ပုဏ္ဏားကျွန်းမြို့နယ် အောင်မကျော်ရွာအနီးရှိ ရောင်းရင်တောင်တန်းတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေရာ တပ်မတော်မှ ရဟတ်ယာဉ် ၂စီးဖြင့် တိုက်ခိုက်ကြောင်း သတင်းရသည်။
တပ်မတော်နှင့် AA တို့သည် ရန်ကုန်- စစ်တွေ ကားလမ်းမ အနောက်ဘက်ရှိ အောင်မကျော်ရွာအနီး ရောင်းရင်တောင် တွင် ယမန်နေ့ နံနက်ပိုင်းကတည်းက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်နေခြင်း ဖြစ်သည်။
တိုက်ပွဲ ဖြစ်ပွားရာနေရာနှင့် နီးသည့် မြတ်လှဲရွာသား ဦးလှမောင်က “တိုက်ပွဲက မနေ့ကတည်းက ဖြစ်နေတာ။ ရဟတ် ယာဉ်တွေ တောင်တန်းပေါ်ကနေ ပျံနေတာကို မြင်ရတယ်။ ရဟတ်ယာဉ် ၂ စီးနဲ့ ဘူးသီးတောင်ဘက်ကနေ လာပစ် တာ အခုဆို ၂ ကြိမ်ရှိပြီ ကမ္ဘာပျက်သလို ကြားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်း တိုက်ပွဲဖြစ်ပွားရာ တောင်တန်းတလျှောက်ကို ယမန့်ကလည်း ကန်စောက်အခြေစိုက် ခမရ ၅၃၉ နှင့် အမှတ် ၃၇၇ အမြောက်တပ်ရင်းတို့မှလည်း ယမန်နေ့ နေ့လည်း ကတည်းက လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေး နေ ကြောင်းလည်း ဒေသခံ ရွာသားများ၏ ပြောပြချက်အရ သိရသည်။
ကန်စောက်ကျေးရွာနေ ကိုဖြူလုံးက “တိုက်ပွဲက သဲတောင်ရွာ အနောက်ဘက် တောင်တန်းတွေမှာ ဖြစ်နေတာ။ ကျနော်တို့ ရွာနားက မနေ့ကတည်းက အမြောက်နဲ့ လှမ်းထုနေတာ နားတွေတောင် မခံနိုင်ဘူး ၊ ဒီနေ့ဆို ကျနော်တို့ ရွာသားတွေလည်း အလုပ်လုပ်ဖို့ အပြင်မထွက်ရဲကြဘူုူး” ဟု ဧရာဝတီသို့ ပြောသည်။
AA သတင်းနှင့် ပြန်ကြားရေးဌာနက အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီကျော် အချိန်က ပုဏ္ဏားကျွန်း မြို့နယ် အောင်မကျော်ရွာ မြောက်ဖက်(၂) ကီလိုမီတာအကွာခန့်တွင် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ ကြောင်း၊ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများ ယမန်နေ့ နေ့လည် ၁၂ နာရီအထိ ကြိုးကြား ပစ်ခတ် မှုများ ရှိခဲ့ကြပြီး ကန်စောက် အခြေစိုက် ၃၇၇ အမြောက်တပ်ရင်း နှင့် ခမရ(၅၃၉) တပ်ရင်း မှ လက်နက်ကြီး ပစ်ကူလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဆိုပါ ပုဏ္ဏားကျွန်း မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်းမှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုကိုမူ မသိရှိသေး ကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “အဲဒီမှာ တိုက်ပွဲဖြစ်နေတာတော့ မှန်တယ်ဗျ။ ရဟတ်ယာဉ်နဲ့ တိုက်တာတော့ ကျနော် မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ် ၊ ပလက်ဝ မြို့နယ် အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ဘူးသီးတောင် ၊ ပုဏ္ဏား ကျွန်း ၊ ကျောက်တော် ၊ မြောက်ဦး ၊ မင်းပြား မြိုှုှု့ နယ်များတွင် အောက်တိုဘာလ ၁၁ ရက်နေ့မှနေ ၁၆ ရက်နေ့အထိ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်မှ တပ်ဖွဲ့ဝင် ၄၀ ကျော် ကျဆုံးမှု ရှိခဲ့သလို AA ဘက်မှလည်း တပ်ဖွဲ့ ဝင် တချို့ ကျဆုံး ဒဏ်ရာ ရရှိမှု ရှိကြောင်း AA သတင်း ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်သည်။
