အိန္ဒိယ မြန်မာနယ်စပ်တွင် ရက္ခိုင့်တပ်မတော် (ULA/AA) မှ အဖွဲ့ဝင်တဦး ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဖြစ်စဉ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP) တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သတ်နေသည်ဟူသည့် စွပ်စွဲချက်ကြောင့် ရခိုင် လက်နက်ကိုင် နှစ်ဖွဲ့အကြား ဆက်ဆံရေး တင်းမာနေသည်။
AA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက အိန္ဒိယနိုင်ငံ၊ မီဇီုရမ်ပြည်နယ်၊ လုံတလိုင် မြို့ တွင် ၎င်းတို့၏ အဖွဲ့ဝင် ကိုကျော်ဝင်းနိုင်အမည်ရှိသူ နာမကျန်းဖြစ်သဖြင့် ဆေးလာကုနေရာ ALP တပ်ဖွဲ့ဝင်နှစ်ဦး ပါဝင်သည့် သေနတ်သမားများက ဝင်ရောက် ဖမ်းဆီးသွားပြီး မြန်မာနိုင်ငံ နယ်နိမိတ်တွင်း ပြန်ခေါ်လာပြီး သတ်ဖြတ်လိုက်သည်ဟု ပြောသည်။
ကိုကျော်ဝင်းနိုင်ကို အောက်တိုဘာ ၆ရက်က လုံတလိုင်မြို့ရှိ တည်းခိုနေသည့် အိမ်တအိမ်တွင် သေနတ်ထောက်ကာ ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်တွင် နယ်စပ်ကို ဖြတ်ကျော်ကာ မြန်မာနယ်နိမိတ်၊ နယ်ခြားမှတ်တိုင် ၈ အနီးရှိ တပ်မတော်၏ မြိတ်ဝစခန်းကို ပို့ခဲ့ပြီး သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။
“သူက လမ်းတောင်မလျှောက်နိုင်ပဲ ဗမာစစ်တပ်တောင်ကုန်းပေါ်ကို ထမ်းပြီးတော့ တင်သွားတာကို ဒေသခံရွာသားတွေ ပြောပြချက်အရ သိရတယ်။ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်မှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ ကလေးနှစ်ယောက်ပြောပြချက်အရ မျက်နှာဖုံးနဲ့ ဖမ်းဆီးတဲ့ထဲမှာ ALP က အဖွဲ့ဝင် နှစ်ယောက် ပါတယ်”ဟု ဦးခိုင်သုခက ဆိုသည်။
ALP တပ်ဖွဲ့ဝင် နှစ်ဦး၏ အမည်မှာ ခိုင်အေးပိုင်နှင့် တိုက်အောင် အမည်ရှိသူများ ဖြစ်ပြီး ၎င်းတို့နှင့် အတူ အိန္ဒိယနယ်ခြားစောင့်တပ်၊ အာသံရိုင်ဖယ်မှ တပ်ဖွဲ့အချို့နှင့် ဗမာစကား ပြောသူ ၃ ဦးတို့က မျက်နှာဖုံးစွပ်ကာ ကိုကျော်ဝင်းနိုင်ကို ဖမ်းဆီးသွားပြီး မြန်မာဘက်ခြမ်းတွင် ညှင်းပမ်းနှိပ်စက်ကာ သတ်ဖြတ်လိုက်သည်ဟု ဖြစ်သည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။
သတ်ဖြတ်ခံရသည့် ကိုကျော်ဝင်းနိုင်မှာ ULA အဖွဲ့ဝင် ဖြစ်သော်လည်း အရေးကြီးသည့် တာဝန် များ ထမ်းဆောင်နေသူ မဟုတ်ကြောင်း၊ အိန္ဒိယနိုင်ငံသားအဖြစ် ခံယူထားသည့် ရခိုင်လူမျိုး ဖြစ်သည်ဟု သိရသည်။
ကိုကျော်ဝင်းနိုင် ဖမ်းဆီးခံရစဉ်က ၎င်းအသုံးပြုနေသည့် ကွန်ပျူတာ၊ ဖုန်း၊ စာရွက် စာတမ်းများ သိမ်းဆည်းခံခဲ့ရသည်ဟုလည်း သိရသည်။
ULA/AAအနေဖြင့် တရားမျှတမှုကို လိုလားပြီး ၎င်းတို့၏ အဖွဲ့ဝင် ဖမ်းဆီးသတ်ဖြတ်ခံရမှုတွင် ALP မှ ပါဝင်ပတ်သတ်ခြင်း ရှိမရှိကို ရှင်းရှင်းလင်းလင်း သိလိုကြောင်း၊ ပါဝင်ပတ်သတ်နေပါက မည်သူ့မျက်နှာမှ မထောက်ပဲ လုပ်သင့်သည်များ လုပ်ဆောင်မည်ဟုလည်း AA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက စက်တင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ALP/ALA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ခိုင်စောမြက အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ကာ အာသံရိုင်ဖယ်တပ်၊ မြန်မာ့တပ်မတော်နှင့် ALP တို့ ပူးပေါင်းပြီး လုပ်ကြံသည်ဆိုသည်မှာ စွပ်စွဲချက်သာဖြစ်ပြီး မှားယွင်းနေသည်ဟု ပြောသည်။
