တရုတ်နိုင်ငံသားများသည် အင်တာနက်နှင့် မိုဘိုင်းဝန်ဆောင်မှုသစ်များ လျှောက်ထားပါက မျက်နှာခွဲခြားသတ်မှတ်သော စနစ်ကို မကြာမီ စတင် အသုံးပြုဖွယ် ရှိသည်။
မိုဘိုင်းဖုန်းသစ် သို့မဟုတ် အင်တာနက် ကိရိယာများ လျှောက်ထားသော တရုတ်နိုင်ငံသားများ၏ မျက်နှာများကို ဆက်သွယ်ရေးကုမ္ပဏီများက မှတ်တမ်းတင်ထားရမည်ဟု တရုတ်အစိုးရက လွန်ခဲ့သောလက ကြေညာသည်။ ထိုစည်းမျဉ်းသစ်သည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်အကျုံးဝင်မည်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းသည် ဆိုက်ဘာနယ်ပယ်တွင် နိုင်ငံသားများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်နှင့် လိမ်လည်မှုများကို တားဆီးရန် ၎င်းတို့ အားထုတ်မှုများ၏ တစိတ်တပိုင်းဖြစ်ကြောင်း အင်တာနက်နှင့် နည်းပညာ လုပ်ထုံးလုပ်နည်းများ အတွက် တာဝန်ရှိသော နိုင်ငံပိုင်လုပ်ငန်း ဖြစ်သည့် စက်မှုနှင့် သတင်းနည်းပညာ ဝန်ကြီးဌာနက ကြေညာသည်။
မကြာသေးမီက သတင်းများအရ တရုတ်နိုင်ငံတွင် အင်တာနက် အသုံးပြုသူပေါင်း ၈၅၄ သန်းရှိသည်ဟု သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘာတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှုများအတွက် မျက်နှာခွဲခြား မှတ်ပုံတင်ခြင်း လိုအပ်သော ပထမဆုံး နိုင်ငံဖြစ်သည်ဟု သိရသည်။
ထိုဥပဒေသစ်သည် နိုင်ငံသားများအပေါ် စောင့်ကြည့်ရန်နှင့် ၎င်းတို့၏ လှုပ်ရှားမှုများနှင့် အပြုအမူများကို စောင့်ကြည့်ရန် တရုတ်အစိုးရ၏ ပိုမိုကျယ်ပြန့်သော အားထုတ်မှု၏ အစိတ်အပိုင်းဖြစ်သည်။
သောင်းချီသော လူအုပ်အတွင်းမှ လူတဦးစီ၏ မျက်နှာကို အသေးစိတ်များနှင့်တကွ ခွဲခြားမှတ်တမ်းတင် နိုင်သည့် ဉာဏ်ရည်တု အသုံးပြုသော ၅၀၀ မဂ္ဂါပစ်ဇယ်ရှိသည့် စူပါ ကင်မရာကို ထုတ်လုပ်ခဲ့ကြောင်း တရုတ်အစိုးရ မီဒီယာက လွန်ခဲ့သောလက ကြေညာသည်။ လူသားမျက်လုံးထက် ၅ ဆ အားကောင်းသော ထိုကိရိယာသည် စစ်ရေး၊ အမျိုးသား လုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးတို့တွင် သုံးနိုင်သည်ဟုလည်း ထိုမီဒီယာများကဆိုသည်။
လမ်းလျှောက်ပုံနှင့် အရိပ်ကို ကြည့်ပြီး အသုံးပြုသူများကို ခွဲခြားနိုင်သည့် ထောက်လှမ်းရေး ကင်မရာသစ်တခုကို ထုတ်လုပ်ခဲ့ကြောင်း တရုတ်နိုင်ငံက လွန်ခဲ့သောနှစ်က ကြေညာသည်။ လမ်းလျှောက်ပုံဖြင့် ခွဲခြားသတ်မှတ်သော နည်းပညာကို ဘေဂျင်းနှင့် ရှန်ဟိုင်း အပါအဝင် တရုတ်နိုင်ငံမြို့ကြီး အများအပြားတွင် အသုံးပြုနေသည်ဟု သတင်းများက ဆိုသည်။
သမ္မတ ရှီကျင့်ဖျင်ခေတ်တွင် ဆင်ဆာတည်းဖြတ်ခြင်းနှင့် စောင့်ကြည့်ခြင်း မြင့်မာလာပြီး ထောင်နှင့်ချီသော ဆင်ဆာနှင့် စောင့်ကြည့်ရေး အစီအစဉ်များကိုလည်း နှစ်တိုင်းထုတ်ပြန်သည်။
၂၀၁၄ ခုနှစ်တွင် ရှီအစိုးရသည် နိုင်ငံသား ၁.၄ သန်းစလုံးကို မလုပ်မနေရ အမှတ်ပေးသော စနစ်ဖြစ်သည့် ကျယ်ပြန့်သော လူမှု အမှတ်ပေးစနစ်ကို ကျင့်သုံးမည့် အစီအစဉ်ကို ကြေညာခဲ့သည်။ ထိုအမှတ်ပေးစနစ်က “ယုံကြည်မှုကို ထိန်းသိမ်းခြင်းသည် လေးစား ကြည်ညိုစရာဖြစ်ပြီး ယုံကြည်မှုကို ချိုးဖောက်ခြင်းသည် ကျက်သရေကင်းမဲ့သည်” ဟူသော အယူအဆကို ပိုမိုခိုင်မာစေသည်ဟု တရုတ်အစိုးရက ဆိုသည်။
မြို့ကြီးတချို့တွင် အကောင်အထည် ဖော်နေသော ထိုစနစ်ကို ၂၀၂၀ တွင် အပြည့်အ၀ အကောင်အထည် ဖော်မည်ဖြစ်သည်။ လမ်းဘေး လူသွားလမ်းများကို ပိတ်ဆို့ခြင်း၊ စည်းကမ်းချိုးဖောက် လမ်းကူးခြင်း၊ ယာဉ်စီးခ မပေးခြင်းနှင့် အမှိုက်ချခြင်းသည်ပင် လူမှု အမှတ်ပေးအဆင့်ကို ကျဆင်းစေနိုင်ပြီး လူမှုအဆင့် အမှတ်နိမ့်ကျခြင်းအတွက် အပြစ်ပေးခြင်းများတွင် ရထားစီးခွင့် ပိတ်ပင်ခြင်း၊ အင်တာနက် နှုန်းထား ဖြတ်တောက်ခံရခြင်း၊ လူသိရှင်ကြား အရှက်ခွဲခြင်းတို့ ပါဝင်သည်။
You may also like these stories:
တရုတ်နိုင်ငံတွင်း Samsung ဖုန်းထုတ်လုပ်မှု ရပ်ဆိုင်း
Windows 10 ကွန်ပျူတာကနေ ဖုန်းပြောနိုင်ပြီ
ခေတ်လိုအပ်ချက်အရ ဇော်ဂျီဖောင့်ကို ထွင်ခဲ့တယ်ဆိုတဲ့ ဦးရဲမြတ်သူနှင့် တွေ့ဆုံခြင်း