မကြာသေးခင်က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရသည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ် ဒေသ ရေရှည်တည်တံ့ရေးအတွက် တနိုင်ငံလုံး အတိုင်းအတာဖြင့် အသိပညာပေးရန် လိုအပ်ကြောင်း ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များက အကြံပြု တိုက်တွန်းလိုက်သည်။
ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုးက“တနိုင်ငံလုံး အတိုင်းအတာနဲ့ အသိပညာပေးဖို့ လို တယ်။ ပုဂံကျတော့ ပုဂံမှာနေတဲ့သူလောက်ပဲ ရှိတာ မဟုတ်ဘူး။ ပုဂံကို မြန်မာတပြည်လုံးက လူတွေက လာကြတော့ မြန်မာတပြည်လုံး သိနေဖို့ လိုနေတာပေါ့”ဟု ပြောသည်။
တပြည်လုံး အတိုင်းအတာအနေဖြင့် ယှဉ်ကြည့်မည်ဆိုပါက အသိပညာပေးမှု အားနည်းနေသေးပြီး ပြည်နယ်နှင့် တိုင်း အလိုက် အသိပညာပေးမှုများ လုပ်နိုင်ပါက ကောင်းမည် ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
ရေတိုအနေဖြင့် မိသားစုလိုက် ဖြစ်စေ၊ ခရီးသွားလုပ်ငန်းများမှ ဖြစ်စေ ကားကြီး၊ ကားငယ်များဖြင့် လာရောက်ကြသူ အားလုံးကို တိုးဂိတ်လိုနေရာမျိုးတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ခရီးသွားဧည့်သည်များ သွား ရောက် လည်ပတ်လေ့ရှိသည့် နေရာများတွင် အသိပညာပေး စာစောင်၊ ဗီနိုင်းများ ကပ်ထားခြင်းတို့ လုပ်ဆောင်သင့် ကြောင်း ဒေါ်ဥမ္မာမျိုးက အကြံပြုသည်။
“အနည်းဆုံးပေါ့ လူ ၁၀ ယောက်ပါလာရင် ၁၀ ယောက်လုံး အသိပညာမရတာတောင် ၇ ယောက် ၈ ယောက် ရသွား တယ်ဆိုလည်း မနည်းဘူးလေ။ ရေတိုမှာ အဲဒီလို အသိပညာပေးမှုတွေကို လုပ်သင့်နေပါတယ်”ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဒေါ်ဥမ္မာမျိုးက ရေရှည်အတွက် ဆိုလျှင် ကျောင်းသင်ခန်းစာများတွင်ပါ ထည့်သွင်း သင်ကြားပြီး ကျောင်း နေဖူးသည့် ကလေးတိုင်းက ပုဂံတန်ဖိုးကို နားလည်ကာ အမွေအနှစ်များကို မည်သို့ ကာကွယ် စောင့်ရှောက်ရမည် ဟူသော အသိပညာ ရသွားပါက ပိုအဆင်ပြေမည်ဟု ပြောသည်။
လူထုအသိပညာပေးမှုများကို မြို့တိုင်း ရွာတိုင်းအထိ ရောက်အောင် ပေးနိုင်ခြင်း၊ တန်ဖိုးနားလည်သည့် ဆရာ၊ ဆရာမ များက တဆင့် ပြန်လည်မျှဝေနိုင်သည့် ရပ်ရွာထဲမှ စိတ်ဝင်စားသူ ခေါင်းဆောင်လုပ်နိုင်သူများကို သင်တန်းပေးကာ ရပ်ရွာထဲတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချခြင်း စသည့် ပုံစံမျိုးစုံဖြင့် လှုပ်ရှားမှုများ ဆောင်ရွက်သင့်သည် ဟု လည်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။
