အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပါဝင်သည့် ကုန်စည် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုစခန်း ဖွင့်လှစ်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)က ခွင့်ပြုလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)မှ သိရသည်။
DICAမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်ဇာဝင်းက”HUBS MK က မြန်မာနိုင်ငံမှာ ကုမ္ပဏီ ထောင်ထားတာ။ အမေရိကန် နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်က ၉၉ ရာခိုင်နှုန်းနဲ့ ကိုရီးယားနိုင်ငံသား ၁ ရာခိုင်နှုန်း ပါဝင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
HUBS MK ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်းစက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၉၈ သန်းခန့်ရှိသော ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး ဗဟိုစခန်း (Logistics Hub) တည်ဆောက်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၏ အစည်းအဝေးအမှတ်စဉ် ၁၆/၂၀၁၉ တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ စီမံကိန်းကို လိူင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ အစိုးရပိုင်မြေဧက ၆၀ ပေါ်တွင် တည်ဆောက်ရန် ခွင့်ပြုခြင်း ဖြစ်ပြီး သမိုင်းတလျှောက် မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံမှ ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုများ အနက် ပမာဏ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် က ထုတ်ပြန်သောစာရင်းများအရ သိရသည်။
စီမံကိန်း၏ တည်ဆောက်ရေးကာလမှာ ၃ နှစ်အတွင်း လုပ်ငန်း စတင်ရမည်ဖြစ်သည်။
ယင်း HUBS MK ကုမ္ပဏီ ဝင်ရောက်စဉ်က ကိုရီးယားနိုင်ငံမှ တဆင့် ကိုရီးယားကုမ္ပဏီအဖြစ် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီ တွင် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး ဗဟို စခန်း တည်ဆောက်ရေး ဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန် မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ နှင့် သဘောတူ လက်မှတ်ရေးထိုး ထားသည်။
မြန်မာနိုင်ငံရှိ ပို့ကုန်များ အရည်အသွေး ထိန်းသိမ်းနိုင်ရန်နှင့် ကုန်ကျစရိတ် လျှော့ချယှဉ်ပြိုင်နိုင်ရန် နိုင်ငံတကာအဆင့်မီ Logistics Hub များ လိုအပ်လျက်ရှိသောကြောင့် အတွေ့အကြုံနှင့် နည်းပညာရှိထားပြီးဖြစ်သည့် အထက်ပါကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကလည်း မကြာသေးမီက ပြောကြားထားသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဆိုင်ရာ အဓိကဒေသကြီး ဖြစ်သောကြောင့် ပထမဆုံးအနေဖြင့် ယင်း စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံက ဒေါ်လာသန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံထားပြီး လာရောက် လုပ်ကိုင်နေကြသည့် နိုင်ငံပေါင်း ၅၀ အနက် အဆင့် ၁၃ ဆင့်မြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု စာရင်းများတွင် ဖော်ပြထားသည်။
အမေရိကန်-မြန်မာ ကုန်သွယ်ရေး အနေနှင့်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၁၁ လကျော်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၈၄၇ သန်းကျော် ရှိနေကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
မြန်မာနိုင်ငံ၌ အမေရိကန် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် ရှိနေ
မုံရွာတွင် ကုန်းတွင်းဆိပ်ကမ်း ဖော်ဆောင်ရန် လေ့လာမှုများ လုပ်ဆောင်နေ
ရန်ကုန်- မန္တလေး လမ်းပိုင်း၌ ရထားစီးလုံးလိုက် ကုန်ပို့လိုသူများကို မြန်မာ့မီးရထား ဖိတ်ခေါ်
ရန်ကုန် ကုန်းတွင်းဆိပ်ကမ်း သယ်ယူစရိတ် လျှော့ချနိုင်ဟု ဆို