သတင်း

လူ့အခွင့်အရေးဆိုင်ရာ တက္ကသိုလ်အဆင့်သုတေသန စာတမ်းဖတ်ပွဲ ပထမဆုံးအကြိမ် ပြုလုပ်

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့နှင့် ဒိန်းမတ်သံရုံးတို့ ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် အဖြစ် တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး သုတေသန စာတမ်းဖတ်ပွဲကို အောက်တိုဘာလ ၁၅ ရက်က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ကျင်းပခဲ့သည်။ 

အဆိုပါ သုတေသနစာတမ်း ဖတ်ပွဲ၌ စာတမ်းပေါင်း ၂ဝ ကို ဖတ်ကြားခဲ့ပြီး အထူးသဖြင့် ဥပဒေရေးရာ ကဏ္ဍများကို အဓိက ထား သုတေသန ပြုခဲ့ကြခြင်း ဖြစ်သည်။ 

ယခုလို သုတေသန စာတမ်းများကို တက္ကသိုလ်အဆင့် ဥပဒေရေးရာ ကျွမ်းကျင်သူ ပါမောက္ခများ၊ ဆရာ၊ ဆရာများနှင့် တူ လုပ်ကိုင်လာနိုင်ခြင်းကြောင့် ဆရာ၊ ဆရာများတွင်လည်း လူ့အခွင့်အရေး ဆိုင်ရာ အသိပညာများ၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အခြေခံ အဆောက်အအုံများကို ထူထောင်လာနိုင်မည် ဖြစ်ကြောင်း၊ ထိုမှတဆင့် လူ့အခွင့်အရေးနှင့် ပတ် သက်ပြီး ဖြန့်ဖြူးသွားနိုင်မည့် အတွက် ယခုလို သုတေသနများကို ပြုလုပ်ခြင်းသည် များစွာအကျိုးရှိစေမည် ဖြစ်ကြောင်း အဆိုပါ သုတေသန အစီအစဉ် အဖွဲ့ ခေါင်းဆောင် Mrs. Lousie Simonsen Aaen က ပြောသည်။

Mrs. Lousie Simonsen Aaen ကဒီကနေ ဆရာ၊ ဆရာမတွေကြားထဲမှာ သုတေသနတွေ လုပ်လာနိုင်တဲ့အတွက် လူ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိတွေ တိုးလာမယ်၊ အဆင့်မြင့် လာမယ်။ အလုပ်သမား အခွင့်အရေးတို့၊ ကလေးအခွင့် အရေး တို့လို စတဲ့ သုတေသနစာတမ်းတွေကိုလည်း နိုင်ငံကာအဆင့်ထိ ကျွမ်းကျင်ကြသူတွေရဲ့ မှတ်ချက်ပြုမှုတွေကနေ သူတို့ရဲ့ သုတေသနတွေဟာလည်း ဒီထက် တိုးတက်လာမယ်။ ဒီအဆင့်ကနေ ထွက်လာမယ့် ရလဒ်တွေဟာ နိုင်ငံတကာ အဆင့်ထိ၊ နိုင်ငံတကာ ကွန်ဖရန့်တွေ အထိ ဖြစ်လာနိုင်ပါလိမ့်မယ်ဟု ဆိုသည်။

အဆိုပါ စာတမ်းဖတ်ပွဲ၌ အလုပ်သမား အခွင့်အရေးနှင့် ဆိုင်သော စာတမ်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စာ တမ်းများ၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ စာတမ်းများ၊ အရွယ်မရောက်သေးသူများ၏ အခွင့်အရေး ဆိုင်ရာ စာတမ်းများ၊ နိုင်ငံရေး အခွင့်အရေးနှင့် ပတ်သက်ပြီး အမုန်းစကားနှင့် ဆိုင်သည့် စာတမ်း၊ သတင်း လွတ်လပ်ခွင့်၊ ကလေးသူငယ် အခွင့် အရေး ဆိုင်ရာ စသည့် စာတမ်းများကို ဖတ်ကြားခဲ့ကြသည်။ 