ပုဂံ၏ အမွေအနှစ် တခုတည်း သာမက မြန်မာနိုင်ငံတွင်း တည်ရှိနေသည့် ပေါများကြွယ်ဝလှသော တခြား အမွေအနှစ် များကိုပါ ထိန်းသိမ်းနိုင်ရေး အတွက် ထိုလုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်သင့်နေပြီဟုလည်း ဒေါ်ဥမ္မာမျိုးက အကြံ ပြုသည်။
ရှေးဟောင်း သုတေသနနှင့် ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကလည်း ယဉ်ကျေးမှု အမွေအနှစ်များ၏ တန်ဖိုးကို သိရှိနားလည်မှသာ တန်ဖိုးထား မြတ်နိုးမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ထိန်း သိမ်းစောင့်ရှောက်ချင်စိတ် ပေါ်လာမည်ဖြစ်ကြောင်း၊ ထိန်းသိမ်းစောင့်ရှောက်ချင်စိတ် ပေါ်လာမှသာ စည်းမျဉ်းစည်း ကမ်းများကို လိုက်နာနိုင်မည် ဖြစ်ကြောင်း ပြောသည်။
ထို့အတွက် ကာတွန်းသရုပ်ဖော်ပုံများ၊ ပညာပေးဇာတ်လမ်းတိုများ ရိုက်ကာ အများပြည်သူသိရှိစေရန် ဆောင်ရွက် ခြင်း၊ စာသင်ကျောင်းရှိ ကလေးအရွယ်မှစ၍ ယဉ်ကျေးမှု အမွေအနှစ်များကို သိရှိနားလည်ပြီး မြတ်နိုး တန်ဖိုး ထားတတ် လာ စေရန် အသိပညာပေး လုပ်ငန်းများကို ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီစဉ် စဆွဲနေပြီ ဟုလည်း ၎င်းက ဆိုသည်။
နိုင်ငံတကာ ခရီးသွားဧည့်သည်များ သိရှိရန်အတွက်လည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ချိတ်ဆက် ကာ အွန်လိုင်းမှလည်းကောင်း၊ မီဒီယာများက တဆင့်သော်လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် ဆောင်ရွက်နေသည်ဟုလည်း ဦးအောင်အောင်ကျော် က ပြောသည်။
ဆက်လက်၍ ၎င်းက ခရီးသွားဧည့်သည် များလာသည်နှင့်အမျှ ယှဉ်တွဲပါလာလေ့ ရှိသည့် အမှိုက်ပြဿနာနှင့် ပတ် သက်၍ ပုဂံ၌ ခရိုင်စီမံခန့်ခွဲရေး အဖွဲ့မှ ဦးဆောင်ကာ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းပြီး ကမ်ပိန်းများ ပုံမှန်အပတ်စဉ် ဆောင်ရွက်နေကြသော်လည်းပဲ စည်းကမ်းလိုက်နာမှု အားနည်းနေသေးသည်ဟု ဆိုသည်။
“နှစ် ၁၀၀၀ လောက်ရှိတဲ့ နံရံပန်းချီတွေကို လက်နဲ့တို့ထိတာတွေဟာ ဒါတွေကို မှေးမှိန်ပျောက်ကွယ်စေတယ်။ ဒါတွေ ကို လည်း ရှောင်ရှားသင့်တယ်။ အထူးသဖြင့် ကျောင်းသားတွေ ဒီနံရံပန်းချီရှိတဲ့ နေရာတွေမှာ ပုံတွေ ဆွဲသွားတာ အမှတ် တရ စာတွေ ရေးသွားတာ ဒါတွေကလည်း ပျက်စီးစေတဲ့ အကြောင်းတရားတွေပဲ။ ဒါတွေကိုလည်း စီစဉ်ဖို့ရာ လိုအပ်ပါ တယ်”ဟုလည်း ဦးအောင်အောင်ကျော် က ပြောသည်။
