စစ်အာဏာရှင် ခေတ်အဆက်ဆက် အကျဉ်းကျခံပြီး သေဆုံးခဲ့ကြသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က စာရင်းကောက်ယူနေရာ လက်ရှိအချိန်အထိ ၅၃၅ ဦးအထိ စုဆောင်းနိုင်ခဲ့ပြီဟု သိရသည်။
ထိုသို့ကောက်ယူရာတွင် ထောင်တွင်းတွင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သူများသာမက ထောင်မှလွတ်မြောက်ခဲ့သော်လည်း ထောင်တွင်းမှရရှိသည့် ရောဂါများကြောင့်လည်းကောင်း၊ စားဝတ်နေရေး အကျပ် အတည်း ကြောင့် ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုများ မလုပ်နိုင်သည့်အတွက်ကြောင့် သေဆုံးခဲ့ရသူများလည်း ပါဝင်ကြောင်း သိရသည်။
AAPPမှတွဲဖက် အတွင်းရေးမှူးကိုဘိုကြည်က “ကျနော်တို့ စာရင်းကောက်လာတာ ၂ နှစ်ကျော်ပြီ။ ကျနော်တို့နဲ့ တိုက် ရိုက် ထိတွေ့ပြီး သိရှိသူတွေရော၊ တခြားနိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပေးတာရော၊ မိသားစုဝင်တွေက ဆက် သွယ် ပေးတာရော အကုန်ပေါ့။ ဒါပေမယ့် အသေးစိတ်တော့ ဖြစ်စဉ်တွေနဲ့ အတူ ခွဲခြားတာမျိုးတော့ မလုပ်ရသေး ဘူး။ အသဲရောဂါ၊ လေဖြတ်တာ၊ ကင်ဆာ စသဖြင့် ဒါတွေတော့ ထပ်လုပ်ရဦးမယ်”ဟု ဆိုသည်။
“နောက်ပြီး ပြောချင်တာက ထောင်က ထွက်လာပြီးမှသေဆုံးတာနဲ့ ပတ်သက်ပြီး စနစ်တကျ စစ်ဆေးချက်တွေက မရှိဘူး။ တချို့က ထောင်က ထွက်လာပြီး မကြာခင် သေတယ်။ ဒါကြတော့ ထောင်ထဲက ဒဏ်ရာ တစိတ်တပိုင်း ပါလာ တာ။ တချို့က ထောင်အပြင်ရောက်မှကိုယ့်စားဝတ်နေရေး ကျပ်တည်းတာ၊ ပုံမှန် ကျန်းမာရေး မစောင့်ရှောက် နိုင်တာ ကြောင့် သေတယ်။ တချို့ကတော့ ထောင်ဒဏ် နှစ်ရှည်နေခဲ့ရတော့ အဲဒီဒဏ်တွေလည်း ပါလာတာ”ဟု သူက ဆက်ရှင်းပြသည်။
ထို့ကြောင့် ကျန်ရှိနေသေးသည့်သူများနှင့် ပတ်သက်ပြီး သိရှိကြသူများ အနေဖြင့်လည်း AAPP သို့ ဆက်သွယ်ကာ အချက်အလက်များကို တိတိကျကျ ပေးစေချင်ကြောင်း ၎င်းက ပြောသည်။
AAPP အနေဖြင့် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး အကျဉ်းကျခံရသည့် နိုင်ငံရေး အကျဉ်းသားများ သာမက ၁၉၆၂ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးချိန်တွင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အကျဉ်းကျခံရကာ သေဆုံးခဲ့ကြသူများကိုပါ စာရင်း ထည့်သွင်း ကောက်ခံလျှက်ရှိကြောင်း၊ သို့သော် မည်သည့် ခုနှစ်အထိ နောက်ဆုံးထား သတ်မှတ် ကောက်ခံ နေသည်ကိုမူ အတိအကျ မသိရှိရပါ။
နိုင်ငံရေး အကျဉ်းသား ဆိုသည်မှာအုပ်ချုပ်သော စစ်အစိုးရကို ဆန့်ကျင်ခဲ့သူများ၊ အုပ်ချုပ်သော စစ်တပိုင်း အစိုးရကို ဆန့်ကျင်သူများ၊ ထိုသို့ ဆန့်ကျင်မိ၍ အကျဉ်းသားများအဖြစ် ထောင်ကျသွားသူများ၊ အဖမ်းဆီးခံရသူများ၊ လယ်သမား တိုက်ပွဲ၊ အလုပ်သမားအရေး၊ ကျောင်းသားအရေး၊ ဒီမိုကရေစီ အရေး စသည်တို့တွင် လှုပ်ရှားရင်း ဖမ်းဆီးခံ၊ ထောင်ကျခံ ရသူများကို သတ်မှတ်သည်။
ထိုသို့ နိုင်ငံရေး အကျဉ်းသားများ ထောင်မှလွတ်မြောက်လာပြီးနောက် တနည်းနည်းဖြင့် သေဆုံးခဲ့ရမှုကို စာရင်း ပြုစုရ ခြင်း၏ ရည်ရွယ်ချက်မှာနိုင်ငံအပြောင်းအလဲ တခုကို ပြုလုပ်ခဲ့သူများအနေဖြင့် အမေ့ခံ ပုဂ္ဂိုလ်များ မဖြစ်ထိုက် သူများ ဖြစ်ကြောင်း၊ ထိုသူများအပေါ် အသိအမှတ်ပြုမှုရရှိရေးနှင့် ၎င်းတို့အပေါ် ပြုစုစောင့်ရှောက်မှုများ၊ ၎င်းတို့၏ မျိုးဆက် များကို ထောက်ပံ့ကူညီမှုများ ပြုလုပ်နိုင်ရန် ဖြစ်ကြောင်း သိရသည်။
