တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်စေရေး ရည်ရွယ် ချက်ဖြင့် သတ်မှတ် စံချိန်စံညွန်းနှင့် ကိုက်ညီသည့် စပါးတင်း ၁၀၀ လျှင် ၅ သိန်းကျပ်ဈေးနှုန်း သတ်မှတ်ကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူဦးဆောင်သည့် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြင့်တင်ရေးဦးဆောင်အဖွဲ့က ယနေ့ ထုတ်ပြန်သည်။
အခြေခံ စပါးဈေးနှုန်း သတ်မှတ်ရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် တောင်သူလယ်သမား အခွင့် အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ဦးဆောင်၍ နေပြည်တော်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တရပ် ကျင်းပခဲ့ပြီးနောက် ၁၄ ရက်အကြာတွင် နိုင်ငံပိုင် မီဒီယာများမှ ယခုလို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
“အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန် စံညွန်း များနှင့်ကိုက်ညီသည့် တစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း (၁၀၀) ၏ အခြေခံ ရည်ညွန်းဈေးနှုန်းကို ကျပ်ငွေ (၅) သိန်းအဖြစ် သတ်မှတ်လိုက်သည်”ဟု တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြင့်တင်ရေး ဦးဆောင်အဖွဲ့က ယနေ့ရက်စွဲဖြင့် ကြေညာသည်။
ဈေးကွက်ပေါက်ဈေးမှာ အခြေခံရည်ညွန်းဈေး ကျပ် (၅) သိန်းထက် မြင့်မားနေပါက ဈေးကွက်ပေါက်ဈေး အတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးမှာ အခြေခံရည်ညွန်းဈေး ကျပ် (၅) သိန်းအောက်တွင် ဖြစ်ပါက အခြေခံဈေးနှုန်း အတိုင်း ဝယ်ယူရမည်ဖြစ်ပြီး ယခုသတ်မှတ်သော အခြေခံရည်ညွန်းဈေးနှုန်း (စပါးတင်း ၁၀၀ လျှင် ၅ သိန်းကျပ်ဈေး) မှာ ၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ခုနှစ် နွေစပါးတို့အတွက် ရည်ညွန်းထုတ်ပြန်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။
အခြေခံရည်ညွန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်ရုံးချုပ်ဖုန်း (၀၁ – ၂၃၀၁၁၂၈၊ ၀၁ – ၂၃၀၁၁၂၉၊ ၀၁ – ၂၁၈၂၆၆) သို့ ဆက်သွယ်နိုင်ပါကြောင်း ကြေညာချက်တွင် ရေးသားထားသည်။ ယခု ကြေညာချက်မှာ မြန်မာနိုင်ငံ အစိုးရအနေဖြင့် အခြေခံဆန်စပါးဈေးနှုန်းတရပ်ကို ပထမဆုံးအကြိမ် ထုတ်ပြန် ကြေညာခြင်းဖြစ်သည်။
အခြေခံစပါးဈေးနှုန်း ကျပ် ၅ သိန်းအောက် ကျဆင်းခဲ့ပါက ဦးဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွဲ့စည်းထားသည့် ဝယ်ယူရေးကော်မတီများက စပါးဝယ်ယူသွားမည်ဖြစ်ပြီး အဆိုပါ စပါးဝယ်ယူရေးနှင့် သိုလှောင်ကြိတ်ခွဲရောင်းချရေး လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဝင်ရောက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အခြေခံစပါးဈေး ၅ သိန်းအောက်ကျရင် ဝယ်မယ်။ ဝယ်တဲ့အခါမှာလည်း ဦးဆောင်အဖွဲ့ အောက်မှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဝယ်ယူရေးကော်မတီတွေ ဖွဲ့ပြီးသားရှိတယ်။ အဲဒီလိုဖွဲ့စည်းထားပေမယ့် တိုင်းနဲ့ပြည်နယ် အစိုးရတွေ အနေနဲ့ ဝယ်ယူရေးအပိုင်းမှာရော၊ ထားသိုရေးနဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ အဆင်သင့်မဖြစ်သေးတဲ့အခါ ကျတော့ ဆန်စပါး အသင်းချုပ်အနေနဲ့ ဒီအပိုင်းတွေမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ၏ ဆန်စပါးအဓိကစိုက်ပျိုးထုတ်လုပ်ရာ ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်ကြမ်းအုပ်စုဖြစ်သည့် ဆင်းသုခ စပါး ဈေးမှာ မအူပင်ခရိုင်တွင် စပါးအရည်အသွေး အပေါ် မူတည်၍ တင်း ၁၀၀ လျှင် ကျပ် ၄ သိန်း ၅သောင်း ဝန်းကျင် ပေါက် ဈေးရှိနေပြီး ပုသိမ်ခရိုင်နှင့် မြောင်းမြခရိုင်အတွင်း၌ တင်း ၁၀၀ လျှင် ၄ သိန်း၈ သောင်းကျပ်မှ ၅ သိန်းကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။