ထိုအပြုအမူများသည် ပုဂံ ရှေးဟောင်းစေတီ ပုထိုးပေါင်း ၄၁၆ ဆူတွင် ရှိနေသည့် တန်ဖိုးရှိ နံရံဆေးရေး ပန်းချီများ ရေ ရှည်တည်တံ့ရေး အတွက် ကြီးမားသည့် စိန်ခေါ်မှု တခုဖြစ်နေကြောင်းလည်း ဆိုသည်။
ပုဂံ ဧည့်လမ်းညွှန်အသင်း အမှုဆောင် ကိုမြင့်နိုင်က“ဘုရားတွေမှာ ပန်းချီတွေ ရှိမယ်။ ပန်းချီတွေကို ပြည်တွင်း ခရီး သွား တွေ ဆိုရင် လက်နဲ့ကိုင်တယ်။ ပွတ်တယ်။ ဆော့ပင်နဲ့ ရေးတာတွေ ရှိတယ်။ တရုတ် ခရီးသွားတွေဆိုလည်း လက်နဲ့ ပွတ်တယ်။ ထိုင်းခရီးသွားတွေက တလျှောက်လုံး ပွတ်တယ်။ သူတို့ Culture အရကို ထင်တယ်။ ကျနော်တို့က မလုပ်ပါ နဲ့ ပြောရရုံကလွဲလို့ ဘာမှ မတတ်နိုင်ဘူး”ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက နံရံပန်းချီရှိသည့် အဆူပေါင်း ၄၀၀ ကျော်အနက် တချို့ဘုရားများတွင် သော့ခတ်ထားပြီး တခြား သုံး လေး ဆူလောက်တွင် သတိပေးစာတန်း ကပ်ထားသော်လည်း ကျန်သောအဆူများတွင်တော့ မည်သည့် သတိပေး တားမြစ်ချက်များ မရှိဟုလည်း ဆိုသည်။
ကိုမြင့်နိုင်က“တကယ့်ကို တိတိကျကျနဲ့ နံရံပန်းချီကို ကိုင်ရင် ဘာဖြစ်သွားမလဲ။ သိကိုသိရမယ်။ လာတဲ့သူက မြင် သွား ရမယ်။ တကယ့်ကို Impression ရှိတဲ့ သတိပေး ဆိုင်းဘုတ်တခု ဖြစ်ရမယ်။ ကွန်ပျူတာ စာစီစာရွက်တခုကို ကော်နဲ့ ကပ်ထား တာမျိုး တိပ်နဲ့ကပ်ထားတာမျိုး လေးငါးခြောက်ရက်ကြာ မရှိတော့ဘူး ဆိုတာမျိုး မဖြစ်သင့်ဘူး”ဟုလည်း တိုက်တွန်း အကြံပြုသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားသည့် ပုဂံဒေသသည် ရှေးယခင်ကထက် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမို လာရောက်ကြမည်ဖြစ်ရာ အကျိုးဆက်များနှင့်အတူ ယှဉ်တွဲပါလာမည့် နောက်ဆက်တွဲ ပြဿနာများ အတွက်လည်း ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များက ဆိုသည်။
ICOMOS Myanmar, CEC, Myanmar Archeology Association အဖွဲ့များတွင် ပါဝင်လုပ်ကိုင်နေသူလည်း ဖြစ် သည့် ဒေါ်ဥမ္မာမျိုးက“လာမယ့် သီတင်းကျွတ် ပိတ် ရက်ဆို ပုဂံမှာ ကားပိတ်တာတွေ ဖြစ်တော့မှာ။ အဲဒီလို ခရီးသွား တွေ များရင် အိပ်ခန်းတွေက မလောက်တော့ဘူး။ လူတွေက ဟိုတယ်တွေ တိုးချဲ့ဖို့ပဲ စဉ်းစားတာပေ့ါ။ တိုးချဲ့တယ် ဆိုရင်လည်း အမွေအနှစ်တွေနဲ့ လွတ်တဲ့ မြေအောက်မှာ ရှိနိုင်တဲ့ ရှေးဟောင်း အထောက်အထားတွေ မရှိတဲ့ ပုဂံရဲ့ မြင်ကွင်း အနှောင့်အယှက် မဖြစ်စေတဲ့ နေရာမျိုးတွေမှာ ဧည့်သည်တွေ နေထိုင်တည်းခိုရေး အတွက် စီမံဆောင်ရွက် ပေးဖို့ လိုအပ်ပါတယ်”ဟု ထောက်ပြသည်။