ဦးဘိုကြည်က “အမေရိကန်နိုင်ငံမှာတောင် မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားများကို ကူညီစောင့်ရှောက်ပေးဖို့ ဥပဒေ ထွက်လာတယ်။ အဲဒီဟာက ကိုယ့်မြန်မာနိုင်ငံ လွှတ်တော်က ထွက်လာတာမျိုး ဖြစ်သင့်တာ။ ဥပဒေတရပ်နဲ့ကို ဒီလိုလူတွေ ကို ကူညီဖို့ကို မျှော်လင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ဘယ်လောက် ကြိုးစားတယ် ဆိုတဲ့အပေါ် ဒါက မူတည်နေတယ်”ဟု ဆိုသည်။
သို့ရာတွင် နိုင်ငံရေး အကျဉ်းသားဆိုသည့် စကားရပ်နှင့် ပတ်သက်ပြီး အစိုးရဟောင်း ဦးသိန်းစိန် လက်ထက်ကပင် နိုင်ငံရေး အကျဉ်းသားများ အရေး လှုပ်ရှားနေသူနှင့် အစိုးရတို့အကြား အဓိပ္ပါယ် ဖွင့်ဆိုချက် ကွဲလွဲမှုများ ရှိနေခဲ့ခြင်း ကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခြေအနေတွင် စာရင်းကွာဟမှုများ ရှိခဲ့ပြီး အမှန်တကယ် နိုင်ငံရေး လှုပ်ရှားမှုကြောင့် အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများတွင် ခံစားခွင့်များ မရရှိခဲ့သည့် သာဓကများ ရှိခဲ့ကြောင်း၊ တချို့သော နိုင်ငံရေး အကျဉ်းသားများကို ရာဇဝတ်မှုများဖြင့် ဖမ်းဆီးထောင်ချခဲ့သဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် ကျန်ရစ်ခဲ့မှုများ ရှိခဲ့သည်။
ယခု လူထုထောက်ခံမှုဖြင့် တက်လာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင်လည်း နိုင်ငံရေး အကျဉ်းသားများအရေးနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း တက်ကြွစွာ ဆောင်ရွက်သည့်အခြေအနေကို မတွေ့ရ ခြင်းကို အားမလိုအားမရဖြစ်မိကြောင်း၊ ယနေ့ လွှတ်တော်ကိုယ်စားလှယ် တချို့ပင် နိုင်ငံရေး အကျဉ်းသားများ ဖြစ်ခဲ့ဖူး သူများ ဖြစ်သော်လည်း မျက်ကွယ်ပြုနေခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး စသည်တို့ကို အဖြေ ရှာ၍ ရနိုင်မည်မဟုတ်ဟု ဦးဘိုကြည်က သုံးသပ်သည်။
ဦးဘိုကြည်က “မြန်မာနိုင်ငံကို စစ်ဘောင်ကနေ လွတ်မြောက်အောင်၊ ဒီမိုကရေစီ ဘောင်ပေါ်ရောက်အောင် သက်ဆိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းပြည်ခေါင်းဆောင်တွေရဲ့ ကြိုးစားမှုအပေါ်မှာမူတည်တယ်။ ဒီလိုမှန်ကန်တဲ့ ရပ်တည်မှုတွေ ရှိဖို့လိုတယ်။ ကြိုးစားဖို့လိုတယ်။ ရှိနေတဲ့ ပြဿနာတွေကို မဖြေရှင်းသမျှတော့ ဒီပြဿနာတွေက ပိုကြီးထွားစေမှာပဲ”ဟု ဆိုသည်။
လက်ရှိတွင် နိုင်ငံတဝှမ်းရှိအကျဉ်းထောင်များ အတွင်း အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ၅၆ ဦး ရှိပြီး နိုင်ငံရေး ဆောင်ရွက်မှုကြောင့် အမှုရင်ဆိုင်နေရသူ ဦးရေ ၆၀၆ ရှိကြောင်း AAPP မှစက်တင်ဘာ လ အတွင်းက သတင်းထုတ်ပြန်ချက်များအရ သိရသည်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ဝဲဝါဒ ယုံကြည်သည့် နိုင်ငံရေးသမားများ၊ သတင်းစာဆရာများကို ဖမ်းဆီးကာ ကိုကိုးကျွန်းသို့ ပို့ဆောင်မှုများ ပြုလုပ်ခဲ့ရာ ကျွန်းတွင် သေဆုံး သွားရသူများ ရှိခဲ့သလို၊ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားသူ အများအပြား ထောင်သွင်း အကျဉ်းချခဲ့ရာ စစ်ကြောရေးကာလနှင့် ထောင်တွင်းတွင် ဦးခင်မောင်မြင့်၊ ဦးတင်မောင်ဝင်း(ခရမ်း)၊ ဦးမောင်ကို၊ စာရေးဆရာ မောင်သော်က အပါအဝင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အဖမ်းခံရသူတချို့ ကွယ်လွန်ခဲ့ရသည်။
ဆက်စပ်လင့်ခ်
နိုင်ငံရေး အကျဉ်းသားဟောင်းများအရေး အစိုးရက လျစ်လျူမရှုသင့်တော့
မပြီးဆုံးသေးသော မြန်မာ့ ဒီမိုကရေစီ ခရီးလမ်းမှ သင်ခန်းစာများ