ဗိုလ်မှူးကြီး ခိုင်စောမြက “စဉ်းစားကြည့်ရင် သိပါတယ်။ နည်းနည်း အခြေအမြစ်မရှိပါဘူး။ အိန္ဒိယထဲမှာ အိန္ဒိယ တပ်မတော်က မျက်နှာဖုံး စွပ်နေစရာ အကြောင်း မရှိပါဘူး။ ကျနော်တို့လို တော်လှန်ရေးတပ်က သူတို့နဲ့ ပေါင်းပြီး လုပ်ကြံတယ်ပြောခံရတော့ ကျနော်တို့လည်း စိတ်မကောင်းပါဘူး။ မဟုတ်ပါဘူး။ ကျနော်တို့ လုံးဝပါဝင် ပတ်သတ်တာ မရှိပါဘူး”ဟု ဆိုသည်။
AA ဘက်မှ စွပ်စွဲထားသည့် ခိုင်အေးပိုင်နှင့် ခိုင်တိုက်အောင်တို့မှာ ALP တွင် တပ်ကြပ်ကြီးနှင့် သင်တန်းဆရာ အဆင့် ရှိသူ နှစ်ဦးဖြစ်ပြီး ကိုကျော်ဝင်းနိုင် သတ်ဖြတ်ခံရမှုတွင် မပါဝင်ကြောင်း အပြည့်အဝ အာမခံပါသည်ဟု ဗိုလ်မှူးကြီး ခိုင်စောမြက ပြောသည်။
လုံတလိုင်မှာ မြို့ထဲပိုင်း ကျပြီး ALP ၏ တပ်စခန်းရှိရာ နေရာမှာ အိန္ဒိယ- မြန်မာ- ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံ ဆုံရာ တြိဂံနေရာတွင်သာ ရှိသဖြင့် နေရာအားဖြင့်လည်း အလှမ်းဝေးသည်ဟုလည်း ဗိုလ်မှူးကြီး ခိုင်စောမြက ပြောသည်။
ဆက်လက်ပြီး ဗိုလ်မှူးကြီး ခိုင်စောမြက “ကိုယ်တို့အမျိုးသားအချင်းချင်းတ်ိုက်ဖို့ ခိုက်ဖို့ ကျနော်တို့ မူဝါဒမရှိပါဘူး။ အမျိုးသားစည်းလုံးညီညွတ်မှုပေါ်ပဲ အခြေခံပြီး သွားရမယ် ဆိုတဲ့ မူဝါဒ ချထားတာပဲ ရှိပါတယ်။ အပြန်အလှန်တယောက်ကို တယောက် လုပ်ကြံဖို့ဆိုတာ ALP/ALA သမိုင်းမှာလည်း မရှိပါဘူး”ဟု ပြောသည်။
ALP ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ကိုကျော်ဝင်းနိုင် ဖမ်းဆီးသတ်ဖြတ် ခံရသည့် ဖြစ်ရပ်တွင် ၎င်းတို့ တပ်ဖွဲ့နှစ်ဦး ပါဝင်ခြင်း ရှိမရှိကို သေချာ စိစစ်ပြီး ပါဝင် ပတ်သတ်ခဲ့ပါက လုပ်သင့်လုပ် ထိုက်သည်များကို ပြုလုပ်သွားပါမည်ဟုလည်း အောက်တိုဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သော်လည်း ဗိုလ်မှူးကြီးခိုင်စောမြက ခိုင်အေးပ်ိုင် နှင့် ခိုင်တိုက်အောင်တို့ နှစ်ဦးလုံးမှာ တြိဂံခွဆုံစခန်း၊ ဌာနချုပ်တွင်သာ ရှိနေသဖြင့် AA ဘက်မှ စွပ်စွဲသည့် အပေါ် ၎င်း၏ ရဲဘော်များကို တစုံတရာ အရေးယူဆောင်ရွက်ရန် မရှိပါဟု ဧရာဝတီသိုု့ ပြောသည်။
၂၀၁၅ ခုနှစ်အတွင်း AA က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စတင်အခြေစိုက်ရာတွင်လည်း ALP တပ်ဖွဲ့ဝင်များမှ AA တပ်ဖွဲ့ဝင်များ နေထိုင်သည့် နေရာများကို တပ်မတော်အား လမ်းပြအဖြစ် ပြသပေးခဲ့ခြင်း၊ သတင်းပေး လုပ်ဆောင်ခြင်းများ ပြုလုပ်သည်ဟုလည်း စွပ်စွဲချက်များ ရှိဖူးသည်။ ALP ဘက် မှ တပ်မတော်ကို လမ်းပြ မလုပ်ပေးကြောင်း ငြင်းဆိုသည်။
၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်းကလည်း ပလက်ဝမြို့နယ်အတွင်း AAတပ်ဖွဲ့ဝင်များ၏ ပွိုင့်ဖိနပ်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို လမ်းတွင် ALP တပ်ဖွဲ့ဝင်များက လုယူသည်ဟု ဆိုကာ နှစ်ဖက်အကြား ငြင်းခုန်မှုများ ဖြစ်ပွားဖူးသည်။
AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်တွင် ရခိုင်လူမျိုးများ ထူထောင်သည့် စစ်တပ်များ ကွဲပြားနေသည်ကို မဖြစ်လို၍ ရခိုင်စစ်တပ် တခုတည်း ပူးပေါင်းရန် ၂၀၁၇ ခုနှစ်အတွင်းကလည်း ALP တပ်ဖွဲ့ဝင်များ လက်နက်ချပြီး AA အတွင်း ဝင်ရန် ပြောဆိုဖူးသည်။
ALP နှင့် AA ကြား မပြေလည်မှုများ ရှိနေခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ်အခြေစိုက် ALP ၏ စစ်ရေးလက်တံ ALA ဌာနချုပ်ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ၏ နောက်ဆုံးရက်သတ္တပတ်က AA တပ်ဖွဲ့ဝင်များ ဝိုင်းဝန်း ပစ်ခတ်ကာ သိမ်းဆည်းခဲ့သည်။
ALP သည် ၁၉၆၇ ခုနှစ်ကတည်းက ရခိုင်တော်လှန်ရေးကို စတင်လှုပ်ရှားနေသည့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်ပြီး ၂၀၁၅ ခုနှစ် ၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးထားသည်။
ALP သည် ရခိုင်လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်တို့ကို ဥပဒေနှင့် အညီ ရရှိရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်လိုသည့် ရည်ရွယ်ချက်ဖြင့် NCA ကို လက်မှတ်ရေးထိုးခဲ့သော်လည်း အစိုးရဘက်မှ ရခိုင်ပြည်နယ်တွင်း နယ်စပ်ပြဿနာနှင့် မတည်မငြိမ်မှုများ ရှိသည်ဟုဆိုကာ ALP အပါအဝင် ရခိုင်နိုင်ငံရေးသမားများနှင့် ရခိုင်လူထုကြား နိုင်ငံရေးဆွေးနွေးပွဲများ မပြုလုပ်ရန် အစိုးရက တားမြစ်ထားသည်။
AA သည် ၂၀၀၉ ခုနှစ်၊ ဧပြီ ၁၀ရက်တွင် ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်နယ်မြေ လိုင်ဇာမြို့တွင် စစ်သင်တန်းတတ်ကာ စတင် ထူထောင်လိုက်သည့် ရခိုင် လက်နက်ကိုင် တပ်ဖွဲ့တခု ဖြစ်သည်။
AAကို တည်ထောင်ကြသူများမှာ ရခိုင်တော်လှန်ရေး လုပ်ငန်းများကို မြေအောက်တော်လှန်ရေးအဖြစ် ဆောင်ရွက်ခဲ့ကြသည့် ရခိုင်ကျောင်းသား လူငယ်များ ဖြစ်သည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်ကို ဥပဒေအရ ကွန်ဖက်ဒရေးရှင်းအဆင့် ရလိုကြောင်း နိုင်ငံရေးရည်မှန်းချက် ထားရှိကြောင်း ပြောဆိုထားပြီး ၂၀၁၅ ခုနှစ်မှ ယနေ့ထိ ရခိုင် ပြည်နယ်တွင်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
AAသည် အစိုးရ၊ တပ်မတော်တို့နှင့်လည်း ပဏာမအပစ်ရပ်စာချုပ် (Bilateral) တခု ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက် ရှိသည်။
You may also like these stories:
ALA ဌာနချုပ်ကို သိမ်းလိုက်ပြီဟု AA စစ်ဦးစီးချုပ်ပြော
ရခိုင် လက်နက်ကိုင် နှစ်ဖွဲ့ ပဋိပက္ခ ဖြစ်ပွားာ
ရခိုင် လက်နက်ကိုင် အဖွဲ့ချင်း ဖြစ်သော AA နှင့် ALP တိုက်ပွဲ ဖြစ်ပွား
နည်းပညာသုံး ဖောက်ခွဲလာနေသော AA ကို အိန္ဒိယလည်း စောင့်ကြည့်နေ