အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ၊ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် ဦးဘိုဘိုကျော်ငြိမ်း တို့ကို သူရဦးရွှေမန်းဘက်မှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းနှင့် ပတ်သက်၍ မြို့နယ် ဥပဒေ ရုံးက ခွင့်မပြုသဖြင့် အမှု ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယင်းပုဂ္ဂိုလ် ၃ ဦးသည် သူရ ဦးရွှေမန်းနှင့် ပတ်သက်၍ ရုပ်သံအွန်လိုင်း သတင်းဌာနတခု ဖြစ်သည့် လူထုမီဒီယာသို့ ဖြေကြားရာတွင် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည်ဟု ယုံကြည်သဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်းလည်း အငြိမ်း စား ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ ယာဉ်မောင်းဖြစ်သူက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ် မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ (နိုင်လွတ်လုံ) ဖြင့် ၂၀၁၉ ခုနှစ် မေလက အမှုဖွင့်ခဲ့ ခြင်း ဖြစ်သည်။
ပတ္တာနယ်မြေ ရဲစခန်း ယာယီ စခန်းမှူး ဒုရဲအုပ် ဇော်လင်းထက်က “အဲဒီအမှုမှာ ဦးရဲထွဋ်၊ ဦးဘိုဘို ကျော်ငြိမ်း၊ ဦးလှဆွေတို့ကို စွဲဆိုထားတဲ့ အမှုက ဥပဒေ အကြံပြုချက်က နိုင်လွတ်လုံ ပုဒ်မနဲ့ ငြိစွန်းမှု မရှိဘူးဆိုလို့ တရားမစွဲ ဖြစ်တော့ဘူး။ ဥပဒေ အကြံပြုချက်က မြို့နယ်ဥပဒေရုံးက ပေးတာပါ။ ပြီးခဲ့တဲ့ လကပဲ၊ ကျနော် ရက်အတိ အကျ မမှတ်မိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ယင်းနေ့က အမှုနှင့် သက်ဆိုင်သူများထံသို့ အကြောင်းကြားပြီး ဖြစ်ကြောင်း၊ တိုင်ကြားသူဘက်မှ ကျေနပ်မှု ရှိ မရှိ ပြန်လည် ပြောဆိုခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ရဲတပ်ဖွဲ့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လမှ စတင်ကာ ယခုအမှုတွင် ပါဝင်ပတ်သက်သူများကို စတင်ဆက်သွယ် မေးမြန်းမှု များ ပြုလုပ်ခဲ့ပြီးနောက် မြို့နယ်ဥပဒေရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့်အတွက် ယခု အမှုကို ဆက်လက် ဆောင်ရွက်ခွင့် မပြုသည်ဆိုသည့် ဥပဒေရုံး၏ သဘောထား အတိအကျကိုမူ မသိရပါ။
နိုင်လွတ်လုံ ပုဒ်မဖြင့် အမှုဖွင့်ခံခဲ့ရသူ ဦးရဲထွဋ်က မိမိစကားကို မိမိတာဝန်ယူပြီး တရားရုံးတွင် ရင်ဆိုင်ရန် ပြင်ဆင် ထားပြီး ဖြစ်သည့်အတွက် ဦးရွှေမန်းနှင့် ၄င်း၏ မိသားစုဝင်များကို သက်သေအဖြစ် ခေါ်ပြီး ၎င်း၏ လုပ်ဆောင်ချက်များ အပေါ် မေးခွန်းထုတ်နိုင်မည့် အခွင့်အရေး ဆုံးရှုံးသွားသည်ဟု မြင်ကြောင်း ပြောသည်။
ဦးရဲထွဋ်က “ဦးရွှေမန်းဟာ သာမန်ပြည်သူ မဟုတ်ဘူး။ နိုင်ငံရေး ပါတီတခုရဲ့ခေါင်းဆောင်ဖြစ်တဲ့ အပြင် ပြည်သူက တာဝန်ပေးရင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တာဝန်တွေကို ထမ်းဆောင်မယ်လို့ အတိအလင်း ပြောထားတဲ့သူဖြစ်တဲ့ အတွက် နောင်မှာလည်း နိုင်ငံသားတဦး၊ မဲဆန္ဒရှင် တဦးအနေနဲ့ ဆက်လက် စောင့်ကြည့် ဝေဖန်နေဦးမှာပါ” ဟု ဆိုသည်။
သူရ ဦးရွှေမန်းနှင့် နီးစပ်သည့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးက ယခု အမှုဖြစ်စဉ်သည် တိုင်ကြားသည့် အချိန်မှ စ၍ ရဲလက်ထဲတွင် အချိန်များစွာ ကြာခဲ့ကြောင်း၊ အမှုဖွင့်ပြီး၂ လခန့် အချိန်ကြာမှ ရဲလုပ်ငန်းများ စတင် ဆောင်ရွက်သည်ကို တွေ့ရကြောင်း ပြောသည်။
