ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်မြို့ သဇင်ကျေးရွာအုပ်စုတွင် အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက တောဆင်ရိုင်းတကောင် တိုက်ခိုက်ခံရကာ ဒေသခံတဦး ပွဲချင်းပြီး သေဆုံးကြောင်း သတင်း ရရှိသည်။
သဇင်ကျေးရွာအုပ်စု သပြေခုံကျေးရွာနေ ဦးပြားကြီး (ခ) ဦးညွန့်ဝင်းသည် နေအိမ်ခြံဝင်းအတွင်း၌ တောဆင်ရိုင်းက လိုက်လံ တိုက်ခိုက်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံက သိရသည်။
တိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“ဒေသခံတွေ ပြောဆိုချက် အရတော့ ဦးပြားကြီးက သူ့ခြံထဲမှာ သင်္ဘောသီး ခူးနေတုန်း တောဆင်ရိုင်း တကောင် ရောက်လာတယ်။ အဲဒါနဲ့ သူက ကြောက်လန့်ပြီး ထွက်ပြေးတဲ့ အချိန်မှာ ဆင်ကနောက်ကနေ လိုက်ပြီး တိုက်ခိုက်တဲ့အတွက် သေဆုံးရခြင်း ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။
ငွေဆောင်မြို့မ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ဦးပြားကြီးသည် နဖူးစုတ်ပြဲ သွေးထွက်ဒဏ်ရာ၊ ပါးစပ်သွေးထွက် ဒဏ်ရာ၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ဦးပြားကြီး၏ အလောင်းအား ငွေဆောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။
ငွေဆောင်ဒေသခံ ဦးဆန်းရွှေက“သပြေခုံဆိုတဲ့ ရွာက အိမ်ခြေ ၂၀ လောက်ပဲ ရှိတယ်။ သဇင်ကျေးရွာ အုပ်စုထဲမှာ ပါတယ် ဆိုပေမယ့် သူတို့ရွာက ရခိုင်ရိုးမထဲမှာ ရှိနေတာ။ တကယ့်တောကြီးထဲမှာ ရွာကရှိနေတာပေါ့။ လူတွေက တောထဲမှာ အလုပ် လုပ်ဖို့ သွားနေတော့ ဆင်ရိုင်းနဲ့ တွေ့ပြီး အခုလို စိတ်မကောင်းစရာတွေ ဖြစ်ကုန်တာ”ဟု ပြောသည်။
ဦးပြားကြီး သေဆုံးမှုနှင့် ပတ်သက်၍ ငွေဆောင်မြို့မ ရဲစခန်းမှ ဒုရဲအုပ် ဟန်နီခြူးက တရားလို ပြုလုပ်၍ တိုင်ကြားကာ သေမှုသေခင်းဖြင့် အမှုဖွင့်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက် နေကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။
တောဆင်ရိုင်းများသည် ဧရာဝတီတိုင်း ဒေသကြီးရှိ ပုသိမ်၊ သာပေါင်းနှင့် ငပုတောမြို့နယ်တို့တွင် ကျင်လည် ကျက်စား ကြပြီး သစ်တောပြုန်းတီးခြင်း၊ အစာရေစာ ရှားပါးခြင်းနှင့် ဆင်သတ်မုဆိုးများ၏ အမဲလိုက်ခြင်းတို့ကြောင့် သစ်တော ကြိုးဝိုင်းများ အတွင်းရှိ လူများနေထိုင်ရာ ကျေးရွာများအနီးသို့ လာရောက်၍ အစာရှာခြင်း၊ စိုက်ပျိုးသီးနှံများကို စားသောက် ခြင်းနှင့် တခါတရံ လူကို အန္တရာယ်ပြု သတ်ဖြတ်ခြင်းများ ဖြစ်ပွားလေ့ ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း ငပုတောမြို့နယ် သစ်ရောင်းကျေးရွာအုပ်စုနှင့် တင်းချောင်းကျေးရွာအုပ်စု အတွင်း တောင်ဆင်ရိုင်းများ ဝင်ရောက်ကာ နေအိမ်များ ဖျက်ဆီးခြင်း၊ စိုက်ပျိုးသီးနှံများ ဝင်ရောက် စားသောက်ခြင်းများ ဖြစ်ပွားနေသည့် အတွက် မြန်မာ့သစ်လုပ်ငန်း လက်အောက်ရှိ အရေးပေါ် ကွန်ဂျီ ဆင်မောင်းအဖွဲ့ (EERU) က ကွန်ဂျီ ဆင်များဖြင့် တောဆင်ရိုင်းများကို ရွာနှင့်ဝေးရာသို့ မောင်းထုတ်ခဲ့ရကြောင်း သိရသည်။
You may also like these stories:
ငပုတောမြို့နယ်တွင် တောဆင်ရိုင်းများ ရွာထဲဝင်သဖြင့် ဒေသခံများ ထိတ်လန့်
ဧရာဝတီတိုင်း တောဆင်ရိုင်း သတ်ဖြတ်ခံရမှု ထက်ဝက်ခန့် လျော့ကျဟု ဆို
ငပုတောမြို့နယ်တွင် တောဆင်ရိုင်း တကောင် သတ်ခံရပြန်