“အခြေခံစပါးဈေး ၅ သိန်း သတ်မှတ်ပေးတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီဈေးနှုန်းက လယ်သမားတွေ အတွက် ဘာဖြစ်လို့လဲဆိုတော့ လယ်ထဲကို ထည့်ရတဲ့ သွင်းအားစု ဈေးနှုန်းတွေက အကုန်တက်နေတာ။ သို့သော် ဈေးကွက် အခြေအနေအရ ၅ သိန်းဆိုလည်း နည်းနည်းတော့ ခံသာတာပေါ့။ ဒါပေမယ့် အစိုးရအနေနဲ့ ၅ သိန်းအောက် ကျတာနဲ့ အလျင်အမြန် ဝယ်ဖို့တော့လိုမယ်။ စပါးကုန်မှ ဆင်းဝယ်တာမျိုးတော့ မဖြစ်စေချင်ဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး၊ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးမျိုးချစ်က ပြောသည်။
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြင့်တင်ရေးဦးဆောင်အဖွဲ့ကို ယခင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်က ဒုသမ္မတ၂ ဖြစ်သူ ဦးဉာဏ်ထွန်းက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်လှိုင်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – NLD အစိုးရလက်ထက်တွင် ဒုတိယ သမ္မတ ၂ ဦးဟင်နရီဗန်ထီးယူက အဖွဲ့ခေါင်းဆောင် အဖြစ် ဆက်လက်ဦးဆောင်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ အောင်သူက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျှက်ရှိသည်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ပြည်ပသို့ ဆန်တင်ပို့မှုပမာဏ တိုးတက်များပြားခဲ့ပြီး ပြည်ပသို့ ဆန်တင်ပို့ မှု အားလုံး၏ ၅၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။ ၂၀၁၇ – ၁၈ ဘဏ္ဍာရေး နှစ်တွင် ပြည်ပသို့ ဆန် တန်ချိန် ၃ ဒဿမ ၅၈ သန်းတင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၇၀ အတွင်း ပြည်ပသို့ ဆန်တန်ချိန် အများဆုံးတင်ပို့ခဲ့သည့်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
သို့သော် ၂၀၁၈ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံမှ မြန်မာ့ဆန် တရားမဝင်တင်သွင်းမှုများကို ဖမ်းဆီးပိတ်ပင်မှုများ ဆောင်ရွက ခဲ့သည့်အတွက် ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏမှာ ဆန်တန်ချိန် ၁ သန်းနီးပါးအထိ သိသာစွာ လျော့ကျခဲ့ပြီး မြန်မာ့ ဆန် စပါး လောကတွင် ဝယ်လို အားကျဆင်းခဲ့သည့်အတွက် စပါးဈေးနှုန်းများလည်း ကျဆင်းခဲ့သည်။ လက်ရှိ ၂၀၁၉ – ၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း တရုတ်နိုင်ငံမှ ဝယ်ယူမှု အနည်းငယ်သာ ရှိသည့်အတွက် စပါးဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေခဲ့ပြီး ၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်က သိုလှောင်ခဲ့ ကြသည့် ဧရာဝတီတိုင်းရှိ ဆန်စပါးကုန်သည်များမှာ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
အခြေခံ စပါးဈေး အောက်တိုဘာလ မကုန်မီ ကြေညာမည်ဟု စီး/ကူး ဒုဝန်ကြီး ဆို
ဧရာဝတီတိုင်းအတွင်း ချေးငွေ ပြန်မဆပ်သည့် လယ်သမား ၁၄၀၀၀၀ ကျော်ရှိနေ
အခြေခံ ဈေးနှုန်းထက် ကျဆင်းနေသည့် စပါးဈေးကွက် ထိန်းရန် စီစဉ်နေ
ယခုနှစ် ပြည်ပဆန်တင်ပို့မှု တန်ချိန် ၁ သန်းခွဲခန့် လျော့ကျမည်ဟု MRF ခန့်မှန်း