အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) ကိုယ်စားလှယ်များနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းက ၃ နာရီအကြာ ညစာအတူ စားရင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်မှ သတင်းရင်းမြစ် အချို့က ဧရာဝတီသို့ ပြောသည်။
ထိုသတင်းရင်းမြစ်များထဲမှ တဦးက “ယာယီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ပြောကြတယ်။ အဲ့ဒီအထဲမှာ NCA လက်မှတ်ထိုးဖို့ကိစ္စလည်း ထည့်သွင်းဖို့လိုတယ်ဆိုတဲ့ အချက်ကိုလည်း ဆွေးနွေးတယ်။ နောက်ပြီးတော့ တခြားခေါင်းစဉ်တွေလည်းပါတယ်။ ဥပမာ IDP လိုကိစ္စမျိုးတွေ ပါတာပေါ့” ဟု ပြောသည်။
ထိုတွေ့ဆုံမှုနှင့် ဆွေးနွေးသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် KIO ဘက်ကို ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း အတည်ပြုချက်ပေးခြင်း မရှိပါ။
တွေ့ဆုံမှုတွင် အစိုးရဘက်မှ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး၊ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၊ ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦးတို့ ပါဝင်ကြောင်းသိရသည်။
KIO အဖွဲ့တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်၍ ဗိုလ်မှူးကြီး လအောင် အပါအဝင် စုစုပေါင်း ၅ ဦး တက်ရောက်ကြောင်း သိရသည်။
KIO သည် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့နှင့် အတူ မြောက်ပိုင်းမဟာမိတ် အဖြစ် ဖွဲ့စည်းထားပြီး အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးလျှင် အတူတကွ ရေးထိုးမည်ဟု သဘောတူညီချက်ရှိထားသည်။
“ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့လည်း KIO အနေနဲ့ သူ့မဟာမိတ် ၃ ဖွဲ့ကို လုံးဝ လျှို့ဝှက် ထားလို့တော့ မဖြစ်နိုင်ဘူး။ သူတို့မှာ မဟာမိတ်တွေ ကျေနပ်အောင် ဖြေရှင်းတဲ့ နည်းတော့ ရှိမှာပေါ့” ဟု ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ပြောသည်။
ယခုတွေ့ဆုံမှုသည် KIO ကို လိုက်လျှောမှုတချို့ ပြုလုပ်ပေးကာ သီးခြားထွက်လာစေချင်သည့် သဘောလည်းရှိနိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် စောင့်ကြည့်လေ့လာနေသည့် နိုင်ငံရေး သုတေသီ ဦးမောင်မောင်စိုး က သုံးသပ်သည်။
ဦးမောင်မောင်စိုး က “KIA အနေနဲ့ သူတို့မူလရပ်တည်ထားတဲ့ မြောက်ပိုင်း ၃ ဖွဲ့နဲ့ ၄ ဖွဲ့အတူပဲ လက်မှတ်ထိုးမယ်ဆိုတဲ့ ဘက်ကနေပြီးတော့ သွေဖည်သွားမလား၊ မသွေဖည်ဘူးလားဆိုတာ စောင့်ကြည့်ရမယ့် ပုံစံမျိုးဖြစ်လိမ့်မယ်” ဟု ပြောသည်။
၎င်းကဆက်၍ “ဒါပေမယ့် ကျနော်အထင်ကတော့ အပစ်အခတ်ရပ်စဲရေးက သီးသန့် မလုပ် လည်းဘဲ အပစ်အခတ်က လောလောဆယ်လည်း ရပ်နေတဲ့ အတွက်ကြောင့်မလို့ မြောက်ပိုင်း ၄ ဖွဲ့အနေနဲ့ စောင့်ပြီးတော့ လက်မှတ်ထိုးမယ့် အခြေအနေက ဖြစ်နိုင်ဖွယ် ပိုများမလားလို့ ထင်တယ်” ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရအကြား ယခုနှစ် အတွင်း ၃ ကြိမ် တွေ့ဆုံခဲ့ပြီး နောက်ဆုံး တွေ့ဆုံခဲ့သည့် ကျိုင်းတုံ ဆွေးနွေးပွဲတွင် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးရေးနှင့် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ လုံးဝ ချုပ်ငြိမ်း သွားစေရန် အပါအဝင် အချက် ၇ ချက် သဘောတူညီထားသည်။
သို့သော်လည်း တပ်မတော်နှင့် TNLA၊ MNDAA နှင့် AA တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေလျှက်ရှိပြီး ထိုတိုက်ပွဲများကြောင့် အပြစ်မဲ့ အရပ်သားများ ထိခိုက်သေဆုံးမှုများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုများ ရှိနေသည်။
You may also like these stories:
ထိုင်း-မြန်မာ နယ်စပ်မှာ မွန်ကို ကရင်က ဝင်တိုက်၊ တဦးသေ
ရပ်ထဲရွာထဲအထိ ရောက်လာတဲ့ မြေမြှုပ်မိုင်း နဲ့ ကျီးလန့်စာစား ဘဝများ
ရခိုင်လက်နက်ကိုင် ၂ ဖွဲ့ကြား ဆက်ဆံရေး တင်းမာ