သို့သော်လည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကမူ AA ထုတ်ပြန်ချက်အပေါ် လက်မခံပေ။ ဝါဒဖြန့်ခြင်းသာ ဖြစ်သည်ဟုဆို သည်။
တပ်မတော်နှင့် AAတို့ နှစ်ဘက် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသူ အရေအတွက်မှာ တနေ့ထက် တနေ့ များပြားလာ နေပြီး ထိုစစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့အပေါ် ဝေဖန်မှု မြင့်တက် လျှက် ရှိသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဘက်စစ်ရေးလှုပ်ရှားမှုအခြေအနေများကြောင့် အိုးအိမ်များကို စွန့်ခွာပြီး ထွက်ပြေးခိုလှုံ နေရသော စစ်ဘေးဒုက္ခသည် ၆သောင်း ကျော်အထိ တိုးလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး ( Rakhine Ethnic Congress )က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အချိန်မီ လူနေအိမ် အဆောင်များ ဆောက်ပေးရန် စီစဉ်ထားပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ထား သော် လည်း မြေပြင် အခြေအနေတွင် စစ်ဘေးရှောင် ဒုက္ခသည် များမှာ ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်ကာ ဖြစ်သလို နေထိုင်ရကြသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲကာလ အတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး ၊ မြေမြုပ် မိုင်းကွဲမှုနှင့် စစ်ကျန်လက်နက်ကြီး ကျည် ပေါက်ကွဲမှုတို့ ကြောင့် ထိခိုက်ဒဏ်ရာရသူ ၅၃ ဦး ၊ ပျောက် ဆုံးနေသူ ၉ ဦး ၊ ဖမ်းဆီး ခံရသူ ၁၅၆ ဦး ရှိကြောင်း ဇူလိုင်လ အတွင်းက ထုတ်ပြန်သော REC ၏ စာရင်းအရ သိရှိရသည်။
ယင်းနောက်ပိုင်တွင်းလည်း ဒေသခံများ အနေဖြင့် သေဆုံးမှု ၊ထိခိုက်ဒဏ်ရာရရှိမှု ၊ ဖမ်းဆီး ခံရမှုများ ရှိနေသည့် အတွက် နောက်ထပ်တိုးလာသည့် သေဆုံးသူ ၊ ထိခိုက်သူ အရေအတွက်ကို အတိ အကျကိုတော့ စာရင်း မပြုစုနိုင်သေးပေ။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက ရခိုင်ပြည်နယ် မြောက်ပိုင်း မြိုှု့နယ်များ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နှင့် တိုက်ပွဲများ ရပ်တန့်ရန် ဆေးနွေးနေကြသော်လည်း တိုက်ပွဲများက လက်ရှိ အချိန်အထိ လည်း ပြင်းထန်နေဆဲ ဖြစ်သည်။
You may also like these stories:
ပုဏ္ဏားကျွန်း၌ ယာဉ်တန်း အတိုက်ခံရ တပ်ဖွဲ့ဝင်တချို့ ကျဆုံး
ကျောက်တော်တွင် တိုက်ပွဲဖြစ်၍ အရပ်သား ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ
ရခိုင်၌ စစ်ပွဲကြောင့် ကလေးများ ကျောင်းမတက်နိုင်သည့် အရေး လွှတ်တော်တွင် ဆွေးနွေး