သတင်း

မန္တလေးတိုင်းအတွင်း ကမ်းပြိုမှု ကာကွယ်ရန် ယခုဘဏ္ဍာနှစ်တွင် ကျပ်သန်း ၅၃၀၀ ကျော်သုံးမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၁မြို့နယ်ရှိ  ကျေးရွာပေါင်း ၂၀၌  ကမ်းပြိုမှုများကို ကာကွယ်ရန် ကျပ်သန်း ၅၃၀၀ သုံး၍ လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးဌာနက သိရသည်။

ဧရာဝတီမြစ်ရိုးတလျှောက်ရှိ မြစ်ရေတိုက်စားခြင်းခံရသည့် ကျေးရွာ ၂၀တွင်  ကမ်းပြိုကာကွယ် ရေးလုပ်ငန်း များ လုပ်ဆောင်ရန်အတွက် ကနဦး တိုင်းတာရေးလုပ်ငန်းများကို ယခုလအတွင်း အပြီးလုပ်ဆောင်သွားမည်ဟုလည်း အဆိုပါ ဌာနက ဆိုသည်။

“ရွာတွေရဲ့ ကမ်းပြိုကာကွယ်ရေးနဲ့ စိုက်ပျိုးမြေတွေ မဆုံးရှုံးအောင် ထိန်းသိမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုနဲ့ ကမ်းပြိုကာ ကွယ်ခြင်းတွေ လုပ်ဆောင်နေတာပါ၊ လုပ်ငန်းသဘာဝအရ ရေနည်းချိန်မှာ လုပ်ရတာဖြစ်တယ်၊ ဒီလထဲမှာ မြစ်ရေပြန် ကျချိန်ဆိုတော့ ကမ်းပြိုနိုင်ခြေရှိတဲ့ကျေးရွာတွေမှာ ကနဦးတိုင်းတာရေးလုပ်ငန်းတွေကို အပြီးလုပ်သွားမယ်၊ ရေကျ တဲ့အချိန်မှ လုပ်ရတာ အဆင်ပြေတာကြောင့် နေရာတခုချင်းစီအလိုက် ရေကြောင်းတိုင်းတာရေးတွေ ပြန်လုပ်မယ်၊ မြေစမ်းသပ်တာတွေ လုပ်နေတယ်”ဟု တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီး မှူး ဦးတိုးအောင်လင်းက ပြောသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရနှင့်တိုင်းအစိုးအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေများမှ အသုံးပြုခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ကျပ်သန်း ၅၃၀၀ အသုံးပြုရန် လျာထားထားကြောင်း သိရသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ဆောင်သွားမည့်ကျေးရွာများမှာ သပိတ်ကျင်းမြို့နယ်တွင် ၄ ရွာ၊ မတ္တရာမြို့နယ်တွင် ၃ ရွာ၊ စဉ့်ကူးမြို့နယ်တွင် ၄ ရွာ၊ ငါန်ဇွန်မြို့နယ်တွင် ၂ ရွာနှင့် အမရပူရ၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ တောင်သာ၊ ပုသိမ်ကြီး၊ ညောင်ဦးမြို့နယ်များတွင် ကျေးရွာ ၁ရွာစီတို့ ဖြစ်သည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် တိုက်ရိုက်ကာကွယ်ခြင်းနှင့် သွယ်ဝိုက် ကာကွယ်ခြင်းဟူ၍ ၂ မျိုးရှိပြီး သင့်တော် ကောင်းမွန်သည့် နည်းလမ်းဖြင့် ဒီဇိုင်းရေးဆွဲကာ ပုဂ္ဂလိကကုမ္ပဏီများဖြင့်လုပ်ဆောင်သလို အရေးကြီး သော နေရာများတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ကြောင်း သိရသည်။

“ကမ်းပြိုကာကွယ်ရေးမှာ တိုက်ရိုက်ကာကွယ်နည်းက အများကြီးရှိတယ်၊ မျောကရစ်ကွက် ကျောက်ဖြည့်နည်း၊ မြေသား အခြေ အနေမကောင်းရင် ဘိုးပိုင်အခြေပြု နည်းလမ်းတွေပေါ့၊ သွယ်ဝိုက်နည်းလမ်းအရ ရေကြောင်း လွှဲပေးတဲ့အခါ သောင်တူးလုပ်ငန်းနဲ့ ရေကြောင်းပြောင်းအောင် ရေလွှဲရေကာလုပ်တဲ့နည်းတွေပါ” ဟု ဦးတိုးအောင်လင်းက ဆက်လက် ပြောသည်။

တိုင်းတာရေး လုပ်ငန်းများပြီးစီးပါက ဒီဇိုင်းဆွဲခြင်း ၊ ဒီဇိုင်းအတည်ပြုချက်ယူခြင်း၊ တင်ဒါခေါ်ခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို လာမည့်နှစ် ဧပြီ၊ မေတွင် အပြီးလုပ်ဆောင်မည်ဟု သိရသည်။

“ကမ်းပြိုကာကွယ်ခြင်းဖြင့် ကမ်းပြိုလို့ စိုက်ပျိုးမြေ၊ လူနေအိမ်၊ စေတီပုထိုးတွေ ပျက်စီးမှုမရှိအောင်ထိန်းသိမ်းပေးနိုင်လို့ ဒေသအတွက် အကျိုးရှိတယ်၊ ဌာနက ကမ်းပြိုတင်မဟုတ်ဘဲ မြစ်ကြောင်း ရေလမ်းကြောင်းတည်ငြိမ်ဖို့ကိုပါ လုပ်နေ တယ်၊ ရေလမ်းကြောင်း တည်ငြိမ်တော့ ကမ်းပြိုမှု နည်းသွားတယ်”ဟု ဦးတိုးအောင်လင်းက ဆက်လက်ပြောသည်။

