ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွှေလိုင်ကျေးရွာတွင် ယမန်နေ့ မနက်ပိုင်းက တပ်မတော် စစ်ကြောင်းမှ ပစ်ခတ်သဖြင့် ရွာသား ၁ ဦးသေဆုံးပြီး တက္ကသိုလ် ကျောင်းသား ၁ ဦးထိုခိုက်ဒဏ်ရာ ရရှိခဲ့သည်။
သေဆုံးသူမှာ ရွှေလိုင်းကျေးရွာအနီးရှိ စစ်အောင်ရွာနေ အသက် ၅၀ ကျော်အရွယ် ဦးကုလားမောင်ဖြစ်ပြီး ဒဏ်ရာ ရရှိသူမှာ ရွှေလိုင်ကျေးရွာနေ အသက် ၂၄ နှစ်အရွယ် အဝေးတက္ကသိုလ် စတုတ္ထနှစ်( မြန်မာစာ ) ကျောင်းသား ကိုနေဆန်းဝင်းတို့ ဖြစ်သည်။
ဒဏ်ရာရရှိသူ ကိုနေဆန်းဝင်း၏ ဖခင် ဦးမောင်ဖိုးကျော်က “တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး၊ ကျနော်တို့ ရွာအနီးမှာ စစ်အောင်ရွာဆိုတာ ရှိတယ်။ အဲဒီ စစ်အောင်ရွာက ကိုကုလားမောင်ကို သူတို့(စစ်တပ်) က ခေါ်ယူလာတယ်နဲ့ တူပါတယ်။ သူက ရွှေလိုင်ရွာ အရောက်မှာ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အခါ ပစ်တာ၊ ပစ်တဲ့အခါ ကျနော်သား က စစ်တွေကို အဝေးသင်တက်ဖို့ ရွာက ကျောင်းသားတွေနဲ့ သွားဖို့ ကားကို ထုတ်နေတာ ၊ ကျနော်သားမှာ ၄ ချက် လောက်ထိတယ်။ ကားလည်း ပျက်သွားတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက နယ်မြေရှင်းလင်းရေး လုပ်နေသည့် တပ်မတော်သားများ လာရောက်စဉ် ဦးကုလားမောင်မှာ ရွှေလိုင်ရွာ ကန်ဘောင်တွင် ဖုန်းပြောနေသည့် အတွက် မသင်္ကာ၍ ဖမ်းဆီး စစ်ဆေးရာမှနေ ထွက်ပြေးသည့်အတွက် ပစ်ခတ်လိုက်ခြင်း ဖြစ်ဟုဆိုသည်။
“ကျနော်တို့ တပ်တွေ အဲဒီဘက်မှာ နယ်မြေရှင်းလင်းရေး လုပ်တာတာရှိတယ်။ ကျနော်တို့တပ်တွေ လာတဲ့အခါ ရွှေလိုင်ရွာ ကန်ဘောင်မှာ အဲ့ဒီလူက ဖုန်းပြောနေတာ အဲဒီမှာမိတယ်။ အဓိကတော့ မေးချင်လို့ ဘယ်သူနဲ့ ဖုန်းပြောလဲ၊ ဖုန်းပြောတဲ့ဟာကို သိချင်လို့ ကျနော်တို့က မေးတာ ဒီကောင်က ထွက်ပြေးတော့ ပစ်ဖမ်းတာ၊ ဟို တယောက်က သူ့ ဟာသူ မှန်တယ်ဆိုတဲ့ဟာက သူ့ကို ရည်ရွယ်ပြီး ပစ်တာမဟုတ်ဘူး၊ ကားနားမှာ ရှိလို့ ပစ်လိုက်လို့ ကားမှန်ကွဲသွားပြီးတော့ မှန်စ မှန်တာ ” ဟု ဧရာဝတီသို့ ပြောသည်။
ပစ်ခတ်မှု အပြီးတွင် ပစ်ခတ်မှုြုဖစ်သည့် တပ်မ ၂၂ မှ တပ်ရင်းမှူး အဆင့် ရှိသူ က ဦးမောင်ဖိုးကျော်တို့ကို ခေါ်ယူပြီး ထိခိုက်ပျက်စီးမှုအတွက် ကုန်ကျစရိတ်များကို ကျခံပေးမည်ဟု လည်း ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ဦးမောင်ဖိုးကျော်က “ကျနော်တို့ ရွာမှာ ပစ်ခတ်မှုဖြစ်တဲ့ တပ်က တပ်မ ၂၂ လက်အောက်ခံပါ၊ တပ်ရင်းမှူး နာမည်က ဇေယျအောင် ပါ။ ကျနော်တို့ကို သူတို့ရဲ့ နာမည်နဲ့ ဖုန်းနံပါတ်တွေ ပေးထားခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသွားသည့် အသက် ၅၀ ကျော်အရွယ် ဦးကုလားမောင်မှာ စပါး အရောင်း အဝယ် လုပ်ကိုင်နေသည့် ကုန်သည် တဦး ဖြစ်ကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးကမူ သေဆုံးသွားသည့် ဦးကုလားမောင်ထံမှ ဖုန်း ၂ လုံး သိမ်းဆည်းရမိပြီး ၊ ဖုန်းထဲတွင် AA အဖွဲ့နှင့် ဆက်သွယ်ထားသည့် စကားများကို တွေ့ရှိရသလို လက်ပစ်ဗုံး ၁ လုံးလည်း သိမ်းဆည်းရမိကြောင်း ပြော သည်။
