ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စုအနီးရှိ ပင်လယ်ရေမိုင် ၁၅ မိုင်အကွာ ပင်လယ်ပြင်အတွင်း၌ မျောပါနေသည့် ကျပ်သိန်းပေါင်း ၃ သိန်းနီးပါး တန်ဖိုးရှိ အိုက်စ် (ICE) ဟု ယူဆရသော မူးယစ်ဆေးဝါးများအား ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ အောက်တိုဘာလ ၁၆ ရက်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အရှေ့ဖျားကျေးရွာအနီး ပင်လယ်ပြင်အတွင်း၌ ငါးဖမ်းနေကြသည့် ရေလုပ်သားများမှာ ပင်လယ်ပြင်အတွင်း ပီနံအိတ်ထုပ်များ မျောပါနေသဖြင့် ဆယ်ယူခဲ့ကြရာ ပီနံအိတ်ထုပ် ၂၃ ထုပ် ဆယ်ယူနိုင်ခဲ့ပြီး ရေလုပ်ငန်းရှင်များထံ အပ်နှံခဲ့ကြကြောင်း၊ အဆိုပါ ပီနံအိတ်များကို ရေလုပ်ငန်းရှင်များက ဖွင့်ဖောက်စစ်ဆေးခဲ့ရာ မသင်္ကာဖွယ်ရာ မူးယစ်ဆေးဝါးများ တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွှေသောင်း က “ပင်လယ်ထဲမှာ မျောလာတဲ့ ပီနံအိတ်ထုပ်တွေကို စစ်ဆေးကြည့်လိုက်တော့ အထဲမှာပါလာတဲ့ ပစ္စည်းတွေက အိုက်စ် – ICE လို့ ယူဆရပါတယ်။ ဓာတုဗေဒ ဓာတ်ခွဲခန်း ကိုတော့ မပို့ရသေးဘူး။ ရာခိုင်နှုန်းတော်တော်များများက အိုက်စ်တွေ ဖြစ်ဖို့များပါတယ်။ ဒါနဲ့ပတ်သတ်ပြီး အမှုကွင်းဆက်တွေကို ကျနော်တို့ ဆက်လက်စုံစမ်းနေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ပင်လယ်ထဲမှ သိမ်းဆည်းရမိသည့် ပီနံအိတ်ထုပ် ၂၃ ထုပ်အား ဖျာပုံမြို့အခြေစိုက် မူးယစ်တပ်ဖွဲ့စု ၅၀ မှ တပ်ဖွဲ့စုမှူး ရဲမှူး ကံလှနှင့် မအာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်စွာ ဦးဆောင်သော တပ်ဖွဲ့ဝင်များက သက်သေများ ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ Refined Coffee Tea စာတန်းနှင့် တရုတ်စာများပါရှိသည့် လက်ဖက်ခြောက် အိတ်ဖြင့် ပတ်ထားသော အိုက်စ် – ICE ဟုယူဆရသည့် ၁ ကီလိုဂရမ်ပါ အထုပ်ပေါင်း ၆၄၉ ထုပ်၊ တန်ဖိုးအားဖြင့် မြန်မာငွေသိန်းပေါင်း ၂၉၂၀၅၀ ကျပ် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့သက်တမ်းတလျှောက် မူးယစ်ဆေးဝါး ပမာဏအများဆုံးနှင့် ငွေကြေးပမာဏ အများဆုံး သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်ပတ်သတ်၍ ဖျာပုံမြို့နယ်၊ အမာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉/က ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
အမည်မဖော်လိုသည့် ဖျာပုံမြို့ခံတစ်ဦးက “မူးယစ်ဆေးဝါးတွေနဲ့ ကျွဲနွားတွေကို ရေလမ်းကြောင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို သယ်လေ့ရှိတယ်။ ရန်ကုန်ဆိပ်ကမ်းကထွက်တဲ့ ငါးဖမ်းသင်္ဘောတချို့ကလည်း မူးယစ်ဆေးဝါးတွေကို ငါးထည့်တဲ့ ကစ်ပုံးတွေနဲ့ သယ်လေ့ရှိသလို ဖျာပုံဘက်က ထွက်တဲ့ သင်္ဘောတချို့လည်း သယ်လေ့ရှိတယ်။ ကျွဲနွားမှောင်ခိုကျတော့ ဘိုကလေးဘက်ကနေ သင်္ဘောတွေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပို့တာရှိတယ်။ အခုမိတဲ့ မူးယစ်ဆေးဝါးတွေကလည်း ရေတပ်ဂိတ်ကို မြင်ပြီးတော့ ကြောက်လန့်ပြီး သင်္ဘောပေါ်ကနေ ရေထဲပစ်ချခဲ့တာတွေလို့ ယူဆရတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်းများကို စီမံချက်ချ၍ ဆောင်ရွက်လျှက်ရှိပြီး မူးယစ်ဆေးဝါး သုံးစွဲမှုများနှင့် ကုန်သွယ်ရောင်းချမှုများကို ကုန်းလမ်းရော၊ ရေလမ်းကပါ ဖမ်းဆီးဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွှေသောင်းက ပြောသည်။
ရဲမှူးကြီး ရွှေသောင်း က “မူးယစ်ဆေးဝါး သယ်ဆောင်တဲ့လမ်းကြောင်းတွေဖြစ်တဲ့ ကုန်းကြောင်းရော၊ ရေကြောင်းရော အကုန်လုံး စီမံချက်နဲ့ ဖမ်းဆီး ဆောင်ရွက်နေတာ ရှိပါတယ်။ ဖျာပုံမှာဆိုရင်လည်း မူးယစ်အထူးတပ်ဖွဲ့စု ထားရှိပြီးတော့ကို မူးယစ်ဆေးဝါး နှိမ်နင်းရေးကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လက်ရှိသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သတ်လို့လည်း ကွင်းဆက်တွေကို ကျနော်တို့ စိစစ်ဖော်ထုတ်သွားမှာပါ”ဟု ပြောသည်။
You may also like these stories:
“ဝ” တပ်ဖွဲ့နှင့် မူးယစ်ဂိုဏ်း ထပ်မံ ပစ်ခတ်မှုဖြစ်၊ သေဆုံး ၆ ဦးနှင့် ဆေးပြား ၃ သန်း ဖမ်းမိ
မူးယစ်ဆေးပြား ၁၈ သိန်း သယ်လာသူများကို “ဝ” တပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီး
မူးယစ် ကင်းစင်ရေး လုပ်သည့် ဟုမ္မလင်း အမတ် နှင့် အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်ခံရ