သတင်း

ထိုင်း-မြန်မာ နယ်စပ်မှာ မွန်ကို ကရင်က ဝင်တိုက်၊ တဦးသေ

Want create site? Find Free WordPress Themes and plugins.

မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA) ၏ အခိုင်အမာစခန်း နှစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ကြာသပတေးနေ့က တိုက်ခိုက်စဉ်အတွင်း MNLA တပ်ဖွဲ့ဝင်တဦး သေဆုံးကြောင်း ကရင်ပြည်နယ် ထိုင်းနယ်စပ် ဘုရားသုံးဆူတောင်ကြားမှ သတင်းရင်းမြစ်များက ပြောသည်။

တပ်ဖွဲ့ဝင် သေဆုံးသည့် နယ်စပ်အနီး ထီဘဒေါ့ကျေးရွာတွင် ပိုင်နက် အငြင်းပွားမှုရှိနေပြီး အခြားတိုက်ခိုက်မှုမှာ ရေးမြို့နယ် မရမ်းချောင်းတွင် ဖြစ်ပွားခဲ့သည်။

“သူ့အလောင်းကို ကျနော်တို့ စခန်းအပြင်ဖက်မှာ တွေ့ရတာ” ဟု MNLA မှ ဗိုလ်မှူး အေးမာန်က ဧရာဝတီသို့ ပြောသည်။ KNLA က စခန်းကို အချိန်ခဏတာ သိမ်းပိုက်နိုင်ခဲ့သော်လည်း MNLA က တန်ပြန် တိုက်ခိုက်သော အခါ ဆုတ်ခွာသွားရကြောင်းလည်း သူက ပြောသည်။

စခန်း နှစ်ခုကို နံနက် ၅ နာရီတွင် တချိန်တည်း ဝင်ရောက်တိုက်ခိုက်ပြီး မိနစ် ၂၀ နီးပါးခန့် ကြာမြင့်သည်။

ကရင်နှင့် မွန်ပိုင်နက်ကို ခွဲခြားသည့် မျဉ်းပေါ်တွင် KNLA က ထူထားသည့် ကရင်အမျိုးသား အလံကို လွန်ခဲ့သော သုံးရက်က MNLA က ဖျက်ဆီးသောကြောင့် ကြာသပတေးနေ့က တိုက်ခိုက်မှုများ ဖြစ်ကြောင်း ဘုရားသုံးဆူ KNU ဆက်ဆံရေးရုံး တာဝန်ခံ စောဒီအက်ဒဝပ်က ပြောသည်။

KNLA သည် ထိုအလံကို MNLA စခန်းရှေ့တွင် စိုက်ထူထားခဲ့သောကြောင့် ဖျက်ဆီးခဲ့ကြောင်း ဗိုလ်မှူး    အေးမာန်က ဆိုသည်။

“ကိုယ့်အိမ်မှာ လာပြီး အလံစိုက်ထူတာ ဘယ်သူလက်ခံမလဲ” ဟုလည်း သူက မေးခွန်းထုတ်သည်။

အလံကိစ္စ သက်သက်ကြောင့်ဆိုလျှင် မရမ်းချောင်းစခန်းကို KNLA က မည်သည့်အတွက် တိုက်သလဲဟုလည်း သူက ဆက်လက် မေးသည်။

သူ၏အဆိုအရ မွန်ပိုင်နက်အတွင်း တပ်စခန်း တည်ဆောက်သည်ဟု ဆိုသော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ခွဲထွက်အုပ်စု စခန်းမှ DKBA တပ်ဖွဲ့ဝင် ၇ ဦးကို လွန်ခဲ့သောလက MNLA က ဖမ်းဆီးကာ လက်နက် ၁၁ လက် သိမ်းဆည်းခဲ့သည်ကို KNLA က မကျေနပ်ကြောင်း သူက ပြောသည်။

KNLA သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး MNLA သည် မွန်ပြည်သစ် ပါတီ (NMSP) ၏ လက်နက်ကိုင် အဖွဲ့ဖြစ်သည်။ KNLA နှင့် MNLA နှစ်ဖွဲ့စလုံးသည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားကြသည်။

အထူးသဖြင့် ကရင်နှင့်မွန် အသိုင်းအဝန်း နှစ်ခုစလုံး နေထိုင်ရာ ဘုရားသုံးဆူတောင်ကြားတွင် ထိုတိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့အကြား နယ်မြေ အငြင်းပွားမှု မကြာခဏ ဖြစ်ပေါ်လေ့ ရှိသည်။

“ကျနော်တို့တတွေ ကိုယ့်စခန်းမှာ ကိုယ်နေပြီး ကရင်တွေ လာတိုက်ရင် ပြန်တိုက်ဖို့ ကျနော်တို့ ခေါင်းဆောင် တွေက အမိန့်ပေးထားတာ။ ကရင်တွေကို ကျနော်တို့က လိုက်ပြီး သွားတိုက်တာတော့ ခွင့်ပြုမထားဘူး” ဟု ဗိုလ်မှူး အေးမာန်က ပြောသည်။

ထိုပြဿနာကို ဖြေရှင်းရန် KNLA ခေါင်းဆောင်များနှင့် ညှိနှိုင်းဖြေရှင်းမည်ဟု MNLA က စာတစောင်တွင် ဖော်ပြသည်။

ထီးဘဒေါ့ ကျေးရွာသား တချို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်ပြီး နေအိမ်များကို စွန့်ခွာသွားကြသည်။

KNLA နှင့် MNLA တို့သည် ယခင် ၁၉၈၈ က တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားဖူးပြီး လူရာချီ အိုးအိမ်မဲ့ ဖြစ်ကြရသည်။

(Lawi Weng ၏ Mon Soldier Killed on Myanmar-Thai Border in Karen Attack ကို ဘာသာပြန်သည်။)

You may also like these stories:

ဘုရားသုံးဆူမှာ လာတပ်စွဲတဲ့ DKBA ခွဲထွက်အဖွဲ့ကို မွန်ပြည်သစ်က တိုက်

ထိုင်း-မြန်မာ နယ်စပ် မယ်စဲ့ဂိတ် ယခုနှစ်ကုန်ပိုင်း ဖွင့်လှစ်နိုင်ရန် စီစဉ်

ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading