အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ ဆုံးဖြတ်ချက်ကို လိုက် နာရမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
ဒေါက်တာ နန္ဒာလှမြင့်က“ပြည်သူက ရွေးချယ်ထားလို့ သမ္မတ ဖြစ်တယ်။ သူတာဝန်ယူရတယ်။ သူဖြူရင်ဖြူ၊ သူမည်းရင် မည်း၊ နောက်ဆုံး တာဝန်ယူရမှာ သမ္မတပဲ။ ကာ/လုံမှာ အရပ်သား သမ္မတဖြစ်ချင်း၊ တပ်မတော်က သမ္မတဖြစ်ခြင်း ဆိုတာ ထက် ဒီ Issues တခုအပေါ်မှာ သမ္မတဆုံးဖြတ်မှုကို အားလုံးကို နာခံရမှာပဲ”ဟုလည်း ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၁(က)တွင် ကာ/လုံကို နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းထား သည်။
ကာ/လုံ အစည်းအဝေး၌ သမ္မတ၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်ဆိုသည့် အချက်သည် မှန်ကန်ကြောင်း၊ ကာ/လုံ အစည်း အဝေး ခေါ်ရန်အတွက် ကြံ့ခိုင်ရေးပါတီ နှင့် မဟာမိတ် အဖွဲ့အစည်းများ၊ တပ်မတော်ဘက်မှလည်း တောင်းဆိုမှုများ ရှိခဲ့ ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
“ကာ/လုံ ခေါ်လိုက်တဲ့ အနေအထားမျိုးဟာ အကြပ်အတည်းမျိုး မဟုတ်ဘဲနဲ့ ကာ/လုံ ခေါ်ပါ ခေါ်ပါ ပြောနေတဲ့ အပေါ်မှာ ကျနော်တို့က စဉ်းစားမယ် မထင်ဘူးဗျ။ ဒါကြောင့် ကာ/လုံ မခေါ်တာလို့ ကျနော်ပြောချင်တယ်”ဟုလည်း မုံရွာ အောင်ရှင် က ပြောဆိုသည်။
NLD အစိုးရတက်လာပြီး နောက်ပိုင်း ကာ/လုံ အစည်းအဝေး မဟုတ်သော်လည်း ကာ/လုံကဲ့သို့သော နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ပါဝင်သည့် နိုင်ငံ့ အကြီး အကဲများ အစည်းအဝေး ၃ ကြိမ်ခန့် ကျင်းပခဲ့ဖူးကြောင်း မုံရွာ အောင်ရှင်က ဆိုသည်။
ကာ/လုံ ၏ လုပ်ပိုင်ခွင့်များ ပိုမိုများပြားလာရန် ရည်ရွယ်ချက်နှင့် အတိုက်အခံ ကြံ့ခိုင်ရေးပါတီ ကရင်ပြည်နယ် မဲဆန္ဒနယ်မှ ဦးစိုင်းသန်းနိုင် အပါအဝင် ကိုယ်စားလှယ် ၁၄၅ ဦးတို့က ဖွဲ့စည်းပုံ အခြေခံဥပ ဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်း တခုကို စက်တင်ဘာ ၁၈ ရက်တွင် ပြည်ထောင်စု လွှတ်တော် သို့ တင်သွင်းထားသည်။
ကြံ့ခိုင်ရေးပါတီမှ တင်သွင်းလိုက်သည့် အချက်များတွင် ပါဝင်သည့် ပုဒ်မ ၂၀၁ မှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ဖွဲ့စည်းခြင်းနှင့် တာဝန်နှင့်ဆိုင်သော အချက်များ ဖြစ်သည်။
ပုဒ်မ ၂၀၁ (က) အပါအဝင် အခြားပုဒ်မ တချို့ကို ပြင်ဆင်ရသည့် ရည်ရွယ်ချက်သည်“နိုင်ငံတော် သမ္မတမှ ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့် ထုတ်ပြန်ရာ၌ အုပ်ချုပ်ရေး ကဏ္ဍနှင့် ဥပဒေ ပြုရေး ကဏ္ဍ အပြန်အလှန် ထိန်းကျောင်းမှု ဆောင်ရွက် ရာတွင် သမ္မတ စနစ် ပိုမိုပီပြင်စေရန် သမ္မတက ကာ/လုံ ၏ ထောက်ခံချက်ဖြင့် လွှတ်တော်များအား ဖျက်သိမ်း နိုင်သည့် အခွင့်အရေးကို ရရှိစေရန် ပြင်ဆင်ခြင်း ဖြစ်သည်”ဟု ဖော်ပြထားသည်။
ကာ/လုံ၏ လုပ်ပိုင်ခွင့်များကို အဆမတန် ချဲ့ကားလိုက်မည်ဆိုပါက ဗဟိုချုပ်ကိုင်မှု များ၍ ဒီမိုကရေစီအားဖြင့် ကောင်းမည် မဟုတ်ကြောင်း၊ ကာ/လုံ နှင့် ပတ်သက်၍ နည်းဥပဒေမှာ အတိအကျ ထွက်ထားခြင်း မရှိသည့်အတွက် သမ္မတ ဆုံးဖြတ် ချက် မှာ အတည်ဖြစ်နိုင်မလား၊ မဲခွဲသည့် စနစ်ဖြင့် ဆုံးဖြတ်မည်လားဆိုသည်မှာ အတအကျ ပြော၍ မရကြောင်း နိုင်ငံရေး လေ့လာ စောင့်ကြည့်သူ တဦး ဖြစ်သည့် ဦးမောင်မောင်စိုးက ပြောသည်။
