ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်းကို ပုဒ်မ ၂ ခုဖြင့် ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ် ကမ်း မြို့နယ် တရားရုံးမှ မြို့နယ် တရားသူကြီး ဦးဆန်းဘိုက ယနေ့ စွဲချက်တင် အမိန့်ချလိုက်သည်။
စွဲချက်တင်သည့် ပုဒ်မများသည် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)၊ ရုန်းရင်းဆန်ခတ်မှု ဖြစ်စေရန် ကြံရွယ် သော သဘောဖြင့် ရန်စခြင်း ပုဒ်မ ၁၅၃ တို့ဖြစ်သည်။
မနေဇာထွန်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က ကလေးစစ်သားဟောင်း ကိုအောင်ထွေးကို နိုင်ငံတော် အကြည် ညို ပျက်စေမှုဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့သည့်နေ့၌ ရုန်းရင်းဆန်ခတ် ဖြစ်စေရန် အကြံဖြင့် မြို့နယ် တရားသူကြီးကို “နွား တရားသူကြီး” ဟု ခေါ်ဆို ရန်စခြင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရေး ကျူးလွန်လာစေချင်အောင် လှုံ့ဆော် မှုများကြောင့် ယခုလို စွဲချက်တင်ရခြင်း ဖြစ်ကြောင်း မြို့နယ် တရားသူကြီးက တရားခွင် အတွင်း ပြောကြားသည်။
ထို့ပြင် ကိုအောင်ကိုထွေး ရုံးချိန်းများတွင် လာရောက် ဝန်းရံကြသူ ကိုမြင့်ဇော်၊ မခင်ချိုနိုင်တို့ ၂ ဦးကိုလည်း အဆိုပါ ပုဒ်မ များ အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာအုပ်အား ခြေထောက်ဖြင့် တက်နင်းသည် ဟုဆိုပြီး နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ဥပဒေ ပုဒ်မ ၇ ဖြင့် ထပ်မံ စွဲချက်တင်ခဲ့သည်။
ဒဂုံဆိပ်ကမ်း မြို့နယ် တရားရုံး သတင်းပြန်ကြားရေးမှ ဒု မြို့နယ်တရားသူကြီး ဒေါ်ထွေးထွေးထက်က“တရားလိုပြ သက် သေတွေရဲ့ ထွက်ချက်တွေအရ သူတို့ဟာ ဥပဒေနဲ့ ငြိစွန်းကြောင်း ပေါ်ပေါက်လို့ ရာဇသတ်ကြီး ပုဒ်မ ၁၅၃၊ ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅(ခ) နဲ့က ၃ ဦးလုံးကို စွဲချက်တင်တယ်”ဟု ပြောသည်။
၎င်းက ဆက်လက်၍“နောက် အခြေခံ ဥပဒေကို ခြေထောက်နဲ့ နင်းတဲ့ဟာကလည်း တရားလို ပြသက်သေတွေရဲ့ ထွက် ချက်အရ ငြိစွန်းနေတဲ့ အတွက် နောက်၂ ဦး (ကိုမြင့်ဇော်နဲ့ မခင်ချိုနိုင်) ကို နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ပုဒ်မ ၇ နဲ့ ထပ် စွဲချက်တင်တယ်”ဟု ပြောဆိုသည်။
ပုဒ်မ ၁၅၃ သည် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၁ နှစ် ဖြစ်ပြီး ၅၀၅ (ခ) သည် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ် နိုင်ကြောင်း သိရသည်။
နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ဥပဒေ ပုဒ်မ ၇ သည် ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သိန်းထက် မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
တရားလိုနှင့် တရားလိုပြ သက်သေ ၉ ဦးလုံး၏ ထွက်ဆိုချက်များတွင် “နွားတရား သူကြီး” ဆိုသည့် စကားကို ကြားရသည် ဟု မပါရှိသော်လည်း ယခုလို စွဲချက်တင်ခဲ့ခြင်းသည် မိမိတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် တရားစွဲဆို စွဲချက်တင်ခြင်း ဖြစ်သည် ဟု ယူဆကြောင်း ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်းက ဧရာဝတီကို ပြောသည်။
မနေဇာထွန်းက“ဒီစွဲချက်တင်တာ တရားဥပဒေနဲ့ အညီ စွဲချက်တင်တာ မဟုတ်ဘူး။ တရားလိုပြ သက်သေ ၉ ဦးလုံးကိုက သဲသဲကွဲကွဲ မသိတာကို ထွက်ဆိုခဲ့ပြီးသား။ ကျမမှာ အပြစ်မရှိဘူးဆိုတာ ထွက်ဆိုထားပြီးသား။ မြန်မာ့ တရားစီရင်ရေးက လုံးဝ မှန်ကန်မှု မရှိဘူး။ ကျမကို သူတို့က ဦးဆောင်သူလို့ လုပ်ထားတာ။ ကျမမောင်ရဲ့ မတရား လူ့အခွင့်အရေး ချိုး ဖောက် ခံနေရတဲ့ အမှုကို အစ်မဖြစ်သူ ဦးဆောင်တာ ကျမမှာ ဘာအပြစ်မှ မရှိဘူး”ဟု ပြောဆိုသည်။