ဆက်လက်၍ ၎င်းက ပုဂံဆိုသည်မှာ ဘုရားချည်း သက်သက်မဟုတ်ဘဲ အနီးဝန်းကျင်မှ ယာကွက်ကလေးများ၊ ဆိတ်ကျောင်း၊ နွားကျောင်းနေသည့် ကျေးလက်ဓလေ့များ၊ ထန်းတောများ၊ ဧရာဝတီမြစ်ကြီး စသည်ဖြင့် ပုဂံ၏ ရှုခင်း (Landscape) တခုလုံး တန်ဖိုးရှိကြောင်းလည်း ရှင်းပြသည်။
လူများလာသည်နှင့်အမျှ စားသောက်ဆိုင်၊ တည်းခိုရန် နေရာများ ပိုလိုအပ်လာမည်ဖြစ်ရာ ထိုလိုအပ်ချက်များအား ဖြည့်ဆည်းသည့် အခါ၌ ပုဂံ ဘုရားပုထိုး အမွေအနှစ်များနှင့် ရှုခင်းများကို အနှောင့်အယှက် မပြုသည့် နေရာများတွင် ရွေးချယ် ချဲ့ထွင်ခြင်းဖြင့် အမွေအနှစ် ထိန်းသိမ်းသင့်ကြောင်း၊ ထို့အတွက် ခရီးသွားများအတွက် စီမံခန့်ခွဲမှု (Visitors’ management) ကို စနစ်တကျဖြင့် အမြန်ဆောင်ရွက်သင့်နေပြီ ဖြစ်ကြောင်း ဒေါ်ဥမ္မာမျိုးက တိုက်တွန်းသည်။
ယခင်နှစ်မှ စတင်ကာ ပုဂံတွင် အနောက်နိုင်ငံ ခရီးသွား ဧည့်သည်ဝင်ရောက်မှု ကျဆင်းသွားပြီး တရုတ်နှင့် ပြည်တွင်း ခရီးသွားဧည့်သည်များ တိုးလာကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များကို လေးစားတန်ဖိုးထားသည့် အနောက်နိုင်ငံ ခရီးသွား ဧည့်သည်များ လာစဉ်က ပြဿနာ သိပ်မရှိသော်လည်း ယခုအခါ စိုးရိမ်စရာကောင်းသည့် အခြေအနေ ဖြစ်ကြောင်း ၎င်းကြုံတွေ့ရသည်များနှင့် ပတ်သက်၍ ကိုမြင့်နိုင်က ရှင်းပြသည်။
“ဘုရားတွေထဲမှာ တရုတ်တွေရော ဗမာခရီးသွားတွေရော ဝုန်းဆို အများကြီး ရောက်ချလာတယ်။ ဆူညံ ကျယ်လောင် စွာ အော်ဟစ်တာတွေ ပြေးတာလွှားတာတွေ။ ပြေးသွားပြီဆိုရင် တုန်ခါမှု ဖြစ်တာပေါ့။ ဝုန်းဝုန်းဆို အုပ်စုလိုက် ပြေးကြ တယ်။ တုန်ခါမှုဖြစ်တဲ့အခါ ဒီဘုရားတွေက နှစ်ပေါင်းထောင်ကျော် ကတည်းက၊ ရေရှည်အတွက်တော့ မကောင်းဘူး။ ကြံ့ခိုင်မှု အားနည်းစေတယ်”ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့သော ပြဿနာများ အတွက် မဟာဗျူဟာ အစီအစဉ် (Master Plan) တခု ရေးဆွဲကာ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရန် လိုနေပြီဟုလည်း ကိုမြင့်နိုင်က တိုက်တွန်းပြောဆိုသည်။