ဦးမောင်မောင်စိုးက“ကာ/လုံ ဖွဲ့စည်းပုံ အရ တပ်က ၆ နေရာ ယူထားပြီး အရပ်ဘက်က ၅ နေရာ ယူထားတဲ့ နေရာမှာ အရပ်ဘက် ကတော့ စိုးရိမ်စိတ် ရှိမှာပဲ”ဟုလည်း ပြောဆိုသည်။
ယခင်အစိုးရ လက်ထက်က ကာ/လုံ အစည်းအဝေးကို ၂ ပတ်တကြိမ် ပုံမှန်ကျင်းပလေ့ရှိကြောင်း၊ အရေးကြီး အခြေအနေ များဖြစ်သည့် သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်သည့် အခြေအနေမျိုးများ၊ ပြည်သူများက အကြောင်းတခုခု အပေါ်မှာ မကျေ နပ်သည့်အတွက် ဖြစ်လာသည့် အဓိကရုဏ်းများ အပေါ်တွင် ချက်ချင်းဆောင်ရွက်ရန်အတွက် ကာ/လုံကို ခေါ်ယူပြီး ဝိုင်းဝန်း တိုင်ပင်ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
ကာ/လုံ၏ လုပ်ပိုင်ခွင့်များ ပိုမိုများပြားလာရန် အတွက် ကြံ့ခိုင်ရေး ပါတီမှ တင်သွင်းထားသည့် အချက်များမှာ ကောင်စီဝင် ၅ ဦးက တောင်းဆိုလျှင် အစည်းအဝေးခေါ်ယူ ကျင်းပရမည်။
ကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကောင်စီဝင် အားလုံး၏ ဆန္ဒ သဘောထားကို အလေးထား၍ အဆုံးအဖြတ်ကို နိုင်ငံတော် သမ္မတက ပေးရမည် ဆိုသော အချက်လည်း ပါဝင်ပြီး ကာ/လုံ၏ တာဝန်များမှာ စုစုပေါင်း ၇ ချက်ရှိသည်ကို တွေ့ရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဖော်ပြထားပြီးသား ဖြစ်သည့် ကာ/လုံ အစည်းအဝေးကို လက်ရှိ အစိုးရအနေဖြင့် “စစ်ဖြစ်မှ လုပ်တော့မှာလား” ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူတဦး ဖြစ်သူ ဗိုလ်ချုပ် ထွန်းထွန်းညီက စက်တင်ဘာလ အတွင်းက ပြုလုပ်သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် မေးခွန်းထုတ်ခဲ့ဖူးသည်။
တိုင်းပြည်တွင် လုံခြုံရေး ဆိုင်ရာ ပြဿနာများစွာ ရှိနေခြင်းကြောင့် ကာ/လုံ ဖွဲ့စည်းထားခြင်းကို ခြေခြေမြစ်မြစ် နားလည် သဘော ပေါက်ရန် လိုကြောင်း၊ ကာ/လုံ အစည်းအဝေးတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တာဝန်ရှိသူများကလည်း ဆုံးဖြတ် ရမည် ဖြစ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်များ ချမှတ်ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို Top Down သွားရမည် ဖြစ်ကြောင်း၊ လုပ်ချင်သလို လုပ်၍ မရကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ဆိုသည်။
လက်ရှိ အစိုးရသည် ကာ/လုံ မခေါ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လုံခြုံရေးနှင့် တည်ငြိမ်ရေး ကော်မတီ (လုံ/တည်) တခု ဖွဲ့စည်းထားပြီး ယင်းကော်မတီတွင် တပ်မတော်ဘက်မှ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးများ ပါဝင်သည့် ဝန်ကြီး ၃ ဦး ပါဝင်ကြောင်း သိရသည်။
ယင်း လုံ/တည် ကော်မတီသည် တပတ်လျှင် တကြိမ်ခန့် နေပြည်တော် သမ္မတ အိမ်တော်တွင် အစည်းအဝေး ပြုလုပ် သည်ဟု သိရှိရပြီး တိုင်းပြည်၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အဓိက ဆုံးဖြတ်လေ့ ရှိသည်ဟု ဆိုသည်။
You may also like these stories:
တပ်နှင့်မညှိနှိုင်းဘဲ ဖွဲ့စည်းပုံပြင်ရန် ကြိုးစားမှု ခက်ခဲမည်ဟု သူရ ဦးရွှေမန်း သုံးသပ်
ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီ ဆုံးဖြတ်ချက် NLD သဘောထားဖြစ်နေဟု တပ်မတော် ပြော
တပ်မတော် အာဏာမသိမ်းရေး အစိုးရတာဝန်ရှိဟု ကြံ့ဖွံ့ပါတီပြော
ကြံ့ခိုင်ရေးပါတီ နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ညီလာခံကျင်းပမည်