ကမ်းပြိုရခြင်းမှာ ရေဦးထိုး တိုက်စားခြင်း၊ ကမ်းပါးမြေသား မခိုင်ခံံ့ခြင်း၊ တူးသင့်သည့် နေရာမဟုတ်ဘဲ သဲစုပ်ခြင်း၊ ရွှေတူး ခြင်းစသည့် လူတို့အပြုအမူများကြောင့် ရေကြောင်းပြောင်း၍ ရေဦးထိုး တိုက်စားခြင်းကြောင့် ကမ်းပြိုရ ခြင်းဖြစ်ပြီး ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကွန်ကရစ် သံခြင်းအခြေပြုကျောက်စီတမံ၊ မျော ကျောက်ဖြစ်ရေလွဲရေကာ၊ သဲအိတ်ခံ ကျောက်စီရေကာ၊ Steel Basket အခြေပြုကျောက်စီခြင်း၊ ကွန်ကရစ် အခြေပြု ကျောက်စီခြင်း၊ ကျေက်ဖြည့် မျောဂရစ်တန်း၊ မျောတိုင်တန်းကျောက်ဖြည့်ရေကာစသည့် နည်းလမ်းများ အသုံးပြု ကြောင်း၊ အများစုကို သံခြင်းအခြေပြု ကျောက်စီတမံဖြင့် လုပ်ဆောင်နေခြင်းဟု သိရသည်။

“သံခြင်းအခြေပြုကျောက်စီတမံက ပိုခိုင်ခန့်တယ်၊ မြေသားကောင်းတဲ့အခြေအနေမှာ လုပ်ရတာ ပိုအဆင်ပြေတယ်၊ အချို့ ကိုမြေသားအခြေအနေအရ တိုက်ရိုက်ကာကွယ်တာမဟုတ်ဘဲ ရေလွဲရေကာတာလုပ်ရတာရှိတယ်၊ အများစု ကိုတော့ ပိုမိုထိရောက်ပြီး တကယ်လည်းတိုက်ရိုက်ကာကွယ်နိုင်တဲ့သံခြင်းအခြေပြု ကျောက်စီတမံတွေ လုပ်ဆောင် သွားမှာပါ “ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောသည်။

ဧရာဝတီမြစ်ကြောင်းတလျှောက် ကမ်းပြိုမှုများဖြစ်ပေါ်ခြင်းသည် မိုးတွင်းကာလတွင် အများဆုံးဖြစ်ပေါ်လေ့ရှိပြီး ကျေးရွာမြေ၊ လူနေအိမ်၊ စိုက်ပျိုးမြေ၊ သာသနိကအဆောက်အဦများ ဆုံးရှုံးခြင်းများ နှစ်စဉ်ဖြစ်ပေါ်နေရခြင်းကြောင့် ယခုကဲ့သို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း သိရသည်။

“ကျောက်ဖြည့်မျောကွန်ကရစ်တန်းတွေ၊ မြစ်ကြောင်းကိုထိန်းသိမ်းတဲ့ နံရံတွေမလုပ်ခဲ့ဘူးဆိုရင် မိုးတွင်းရေကြီးကာလ အတွင်းမှာ စိုက်ဧကတွေ နှစ်စဉ်ပျက်ဆီးဆုံးရှုံးနေရ တယ်၊ ပြီးခဲ့တဲ့နှစ်ကဆိုရင် လယ်၊ ကောက်ပဲသီးနှံတွေ၊အထူသဖြင့် ကွမ်းစိုက်တောင်သူ တွေဟာ တော်တော်အထိနာခဲ့ကြပါတယ်၊ ဒါကြောင့် အခုလိုမလုပ်ဘူးဆိုရင် နောက်ထပ်ကမ်းပြိုမှု တွေက ဆက်တိုက်လိုက်သွားပြီးတော့ ရွာတွေကိုပါ ထိခိုက်ပျက်ဆီးဆုံးရှုံးနိုင်တဲ့ အလားအလာတွေရှိနေပါတယ်၊ ဒါကို အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များနဲ့အတူ ပြည်သူတွေပူးပေါင်းဆောင်ရွက်ကြတယ်”ဟု မတ္တရာမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အေးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ် နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နှစ်စဉ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများအတွက် လုပ်ဆောင်ပေးလျက်ရှိရာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ငွေကျပ် ၃၆၄၉ ဒသမ ၅ သန်းဖြင့် စဉ့်ကူး၊ မတ္တရာ၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ မြင်းခြံနှင့် တောင်သာ မြို့နယ်(၆)ခုမှ ကျးရွာပေါင်း ၁၆ ရွာကို ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သလို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ကျေးရွာ ၁၅ ရွာနှင့်ရေလမ်းကြောင်းကောင်းမွန်ရေးလုပ်ငန်း ၄ခုကိုဧရာဝတီမြစ်အတွင်း စဉ်ကူး၊ မတ္တရာ၊ မြင်းခြံ စသည့်မြို့နယ်များတွင် ငွေကျပ်သန်း ၅၂၀၀ အသုံးပြု လုပ်ဆောင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာနက သိရသည်။

You may also like these stories:

ဆည်မြောင်းများ ဘေးကင်းလုံခြုံရေး အစိုးရ အစီအစဉ် လွှတ်တော်တွင် မေးခွန်းထုတ်

ဓာတ်တော်ချိုင့်ရေတံခွန် ကြမ်းပြင်ပေါက်မှု ပညာရှင်များနှင့် စစ်ဆေးမည်

ဧရာဝတီမြစ် အတွင်းသို့ နေ့စဉ် ပလတ်စတစ်အမှိုက် ၁၁၉ တန် စွန့်ပစ်နေဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading