မြန်မာတနိုင်ငံလုံးရှိ တက္ကသိုလ်များမှ တတိယနှစ် ဥပဒေကျောင်းသား အားလုံးသည် လူ့အခွင့်အရေး ဘာသာရပ်အား မသင်မနေရ ဘာသာရပ် အဖြစ် စတင် သင်ကြားပေးနေပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ဒိန်းမတ်အစိုးရနှင့် မြန်မာအစိုးရကြား လက်မှတ်ရေးထိုးထားမှု အရ (Country program Agreement 2016-2020) တက္ကသိုလ်များ၌ လူ့အခွင့်အရေးဆိုင်ရာ ပညာသင်ကြားရေးကို အကောင်အထည်ဖော်ရန် ဟူသော အချက်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာသီသီလွင်က ဧရာဝတီသို့ ပြောသည်။
ထိုအစီအစဉ်အရ ရွေးချယ်ခံရသည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးတို့အကြား ၂၀၁၇ ဖေဖော်ဝါရီ၌ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ သဘောတူစာချွန်လွှာ ရေးထိုးခဲ့ပြီး အဓိက လုပ်ငန်းစဉ် ၄ ခုကို အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဥပဒေ အထူးပြု ကျောင်းသူ/သားများ အနေဖြင့် လူ့အခွင့်အရေး ဘာသာရပ်ကို သင်ယူရန် ၂၀၁၂ ခုနှစ်ကတည်းက ဖြည့်စွက်ထားသည့် သင်ရိုးညွှန်းတမ်းအရ တတိယနှစ်တွင် စိတ်ကြိုက်ရွေးချယ် သင်ယူနိုင်သည့် ဘာသာရပ် အနေဖြင့် ရှိခဲ့ကြောင်း ဒေါက်တာသီသီလွင်က ရှင်းပြသည်။
“ဒါပေမယ့် တက္ကသိုလ်တွေမှာက အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တတ်ကျွမ်းနားလည်သူ (Resource person) နည်းတယ်။ ဒီဘာသာရပ်က တော်တော်ကို သင်လေ့သင်ထလည်း မရှိဘူး။ စိမ်းတယ်။ နေရာတိုင်းနဲ့ စိမ်းတဲ့ ဘာသာ ရပ် ဖြစ်နေတော့ အဲဒါကို သင်ယူတဲ့ဟာ မရှိခဲ့ဘူး” ဟု သူက ရှင်းပြသည်။
သို့သော် ဒိန်းမတ်-မြန်မာ အစီအစဉ် ပေါ်ပေါက်လာသည့်အခါ ၂၀၁၆ ဇွန်မှစတင်ကာ ကျောင်းသားများကို စိတ်ကြိုက် ဘာသာ(Elective Course) အနေဖြင့် ယူမည်ဆိုပါက သင်ပေးမည်ဖြစ်ကြောင်း ပြောကြားရာ ကျောင်းသားများက လည်း သင်ယူခဲ့သည်ဟု ၎င်းက ပြောသည်။
ဒေါက်တာ သီသီလွင်က “၂၀၁၈-၂၀၁၉ ပညာသင်နှစ်ရဲ့ ဒုတိယ ပညာသင်ကာလ အဲဒီမှာလည်းကျရော ဒီကျောင်းနှစ် ကျောင်းတင် မဟုတ်တော့ဘဲ မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ တတိယနှစ် ဥပဒေကျောင်းသား အားလုံးသည် လူ့အခွင့် အ ရေး ဘာသာရပ်ကို မသင်မနေရ ဘာသာရပ်အနေနဲ့ သင်မယ်ဆိုပြီး ဥပဒေပညာ သင်ကြားရေးအဖွဲ့ကလည်း သဘော တူ ဆုံးဖြတ်ခဲ့ပြီး ဝန်ကြီးဌာနကလည်း ဒါကို ခွင့်ပြုခဲ့တယ်။ ခွင့်ပြုပြီး အဲဒီလို သင်မယ်ဆိုပြီးတော့ စသင်ခဲ့တာ” ဟု ရှင်း ပြသည်။
ဆက်လက်၍ ၎င်းက ထိုသို့ သင်ကြားသည့်အခါ နေ့ကျောင်းသူ/သားများ သာမက အဝေးသင် ကျောင်းသား/သူများ ကိုပါ လူ့အခွင့်အရေး ဘာသာရပ်ကို မသင်မနေရ ဘာသာအရပ် အဖြစ် ထည့်သွင်းသင်ကြားခဲ့ပြီး ဥပဒေ ကျောင်း သားများသာမက နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန (IR)မှ စတုတ္ထနှစ် ကျောင်းသူ/သားများလည်း မသင်မနေရ သင် ကြားရသည်ဟု ဆိုသည်။
“အရင်တုန်းက အများကြီး မလေ့လာရဘူး။ ပွင့်ပွင့်လင်းလင်း မလေ့လာရဘူး ဆိုတော့ အဲဒီအသိတွေက ဟုတ်ချင် ဟုတ်မယ်။ မဟုတ်ချင် မဟုတ်ဘူး။ အစွန်းရောက်တာလည်း ရှိချင်ရှိမှာပေါ့။ အဲဒီလိုမျိုးတွေ ဖြစ်နိုင်တာပေါ့။ အခု ဒီမှာ ကတော့ တကယ့် သင်ခန်းစာတွေထဲမှာ ထည့်ပြီးတော့ အများကြီးကို သင်လိုက်ပြီ။ အချိန်တခုတော့ စောင့်ရမှာပေါ့” ဟု ဒေါက်တာ သီသီလွင်က ပြောသည်။
လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ သဘောတူစာချွန်လွှာပါ အဓိက လုပ်ငန်းစဉ် ၄ ခုတွင် ဥပဒေပညာ ဌာန၌ လူ့အခွင့်အရေး ပညာရေးကို သင်ကြားပေးရန်၊ လူ့အခွင့်အရေးနှင့် ဆိုင်သည့် သုတေသနများ ဆောင်ရွက်ရန်၊ လူ့အခွင့်အရေးဆိုင်ရာ ရင်းမြစ်စင်တာများကို တက္ကသိုလ်များတွင် တည်ထောင်ရန်နှင့် ဥပဒေပိုင်းဆိုင်ရာ သတင်း အချက်အလက်များကို ဖြန့်ဝေပေးသည့် စင်တာများ တည်ထောင်ရန် ဟူ၍ ပါရှိကြောင်း သိရသည်။
ပထမဆုံး တချက်ဖြစ်သည့် သင်ကြားရေးနှင့် အတူ သုတေသနများကို တွဲလုပ်ခဲ့ပြီး လူ့အခွင့်အရေးနှင့် တရား ဥပဒေ စိုးမိုးရေးဆိုင်ရာ ကဏ္ဍများကို အဓိက သုတေသန ပြုထားသည့် စာတမ်းပေါင်း ၃၄ စောင် ရှိပြီ ဖြစ်ကြောင်း၊ ကျန်ရှိ သည့် အချက် ၂ ချက်ကိုလည်း ၂၀၁၈ ဇွန်လတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာ သီသီလွင် က ရှင်းပြသည်။
အဆိုပါ စာတမ်းဖတ်ပွဲကို အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ထိုပွဲတွင် ပြီးလု နီးပါး သုတေသန စာတမ်း အစောင် ၂၀ ပါဝင်ကြောင်း သိရသည်။
ယင်းကဲ့သို့ သုတေသန စာတမ်းများကို တက္ကသိုလ် အဆင့် ဥပဒေရေးရာ ကျွမ်းကျင်သူ ပါမောက္ခများ၊ ဆရာ/မများနှင့် အတူ လုပ်ကိုင်လာနိုင်ခြင်းကြောင့် ဆရာ/မများတွင်လည်း လူ့အခွင့်အရေး ဆိုင်ရာ အသိပညာများ တိုးပွားလာရုံသာ မက ပြန်လည် ဖြန့်ဖြူးပေးသွားနိုင်မည် ဖြစ်ကြောင်း ဒိန်းမတ်-မြန်မာ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်း ဥပဒေ အကြံပေးအရာရှိ လူဝီ(စ်)ဆိုင်မွန်ဆန် အိုအွန်က ပြောသည်။
ယင်း စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသည့် Legal Clinic Myanmar မှ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက လည်း “ဒါ အရမ်းကောင်းတယ်။ ကျမတို့က ကြိုဆိုတယ်။ ကျမတို့ ဥပဒေတက်တုန်းကဆို ဒီလိုမျိုးဟာတွေ မကြားဖူး ဘူး။ လူ့အခွင့်အရေးနဲ့ ဥပဒေတွေကို ဒီလိုမျိုးလုပ်ခြင်းသည် မြန်မာနိုင်ငံမှာ မျှတတဲ့ ဥပဒေတွေ ပေါ်ပေါက်လာဖို့ အတွက် ပထမ ခြေလှမ်းဖြစ်နိုင်တယ်လို့ မြင်တယ်” ဟု မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက တက္ကသိုလ်များ၏ ဥပဒေဌာနများသည် တခြားသောနိုင်ငံများတွင်လည်း အားကောင်းမောင်း သန်များဖြစ်ကြရာ မြန်မာနိုင်ငံတွင်လည်း ယခုလို ပြုလုပ်ခြင်းအားဖြင့် နောင်တချိန်တွင် မျှတသည့် ဥပဒေများ ထွက် ပေါ်လာရေး၊ မျှတသည့် တရားစီရင်မှုများ ဖြစ်ပေါ်လာစေရေးအပြင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိုလည်း မြှင့်တင် ပေးရာ ရောက်သည့်အတွက် များစွာ အထောက်အကူပြုလာနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။
You may also like these stories:
လူ့အခွင့်အရေး ကော်မရှင် ပြုပြင်ပြောင်းလဲရေး သူတို့အမြင်
လူ့အခွင့်အရေး မြှင့်တင်ရေး ဘဝနှစ်ထားသူ တယောက်၏ ဇာတ်လမ်း
တရားမျှတမှုသို့ ဦးတည်သည့် ဥပဒေဆိုင်ရာ လမ်းကြောင်း ပေါ်ထွက်ခြင်း