ဒေသခံ ကျေးရွာသားများကတော့ ပစ်ခတ်မှုဖြစ်သည့်နေရာမှာ ရွေလိုင်းရွာလယ်တွင် ဖြစ်ပွားခြင်းပြီး၊ယင်းအနီးတွင် ရေကန်မရှိကြောင်း၊ ကျောက်တော်ဖက်မှ တပ်မတော်စစ်ကြောင်း လာရောက်စဉ် စစ်အောင် ရွာသား ဦးကုလားမောင် ကို လမ်းတွင်တွေ့ပြီး ခေါ်ယူသွားကြောင်း၊ ရွှေလိုင်ရွာ အရောက်တွင် ဦးကုလားမောင်က ကြောက်ပြီး ထွက်ပြေးရာမှ နေ တပ်မတော်သားများက ပစ်ခတ်ခဲ့ ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ကျောက်တော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ကျနော်သိရသလောက်က စစ်အောင် ရွာကနေ လူတယောက်ကို ဖမ်းခေါ်လာတဲ့ သဘောရှိတယ်။ ရွှေလိုင်းရွာ အရောက် ပစ်ခတ်မှု ဖြစ်တယ်။ အခုနောက် ပိုင်း ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ဒီလို ဖြစ်ရပ်တွေ တော်တော်များများ ဖြစ်လာတာကို တွေ့ရတယ်။ ကျနော်တို့ သွားဖို့ ကြိုးစားနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တခုကို ပုံဖော်ဖို့ လုပ်နေကြတဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ဒီဖြစ် စဉ်တွေ က လူအဖွဲ့အစည်းကို ဒဏ်ရာ အနာတရ ဖြစ်စေပြီးတော့ ပိုပြီးတော့ ခံစားမှုတွေကို ဆွပေးနေသလို နာကြည်းမှုတွေ မုန်းတီးမှုတွေ ပိုပြီးတော့ အစိုင်အခဲလိုက် ထည့်ပေးနေသလို ကျနော်တို့ ခံစားရတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
လက်ရှိအချိန်တွင် ထိခိုက်ဒဏ်ရာ ရရှိသူ ကိုနေဆန်းဝင်းကို ကျောက်တော်ဆေးရုံမှနေ တဆင့် စစ်တွေ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သည့် ကုသမှုများကို ခံယူနေသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခ ဆက်လက် မြင့်တက်နေမှုနှင့် အရပ်သားသေဆုံးမှု ၊ ထိခိုက်ဒဏ်ရာ ရရှိမှု များနှင့်အတူ ဖမ်းဆီးတရားစွဲခံရမှုများမှလည်း တနေ့ထက် တနေ့ များပြားလာနေသည်။
ယင်းသို့ တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ အပြစ်မဲ့ အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်ကာ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်းရန် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လွှွတ်တော်တွင် အဆို တရပ်တင်သွင်းခဲ့ရာ ယင်း အဆိုအား စက်တင်ဘာလ ၂၃ ရက်နေ့ ကျင်းပသော ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
လက်ရှိ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်ပွဲကာလအတွင်း အရပ်သား သေဆုံးမှု ၈၀ ဦးနှင့် ထိုခိုက် ဒဏ်ရာ ရရှိသူ ၁၂၀ ကျော်အထိ တိုးလာနေကြောင်းလည်း ဦးထွန်းသာစိန်က လွှတ်တော်တွင် တင်ပြ ဆွေးနွေးခဲ့သည်။
နောက်ပိုင်တွင်းလည်း ဒေသခံများ သေဆုံးမှု ၊ထိခိုက်ဒဏ်ရာရရှိမှု ၊ ဖမ်းဆီးခံရမှုများ ရှိနေရာ နောက်ထပ်တိုးလာသည့် စာရင်းအတိအကျ ပြုစုနိုင်ခြင်း မရှိသေးပေ။
လက်ရှိအခြေအနေမှာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ၊ ကျောက်တော် ၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင် ၊ ဘူးသီးတောင် ၊ မြောက်ဦး ၊ မင်းပြား ၊ မြေပုံ စသည့် မြို့နယ်များတွင် နှစ်ဘက်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲပင် ဖြစ်သည်။
You may also like these stories:
ကျောက်တော်၌ ရဲတပ်ကြပ်ကြီး ၁ ဦး ဓားထိုးခံရ၍ သေဆုံး
ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူး နုတ်ထွက်
ကျောက်တော် ပစ်ခတ်မှု ဒေသခံတဦး သေဆုံး