အဆိုပါ ဇန်နဝါရီလ ၁၂ ရက်က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ရန် အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေဖြင့် တရားဝင် ခွင့်ပြုချက် ယူထားပြီးမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုလို စွဲချက်တင်ခြင်းသည် မိမိတို့ကို ပြစ်ဒဏ် ကျခံစေရန် ပြုလုပ်လိုက်ခြင်းဟု ယူဆကြောင်း ကိုမြင့်ဇော်က ပြောသည်။
ပုဒ်မ ၃ ခုဖြင့် စွဲချက်တင်ခံရသည့် မခင်ချိုနိုင်ကလည်း“ကလေးစစ်သားဟောင်း ကိုအောင်ထွေးဟာ သူ့ရဲ့ ကလေးစစ်သား ဘဝက လူ့အခွင့်အရေး ချိုးဖောက်ခံရတာကို သတင်းမီဒီယာကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခဲ့တာပါ။ ကျမတို့က လည်း လူဖြစ်တဲ့အတွက် လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ အနေနဲ့ သူ့ကို ဝန်းရံခဲ့တာပါ။ ခွင့်ပြုမိန့်လည်း တင်ခဲ့ပါတယ်။ ကျမတို့ အဲ့ဒီတရားရုံးရှေ့မှာ ပြောဆိုခဲ့တာတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောဆိုခဲ့တာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်မရှိဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အရ ပြောခဲ့တာပါ”ဟု ပြောဆိုသည်။
၎င်းက“အခြေခံဥပဒေ စာအုပ်က နာဂစ်မုန်တိုင်း တိုက်နေတဲ့အချိန် ပြည်သူ တရပ်လုံးကို လိမ်လည်ပြီးတော့မှ ရေးဆွဲထား တဲ့ ဥပဒေပါ။ ပြည်သူတွေအတွက် ရည်ရွယ်ပြီး ရေးဆွဲခဲ့တာ မဟုတ်ပါဘူး။ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တွေ အတွက် အကာ အကွယ်ယူဖို့ ရေးဆွဲထားခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။ အဲဒီအတွက် ကျမတို့က လုံးဝ လက်မခံပါဘူး”ဟုလည်း တရားခွင် အတွင်း ဆက်လက် ပြောသည်။
ယခု စွဲချက်တင်ခဲ့သည် ဆိုသော်လည်း အပြစ်ပေးလိုက်သည်မျိုး မဟုတ်သေးသလို မိမိတို့ အနေဖြင့်လည်း ယခုလို စွဲချက် တင် အမိန့်ချမှတ်ခြင်း အပေါ် အထက်တရားရုံးများသို့ အမှုပြင်ဆင်ချက်တင်ရန် အစီအစဉ် မရှိသေးဟု မနေဇာထွန်း၏ ဥပဒေ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးဇော်မင်းလှိုင်က တရားခွင် အပြီးတွင် ပြောသည်။
မနေဇာထွန်း၏ ခင်ပွန်းဖြစ်သူ ကိုသီဟကလည်း မိမိတို့ပြည်သူများသည် တရားဥပဒေ၏ မှန်ကန်ဖြောင့်မတ်သည့် အကာ အကွယ်ကို ရချင်ကြောင်း၊ အထူးသဖြင့် တပ်မတော်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ စွဲဆိုသည့် အမှုတိုင်းတွင် အာမခံမရ သည့် ပုဒ်မများဖြင့် စွဲဆိုခြင်း၊ ဥပဒေ၏ အကာအကွယ်ကို မရခြင်းများ တွေ့ကြုံနေကြရသည်ဟု သုံးသပ်ပြောဆိုသည်။
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရား စွဲဆိုထားသည့် အမှုကို စွဲချက်တင် အမိန့်ချခဲ့သည်။
ကိုအောင်ကိုထွေးသည် တပ်မတော်အတွင်း ကလေးစစ်သား အဖြစ် စုဆောင်းခံရပုံ၊ တပ်တွင်း အကျဉ်းထောင်တွင် နေခဲ့ ရပုံ တို့ကို RFA သတင်း ဌာနတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၀ ရက်န့က အင်တာဗျူး ရိုက်ကူး ထုတ်လွှင့်ခဲ့ပြီးနောက် နိုင်ငံ တော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ တရားရုံးထုတ်စဉ် တရားရုံးကို သပိတ်မှောက်ခဲ့သည့် အတွက် တရားရုံး မထီမဲ့မြင်မှုဖြင့် ထောင်ဒဏ် ၆ လ အပြစ်ပေးခံထားရကာ အင်းစိန် အကျဉ်းထောင်ထဲတွင် ပြစ်ဒဏ် ကျခံနေရသူ ဖြစ်သည်။
You may also like these stories:
ကလေးစစ်သားဟောင်း အောင်ကိုထွေး၏ အမ ကိုယ်တိုင်လာရောက် အဖမ်းခံ
ထောင်ဒဏ် ကျခံနေရသည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအား ထပ်တရားစွဲရန် ကြိုးပမ်း