ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ဆောင်ချက်များ အပေါ် စာရင်းစစ်ချုပ်ရုံး စိစစ်တွေ့ရှိချက် အစီအရင်ခံစာအား လွှတ်တော် ကိုယ်စားလှယ်များထံ ပေးဝေခြင်း မရှိဘဲ ပြည်သူ့ငွေစာရင်း ကော်မတီ ကသာ စိစစ်လျက် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ယင်းအစီအရင်ခံစာသည် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်သည့် ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ဒုတိယမြောက် ၁ နှစ်တာ ဆောင်ရွက်ချက်များ အပေါ် စိစစ်တွေ့ရှိချက်များ ဖြစ်သည်။
ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက “စာရင်းစစ်ချုပ်ရဲ့ အစီအရင်ခံစာက အစိုးရ လုပ် ဆောင်ချက်ကို အဖြေထုတ်ရမှာလေ။ အခုတော့ တိုက်ရိုက် မကြည့်ရတော့ဘူး။ ပြည်သူ့ ငွေစာရင်းကော်မတီက တင်တာ ကိုပဲ ဆွေးနွေးရမယ့် သဘောဖြစ်နေတယ်။ ပွင့်လင်းမှု မရှိဘူး။ ဒီမိုကရေစီစံနှုန်းက ကျသွားသလို ဖြစ်နေတယ်။ အဲဒါက မကောင်းပါဘူး” ဟု ပြောသည်။
စာရင်းစစ်ချုပ်ရုံး၏ စိစစ်တွေ့ရှိချက် အစီအရင်ခံစာအား လွှတ်တော် ကိုယ်စားလှယ် တဦးချင်းထံ နှစ်စဉ်ကြိုတင် ဖြန့်ဝေမှု ရှိခဲ့သော်လည်း ယခုနှစ်တွင် ပြည်သူ့လွှတ်တော်၏ လုပ်ထုံးလုပ်နည်းအတိုင်း တဦးချင်း ဖြန့်ဝေခြင်း မပြုတော့ဘဲ ပြည်သူ့ ငွေစာရင်း ကော်မတီက စိစစ်ကာ အစီအရင်ခံစာ တင်သွင်းရန် တိုင်းအစိုးရနှင့် လွှတ်တော် တာဝန်ရှိသူများ ညှိနှိုင်းကာ တာဝန်ပေးအပ်လာခြင်း ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။
ဦးတင့်လွင်က “တိုင်းအစိုးရနဲ့ လွှတ်တော် ဥက္ကဋ္ဌ ညှိနှိုင်းပြီးတော့ ပြည်သူ့လွှတ်တော်မှာ လုပ်တဲ့အတိုင်း ပြည်သူ့ ငွေစာရင်း ကော်မတီကိုပဲ ပေးပြီးတော့ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မပေးဘဲနဲ့ လုပ်မယ်ဆိုတဲ့ ပုံစံနဲ့ ကျနော်တို့ကို တာဝန်ပေးထားတာ။ ပိုပြီး တာဝန်ကြီးပါတယ်။ အပြည့်စုံဆုံး ဖြစ်အောင် ကြိုးပမ်းနေကြတယ်။ ကျနော်တို့ အစီအရင်ခံတင်တဲ့ အခါမှာ ဌာနဆိုင်ရာတွေရဲ့ ဆောင်ရွက်ချက်တွေ ပါတဲ့အတွက် အစိုးရဘက်ကလည်း ဒီဟာရဲ့ ဂယက်ရိုက်မှုက သက်သာ သွားမယ်။ အဖြေပါပြီးသား report တခုလိုပေါ့” ဟု ရှင်းပြသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စိစစ်တွေ့ရှိချက် အစီအရင်ခံစာအား ဇူလိုင်လဆန်းကတည်းက တိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်ထံ ရောက်ရှိနေကြောင်း သိရသော်လည်း ၁ လကျော်အကြာ စက်တင်ဘာ ပထမပတ်မှသာ အစီအရင်ခံစာအား စိစစ်ရန် ပြည်သူ့ငွေစာရင်း ကော်မတီက လက်ခံရရှိခဲ့ကြောင်း သိရသည်။
စာရင်းစစ်ချုပ် အစီအရင်ခံစာအပေါ် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ထံ ဧရာဝတီက အောက်တိုဘာ ၁၆ ရက်က ဆက်သွယ် မေးမြန်းခဲ့ရာတွင် မှတ်ချက်ပြု ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့ သည်။
ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “ဥပဒေမှာ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို ဝန်ကြီးချုပ်နဲ့ လွှတ်တော်ကို တပြိုင်နက်တောင် ပေးရမယ်ဆိုတာမျိုး ပါတယ်လေ။ အရင်ကလည်း နှစ်တိုင်း ကြိုရနေတာပဲ။ လွှတ်တော်ဆိုတာကို ဘယ်လို သဘောပေါက်လိုက်လဲ မသိဘူး။ ဥက္ကဋ္ဌကိုပဲ ၁ အုပ်တည်း လာပေးတဲ့ အနေအထား တွေ့ရတယ်။ လွှတ်တော်ဆိုတာ လွှတ်တော် ဥက္ကဋ္ဌ တယောက်တည်းကိုပဲ ညွှန်းတာ မဟုတ်ဘူးလေ။ ဒီမှာ ရှိတဲ့ ကိုယ်စားလှယ် အားလုံးကို ညွှန်းတာလေ။ တဦးချင်းကို မပေးတော့တာ စာရင်းစစ်ချုပ်ရဲ့သဘောမဟုတ်ဘူး လို့တော့ သိရတယ်” ဟု ပြောသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ပြင်ဆင် ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၂၅-(ဃ) တွင် “မိမိ၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေး တွေ့ရှိချက်များကို တိုင်းဒေသကြီး(သို့) ပြည်နယ်ဝန်ကြီးချုပ် ထံသို့ အစီရင်ခံတင်ပြသည် နှင့် တပြိုင်တည်း တိုင်းဒေသကြီး(သို့) ပြည်နယ် လွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်း” ဟု ပြဋ္ဌာန်းထားသည်။
သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “လွှတ်တော် တင်ပြရမယ် ဆိုတာက လွှတ်တော် ဥက္ကဋ္ဌကိုပဲ တင်ပြရမယ်ဆိုတာမျိုး မဟုတ်ဘူး။ ကျနော်တို့ တယောက်ချင်းစီက လွှတ်တော်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ လွှတ်တော် ဥက္ကဋ္ဌကို ပေးရဲ့သားနဲ့ ကျနော်တို့ကို မပေးဘူး ဆိုရင်တော့ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ပေါ့နော်။ ဘယ်သူက မပေးတာလဲ ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ ဥပဒေ အတိုင်းပဲ လုပ်စေချင်တယ်။ ကျနော်တို့ အလုပ် ကျနော်တို့ လုပ်ဖို့ လိုအပ်တယ်” ဟု ပြောသည်။
ဦးနေဘုန်းလတ်က “အစိုးရဌာနတွေက ဘဏ္ဍာငွေတွေကို ဘယ်လို သုံးနေလဲ။ ဒါတွေကိုသိရမှ ပြည်သူ့ဘဏ္ဍာတွေ မဆုံး ရှုံးရအောင် အစိုးရကို Check and Balance လုပ်နိုင်မယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့ လုပ်ငန်း ဆောင် တာကို လုပ်ဖို့က ဒါတွေက အရေးကြီးတယ်” ဟု ပြောသည်။
ပြည်သူ့ငွေစာရင်း ကော်မတီ အနေဖြင့် စာရင်းစစ်ချုပ် အစီအရင်ခံစာ အပေါ် စိစစ်မှုမှာ တဝက်ခန့် ပြီးစီနေပြီဖြစ်ပြီး နိုဝင်ဘာလတွင် လွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ထားကြောင်းနှင့် ကော်မတီ၏ သုံးသပ်ချက်များ၊ ဌာနဆိုင်များ၏ ဖြေရှင်းချက် နှင့် အခက်အခဲများ တင်ပြချက်များ ပါဝင်လာမည် ဖြစ်ကြောင်း ကော်မတီဘက်က ဆိုသည်။
ရန်ကုန်တိုင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ ကိုယ်တိုင်လည်း စာရင်းစစ်ချုပ် အစီအရင်ခံစာ အကျဉ်းချုပ်အား လာမည့် လွှတ်တော်၌ တင်ပြမည် ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ထက် ပထမ ၁ နှစ်တာ သက်တမ်း၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် စာရင်းစစ်ချုပ် ရုံး၏ စိစစ်တွေ့ရှိချက်များနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြမှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရဘက်က လွှတ်တော်သို့ လာရောက် ရှင်းလင်းခြင်း မရှိခဲ့ပေ။
You May Also Like These Stories:
ကိုယ့်ကားကိုယ်စီး၍ အစိုးရ ဝန်ထမ်းလာလုပ်နေရခြင်းမှာ သဘာဝမကျဟု မြို့တော်ဝန်ပြော
Master Plan အားနည်းချက်ကြောင့် ဘဏ္ဍာငွေများ ဆုံးရှုံးနေဟု ရန်ကုန်မြို့တော်ဝန် ဝန်ခံ
၁၉၆၂ မှစ၍ သေဆုံးခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားစာရင်း AAPP ကောက်ယူနေ