ယခုကဲ့သို့ လူ့အခွင့်အရေး သုတေသနစာတမ်းကို တက္ကသိုလ်အဆင့်မှ ပြုလုပ်ခြင်းသည် ကြီးမားသော တိုးတက် ပြောင်းလဲလာမှု ဖြစ်ကြောင်း၊ ထိုသုတေသနများ၏ တွေ့ရှိချက်များကို ပြန်လည် သုံးသပ်ပြီး ဥပဒေပိုင်း ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ၊ မူဝါဒရေးရာများ ပြန်လည် သုံးသပ်မှုများတွင် အထောက်အကူ ဖြစ်စေနိုင်သလို အုပ်ချုပ်ရေးပိုင်း များတွင်လည်း ပြန်လည် အသုံးချ၍ ရနိုင်ကြောင်း အဆိုပါ သုတေသန စာတမ်းဖတ်ပွဲသို့ တက်ရောက်ခဲ့သည့် တရားလွှတ် တော်ရှေ့နေနှင့် ဥပဒေရေးရာ အကြံပေး ဖြစ်သူ ဦးကျော်မင်းစံက ပြောသည်။

ယခု စာတမ်းဖတ်ပွဲတွင် ဖတ်ခဲ့ကြသည့် သုတေသန စာတမ်းအားလုံးသည် နိုင်ငံတကာ သုတေသန စာတမ်းအဆင့်ထိ ဖော်ပြခံရခြင်း မရှိနိုင်သေးသော်လည်း တချို့စာတမ်းများသည် များစွာ ကြိုးစား အားထုတ်ထားသည်ကို ပေါ်လွင်စေ ကြောင်း၊ ယခုစာတမ်းများကို သေချာစွာ တည်းဖြတ်ပြင်ဆင်ပြီး ကျွမ်းကျင်ကြသူများ၏ မှတ်ချက်များနှင့်တကွ ဆက်လက် သုတေသနပြုခဲ့နိုင်လျှင် နိုင်ငံတကာအဆင့် သုတေသနစာတမ်း အထိ ရောက်ရှိနိုင်မည်ဟု ၎င်းက ဆက်လက် ပြောဆို သည်။

ဦးကျော်မင်းစံကသုတေသန စာတမ်းတွေရဲ့ တန်ဖိုးက အင်မတန်မှ ကြီးမားပါတယ်။ ဒီမှာ ဖတ်လိုက်တဲ့ စာတမ်းတွေမှာ အားသာချက်၊ အားနည်းချက်တွေ ဆိုတာကတော့ ရှိနေမှာပဲ။ ဒါက သုတေသန လုပ်ကြသူတိုင်း တွေ့ကြုံရတဲ့ဟာပါ။ စိန် ခေါ်မှုတွေကတော့ ရှိနေမှာပဲ။ ဒီကနေ သေချာ ဆွေးနွေးပေးလိုက်ကြသူတွေကြောင့် သူတို့မှာ စဉ်းစားစရာတွေ အများကြီး ရသွားစေနိုင်ပါတယ်။ ဒီလို ဆွေးနွေးပွဲမျိုးတွေ များများလုပ်ဖို့ လိုတယ်ဟု ဆိုသည်။

ထိုသို့ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး သုတေသနများကို အဆိုပါ တက္ကသိုလ်၂ ခုနှင့် ဒိန်းမတ်နိုင်ငံ ပညာရေး ဌာနတို့ ချိတ်ဆက် ဆောင်ရွက်နေသည့် မဖတ်ကြားရသေးသော သုတေသနစာတမ်း ၁ဝ စောင်ကျော် ကျန်ရှိနေသေး ကြောင်း သိရသည်။

You may also like these stories:

ပျောက်ဆုံးနေသည့် ကရင် လူ့အခွင့်အရေးလှုပ်ရှားသူ ဘီလီ သတ်ဖြတ်ခံရခြင်းဖြစ်ဟုဆို

လူမသိ သူမသိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ဖြစ်နေတယ်

ကျော်ဇင်ဝင်း သေဆုံးမှု လူ့အခွင့်အရေး ကော်မရှင် ထိန်ချန်မှုရှိ ဟုဆို

Loading