၎င်းက “ဒီကိစ္စမှာ ဦးရွှေမန်း မဟုတ်ဘူး။ ဒီနေ့ လျှမ်းလျှမ်းတောက် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေထဲက တယောက် ဖြစ်မယ်၊ ပြောတဲ့လူကလည်း ဒီလူတွေ မဟုတ်ဘူး။ ရိုးရိုးသာမန် မထင်မရှား ပြည်သူတယောက် ဖြစ်မယ်ဆိုရင် ဒီလိုမျိုး အဖျား ရှုးသွားပါ့မလား။ ဒါတွေကိုလည်း မီဒီယာ အနေနဲ့ စဉ်းစားကြည့်စေချင်တယ်” ဟု ပြောသည်။
သူရ ဦးရွှေမန်းနှင့် ပတ်သက်၍ လူထုမီဒီယာသို့ ပြောသည့် အထဲတွင် ဦးရဲထွဋ်နဲ့ ဦးလှဆွေ ပြောသည့် ကိစ္စထက် ဦးဘိုဘိုကျော်ငြိမ်း ပြောဆိုချက်တွင် ဒေါ်အောင်ဆန်းစုကြည်က “ထွီကနဲ့ ထွေးထုတ်လိုက်ရင် သူရဦးရွှေမန်း ဘယ်လို ဖြစ်သွားမယ် ဆိုသည့် စကား” သည် လူတယောက်၏ ဂုဏ်သရေကို ထိခိုက်မှု ရှိ မရှိ ဆိုသည်မှာ အားလုံး အသိပင် ဖြစ်ကြောင်း သူရဦးရွှေမန်းဘက်က ပြောဆိုသည်။
အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်၍ “ဘိုဘိုကျော်ငြိမ်းက ပြောတယ်။ ပြောတဲ့ဖိုင်ကို ဦးရဲထွဋ်က ရှယ်တယ်။ ဘိုဘို ကျော်ငြိမ်း ပြောတာက ပြစ်မှုကျူးလွန်ရာ ရောက်တယ်ဆိုရင် ဒီဟာကို ထပ်ရှယ်တဲ့သူက အားပေးကူညီမှု မြောက်တာ ပေါ့။ အဲဒါကို အခုလို ပြန်ရုပ်သွားတာတော့ စဉ်းစားစရာတွေ အများကြီး ရှိပါတယ်” ဟု ပြောကြားသည်။
ဦးဘိုဘိုကျော်ငြိမ်းက “သူရဦးရွှေမန်းက ဝင်ကစွပ် ဖြစ်တဲ့အတွက် ဒုတိယ ပိုဆိုးတာက သာကူး ဖြစ်တဲ့အတွက် သူ့ရဲ့ အသက်က ဒေါ်စုဆီမှာပဲ ရှိတယ်။ ဒေါ်စုက ထွီဆိုပြီး ထွေးထုတ်လိုက်ရင် အဝေးရောက်သွားမှာ”ဟု လူထုမီဒီယာသို့ ပြောဆိုခဲ့သည်။
ဦးဘိုဘိုကျော်ငြိမ်းမှာမူ နိုင်ငံရပ်ခြားတွင် အနေများသူ တဦးဖြစ်သည်။
ယခု အမှုတွင် ပါဝင်ပတ်သက်သူ တဦးဖြစ်သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေမှာလည်း နိုင်ငံတော် အကြီးအကဲများအပေါ် ပြစ်တင် ရှုတ်ချသည့် ဟောပြောချက် တချို့ကြောင့် အစိုးရက နိုင်ငံတော် အကြည် ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသဖြင့် ယခုအခါ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။
ထို့ပြင် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် ရေးသားသည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် လက်လွတ်ခဲ့သော အခွင့်အလမ်းများ စာအုပ်တွင်လည်း သူရ ဦးရွှေမန်းကို သစ္စာဖောက်ဟု ထည့်သွင်း ရေးသားခဲ့ခြင်း၊ ယင်းကိစ္စကို အွန် လိုင်းတွင် တင်ပြခဲ့ခြင်း တို့ကြောင့် ဥပဒေပညာရှင်များနှင့် ဆွေးနွေးကြည့်ရာ ပုဒ်မ ၆၆ (ဃ)၊ နိုင်လွတ်လုံ၊ အသရေ ဖျက်မှု ပုဒ်မ ၅၀၀ တို့နှင့် အမှုဖွင့်၍ ရကြောင်း အကြံပြုထားသည်ဟု သူရဦးရွှေမန်းဘက်မှ လူများက ပြောဆိုကြသည်။
သူရဦးရွှေမန်းနှင့် အနီးကပ်နေသူ တဦးက “သူတို့ကို ဒီလိုပြောတာတော့၂ ကိုယ်ကြား ပြောတာလည်း ဖြစ်ချင်ဖြစ် မယ်။ ဒီလိုပြောတာကို တိုင်းသိပြည်သိ မောင်းထုလိုက်တဲ့ ကိစ္စကတော့ အသရေဖျက်မှု မြောက်တာပေါ့ဗျာ။ အခု လောလောဆယ်မှာတော့ ဦးရွှေမန်းက ဒီကိစ္စကို ဥပဒေ အရ ဆောင်ရွက်ဖို့ ဆိုတာမျိုး မရှိသေးပါဘူး” ဟု ပြောသည်။
ယခုအခါ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီကို တည်ထောင်ထားသည့် သူရ ဦးရွှေမန်းသည် ၂၀၂၀ ရွေးကောက် ပွဲ အောင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သည့် အနေဖြင့် နိုင်ငံတဝန်းရှိ ပါတီရုံးခွဲများကို လိုက်လံ ဖွင့်လှစ်လျက် ရှိပြီး ၎င်းကို ထောက်ခံသူများနှင့် တွေ့ဆုံပွဲများ ပြုလုပ်နေကြောင်း သိရသည်။