့ ဖုန်တွေထပြီး အသက်ရှုလို့လည်း မဝကြပါဘူး၊ ဒါကြောင့် တရုတ်ကုမ္ပဏီရဲ့စီမံကိန်းကို လုံးဝကန့်ကွက်ပါတယ်”ဟု အောင်သပြေကျေးရွာမှ ဒေသခံတဦးက ပြော သည်။
တွေ့ဆုံပွဲတွင် စီမံကိန်းအနီးရှိ အောင်သပြေကျေးရွာ၊ သရက်ကိုင်းကျေးရွာ အစရှိသည့်ကျေးရွာများမှ ဒေသခံများ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာကွန့်ချ် ဘိလပ်မြေ(မန္တလေး)မှ တာဝန်ရှိသူများ၊ ပုသိမ် ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ EIA ကိစ္စရပ် များဆောင်ရွက်လျက်ရှိသည့် Thard Party မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အောင်သပြေကျေးရွာမှ ဒေါ်သိန်းက“ကျမတို့ အခုဆိုရင် ကြောက်ကြောက်လန့်လန့်နဲ့ နေနေကြရတာပါ၊ သူတို့တွေက အမြဲတမ်းလိုလို ခြိမ်းခြောက်မှုတွေ လုပ်နေတာလည်း ခံနေကြရတယ်၊ နောက်ပြီး ဒီတောင်ကြီးတွေကို မှီခိုပြီးရှာဖွေ စားသောက်နေကြရတာပါ။ ဒီတောင်ကြီးတွေကို ဖြိုလိုက်ရင် ကျမတို့ အားလုံးအခက်အခဲတွေဖြစ်ကုန်မှာပေါ့၊ ဒါကြောင့် ကန့်ကွက်တာပါ”ဟု ပြောသည်။
ထိုသို့တွေ့ဆုံရာတွင် တက်ရောက်လာသည့် ဒေသခံများက ၎င်းတို့တွေ့ကြုံခံစားနေကြရသည့် အခက် အခဲများ ဖြစ် သည့် စက်ရုံစီမံကိန်းမှ ဆူညံသံများ၊ အနံ့အသက်များ၊ စီမံကိန်းသွားရာလမ်းဖောက်လုပ်မှုကြောင့် လယ်ယာမြေ ဆုံးရှုံးနစ်နာနေမှုများ၊ စီမံကိန်းပဋိပက္ခများနှင့် ပတ်သက်၍တရားစွဲဆို အမှုရင်ဆိုင်နေရသည့် အခြေအနေများ၊ စီမံကိန်း ပဋိပက္ခအတွင်း ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်အတွင်းသေဆုံးသွားခဲ့ရသည့် ဒေသခံကိုထွန်းမြင့်ဝင်း၏ မိသားစု၏ အခက်အခဲများ၊ ကျေးရွာ၏သောက်သုံးရေပြဿနာအခက်အခဲများ၊ သဘာဝပတ်ဝန်းကျင်ပြဿနာများ၊ လူမှုစီးပွားဘဝအခြေအနေများ အစရှိသည့် ဒေသခံများက ၎င်းတို့၏ အခက်အခဲများအားတင်ပြခဲ့ကြပြီး တက်ရောက် လာသည့်ဒေသခံအချို့က စီမံကိန်းမှာပွင့်လင်းမြင်သာမှုမရှိသဖြင့် ကန့်ကွက်ကြောင်း ပြောဆိုခဲ့ကြသည်။
“ပေ ၅၀ လမ်းတိုးချဲ့ဖောက်လုပ်လိုက်တဲ့အတွက် သရက်ပင်တွေ၊ ငှက်ပျောပင်တွေ ပျက်စီးပါသွားပါတယ်၊ ကျမတို့ဆို ရင် မြေလည်းဆုံရှုံးရသလို ကျမအကို ကိုထွန်းမြင့်ဝင်းကိုလည်း အပြစ်မရှိဘဲ ဖမ်းဆီးပြီး အကျဉ်းထောင်ထဲမှာ ဝိုင်းပြီး နှိပ်စက်ခံရလို့ သေသွားခဲ့ပါတယ်၊ ကျမအမေဒေါ်အေးဆိုရင် အသက် ၇၀ ကျော်ပါပြီ သူလည်း စိတ်ထိခိုက်ခံစားရပြီး ရောဂါတွေခံစားနေရပါတယ်၊ အကို သေဆုံးသွားတာနဲ့ပတ်သက်ပြီး လျော်ကြေးတွေပေးတယ်၊ နစ်နာကြေးတွေပေး တယ်ဆိုပြီး ပြောကြတယ်၊ ဘာလျော်ကြေး၊ နစ်နာကြေးမှမပေးပါဘူး။ လိုချင်လို့ပြောနေတာ မဟုတ်ပါဘူး၊ ကျမတို့မှာ မြေလည်းဆုံး အစ်ကိုလည်းဆုံးရတဲ့ဘဝအခြေအနေတွေပါ”ဟု အကျဉ်းထောင်အတွင်းရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့သည့် အောင်သပြေေ ကျးရွာသားကိုထွန်းမြင့်ဝင်း၏ ညီမဖြစ်သူက ပြောသည်။
အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(Environment Impact Assessment) ဆိုင်ရာ ကိစ္စရပ်များကို Resource & Enviroment Myanmar (REM) နှင့် Sustainabal Environment Myanmar (SEM) တို့က ပူးတွဲလုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုတွေ့ဆုံပွဲတွင် စက်ရုံစီမံကိန်းတည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို အကြံပြုချက်များဖြင့်ရှင်းလင်းတင်ပြမှုများပြုလုပ်ခဲ့ကြပြီး စီမံကိန်းတည်ဆောက်လျက် ရှိသည့် ကုမ္ပဏီဘက်မှလည်း စက်ရုံစီမံကိန်းတည်ဆောက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းမှုများပြုလုပ်ခဲ့ကြသည်။
“အခုကျနော်တို့လုပ်ဆောင်နေတာက ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံပွဲဖြစ်တယ်၊ ဒီပွဲကရတဲ့ လူထုအသံတွေနဲ့ ထပ်ပြီးတော့ ဆန်းစစ်ရမှာဖြစ်ပါတယ်၊ ဆန်းစစ်ရာမှာ ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်နဲ့ လုပ်ဆောင်ပြီးမှ သဘာ၀ ပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာနကို ထပ်တင်ရမှာဖြစ်ပါတယ်”ဟု SEM ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးသန်းဦးက ပြောသည်။
ထို့အပြင် EIA အတွက် နယ်မြေပိုင်း သတ်မှတ်ခြင်းကို အရင်ရေးဆွဲရကြောင်း၊ တောတောင်ရေမြေနှင့် ပတ်သက်၍ တိုင်းတာရေး ကွင်းဆင်းခြင်းများကို ဦးစွာ လုပ်ရကြောင်း၊ ပြီးနောက် ရလာသည့် ရလာဒ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ တင်ရကြောင်း၊ ဖြည့်စွက်ရန် မရှိဟု အတည်ပြုမှသာ ဆောင်ရွက်ရကြောင်းလည်း သူက ရှင်းပြသည်။
ထို့ပြင် စီမံကိန်းတည်ဆောက်လျက်ရှိသည့် လုပ်ကွက်များအတွင်းမှ ထုံးကျောက်အပြင် အခြားဓာတ်သတ္တုများ ထွက်ရှိ နေမှု အခြေအနေများနှင့်ပတ်သက်၍ ဒေသခံများက သက်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူများအား တွေ့ရှိထားသည့် ဓာတ် သတ္တုနမူနာများကို ပြသပြီး မေးမြန်းမှုများလည်းပြုလုပ်ခဲ့ကြသည်။
အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်းကို ဆောင်ရွက်နေသည့် မြန်မာ ကွန့်ချ် ဘိလပ်မြေ(မန္တလေး)သည် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ၄၅ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသားများပိုင် Anhul Conch ဘိလပ်မြေကုမ္ပဏီက ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ၂၀၁၇ခုနှစ် မတ်လက စတင်တည်ထောင်ခဲ့ကာ ဘိလပ်မြေ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းများကို အဓိကထားပြုလုပ်နေခြင်းဖြစ်သည်။
စီမံကိန်း၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၂၁၉ ဘီလီယံဖြစ်ပြီး စီမံကိန်း တည် ဆောက်ရေးကာလမှာ ၂နှစ်ကြာမြင့်မည်ဖြစ်ကာ တည်ဆောက်ရေးကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀ ကျော်နှင့် လုပ်ငန်းစတင်လည်ပတ်ချိန်တွင် အလုပ်အကိုင်အခွင့်အလမ်း ၄၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဟု စီမံကိန်းဆိုင်ရာသတင်းအချက်အလက်များအရ သိရသည်။
“အယ်ဖာဘိလပ်မြေစက်ရုံတည်တဲ့ကိစ္စမှာ MIC ခွင့်ပြုချက်ရထာပေမယ့် ခွင့်ပြုပြီး ၁နှစ်သက်တမ်းအတွင်းမှာ လုပ်ငန်း အကောင်အထည်ပေါ်အောင် ဆောင်ရွက်ပြရတယ်၊ အဲဒီလို လုပ်မပြဘူးဆိုရင် သိမ်းတာ၊ ပြန်လျှောက်ရတာမျိုး တွေရှိ တယ်၊ နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပြန်ချက်မှာကျ စီမံကိန်းတခုကို လုပ်တော့မယ် ဆိုရင် EIA၊ SIA တင်ပြီးမှသာလျှင် ဆောင်ရွက်ရမယ်ဆိုပြီး ပါတယ်၊ ဒါက ကွဲလွဲနေတဲ့အချက်ဖြစ်တယ်၊ အခုဒီစီမံကိန်း မှာက MIC ရဲ့ခွင့်ပြုချက်နောက်ကိုပဲ လုံးလုံးလျားလျား လိုက်သွားတယ်၊ EIA၊ SIA ဆိုတာတွေကို ဘေးဖယ်ထားသလို ဖြစ်နေတယ်၊ ဒါတွေဟာ ပြန်လည်စဉ်းစားရမယ့်ကိစ္စတွေဖြစ်နေတယ်” ဟု စိမ်းရောင်စိုအဖွဲ့မှ ဦးမောင်မောင်ဦးက သုံးသပ်ပြောပြသည်။
အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလက ခွင့်ပြုမိန့်ချ ထားပေးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းမှ တစ်နှစ်လျှင်နိုင်ငံတော်သို့အခွန်ငွေ ငွေကျပ် ရှစ်ဘီလီယံခန့် ပေးဆောင်ရ မည်ဖြစ်သလို ယခုအခါ စီမံကိန်းအဆောက်အဦးများ စတင် ဆောက် လုပ်နေလျက်ရှိသည်။
“ကုမ္ပဏီရဲ့ PR ဌာန ကိုင်တွယ်ဖြေရှင်းမှုက အလွန်အင်မတန်ညံဖျင်းခဲ့တယ်၊ ပြီးတော့ ဒေသခံအုပ်ချုပ်ရေးပိုင်းက လူကို လွဲမှားတဲ့အသုံးချမှုလုပ်ပြီး အာဏာကိုအလွဲသုံးမှုပုံဖော်သလိုဖြစ်သွားတယ်၊ ဒီအပေါ်မှာ ဒေသခံတွေက နာကျည်းချက် တွေဖြစ်သွားပြီးတော့ ကုမ္ပဏီဘာပြောပြော အကောင်းမမြင်ကြတော့ဘဲနဲ့ ဒီနေ့အချိန်မှာ ကုမ္ပဏီအလိုမရှိဆိုပြီး ဖြစ်ကုန်ကြတာပါ၊ ကျနော့်အနေနဲ့ပြောချင်တာကတော့ ကုမ္ပဏီအနေနဲ့ ဒေသခံတွေနဲ့ ပြန်လည်ထိတွေ့ပြီးတော့ အကောင်းဘက်ကိုရှေးရှုပြီးတော့ လုပ်ဆောင်ပါလို့လို့ ပြောချင်ပါတယ်”ဟု ဦးမောင်မောင်ဦးက ဆက်လက်ပြောသည်။
အဆိုပါ စီမံကိန်းကို ၂၀၁၂ခုနှစ်ကတည်းက လျာထားခဲ့ရာ ဒေသခံများ ကန့်ကွက်မှုရှိခဲ့ခြင်းကြောင့် ရပ်နားထားခဲ့ပြီး လက်ရှိ NLD အစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဥပဒေနှင့်ညီညွှတ်မှုရှိသည်ဟုဆိုကာ ပြန်လည်ခွင့်ပြု ပေးခဲ့ခြင်းဟု သိရသည်။
အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ ရွာသူရွာသားများ က မေလ၁၄ရက်နေ့မှစတင်ကာ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေး ရန်နှင့် ဖမ်းဆီးထားသော တောင်သူများကို အမြန်ဆုံး လွှတ်ပေးရေးအတွက် ကျေးရွာအဝင်လမ်းကို ပိတ်ဆို့၍ ဆန္ဒပြခဲ့ ကြသည်။
အဆိုပါကဲ့သို့ဆန္ဒထုတ်ဖော်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီး လမ်းပိတ်ဆို့မှုအား ဖယ်ရှားပေးရန် ပြောဆိုရာ ဒေသခံများနှင့်တင်းမာမှုဖြစ်ပေါ်ခဲ့ကာ မေလ ၁၅ ရက်နေ့ နံနက်၄နာရီခွဲခန့်က ဆန္ဒပြနေကြသည့် ဒေသခံတို့ကို ရဲတပ်ဖွဲ့ဝင်အင်အား၁၅၀ကျော် အင်အားအသုံး၍ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။
အဆိုပါပဋိပက္ခဖြစ်စဉ်များကြောင့် အောင်သပြေကျေးရွာ ရာအိမ်မှုးတဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးတရားစွဲဆိုထားသလိုနဝမတန်းကျောင်းသား တဦးနှင့်ဒေသခံ ၉ဦးတို့မှာ ရာဇသတ်ကြီး ပုဒ်မမျိုးစုံတို့ဖြင့်အမှုဖွင့်ဖမ်းဆီးခံထားရပြီး ပုသိမ်ကြီးမြို့နယ်တရားရုံးတွင်အမှုရင်ဆိုင်နေရဆဲဖြစ်ကာ ဇွန်လအတွင်းက ဖမ်းဆီးခံခဲ့ရသည့် အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်းမှာ ဖမ်းဆီးခံရပြီးရက်ပိုင်းအကြာတွင် မန္တလေးဗဟိုအကျဉ်းထောင်အတွင်း ရိုက်နှက်ခံရပြီးသေဆုံးသွားခဲ့သည်။
အဆိုပါစီမံကိန်းပက်သက်၍ ၂၀၁၈ခုမှ လက်ရှိအချိန်အထိစီမံကိန်းအနီးရှိ အောင်သပြေကျေးရွာမှဒေသခံများက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့်လူမှုစီးပွားဘဝများထိခိုက်မှုများကြောင့် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် ကုမ္ပဏီက ဖွင့်လှစ်ထားသည့် အမှုပေါင်း ၁၂ မှုရှိရာ တရားခံပေါင်း ၁၀၀ ခန့်ရှိပြီး၁၂ဦး ဖမ်းဆီးထောင်ချပြီးဖြစ်ရာ ၄ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။
ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ လူထုတွေ့ဆုံဆွေးနွေးပွဲကို စက်ရုံစီမံကိန်းတည်ရှိရာနေရာများဖြစ်သည့် ပုသိမ်ကြီးမြို့နယ်နှင့်မတ္တရာမြို့နယ်တို့တွင် အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် လူထုတွေ့ဆုံဆွေးနွေးပွဲများကို အဆိုပါစီမံကိန်းတာဝန်ရှိသူများက ဒုတိယအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
အောင်သပြေဖြစ်စဉ် ပါဝင်သူများအားလုံးကို ဖမ်းဆီးအရေးယူမည်
အိုးဘိုထောင်တွင်း သေဆုံးသူ အောင်သပြေ ရွာသား၌ ဒဏ်ရာများ တွေ့ဟု ဆို
အောင်သပြေဖြစ်စဉ် ဖမ်းဆီးထားသူများအား ရုံးထုတ်စစ်ဆေ
ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အိုးဘိုထောင်တွင်း သေဆုံးသူ ကာယကံရှင်မိသားစု မကျေနပ်