ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၏ ဆရာ၊ ဆရာမများ အပေါ် စော်ကားမှု သက်ရောက်စေသည့် အပြောအဆိုနှင့် ပတ်သက်၍ NLD ပါတီအဖွဲ့ချုပ်သို့ တိုင်ကြားစာ ရောက်ရှိနေရာ ထိုကိစ္စ အပေါ် စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို အလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာ သစ်ချို(မျိုးသန့်ခြံ) လူထုတွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်အား ဒေသခံများမှ ပညာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ အခက် အခဲကို တင်ပြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဝန်ထမ်းအိမ်ရာ မရှိခြင်းက ကောင်းကြောင်း၊ ဒေသခံများနှင့် အိမ်ထောင်ကျမှသာ ဆရာ၊ ဆရာမများ အနေဖြင့် ပြောင်းရွှေ့မှု မလုပ်နိုင်မည်ဖြစ်ကြောင်း ၊ ပြောင်းရွှေ့ပါက ဝန်ထမ်းလို အပ်ချက်ရှိလာမည်ဖြစ်သည့်အတွက် ဆရာများများ ရွာတွင်မြဲစေရန်အတွက် နယ်ခံလူငယ်များအနေဖြင့် ဆရာမများအား ရည်းစားစကားလိုက် ပြောကြ ရန် ပြောခဲ့ခြင်းဖြစ်သည်။
ထိုပြောကြားချက်သည် ဆရာ၊ ဆရာမများ အပေါ် စော်ကား ပြောဆိုမှုဟု ပညာရေး အသိုင်းအဝိုင်း အဖွဲ့အစည်းများမှ ဝေဖန်ကန့်ကွက်ချက်များ ထွက်ပေါ်လာပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) က အောက်တိုဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမတ၊ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပဲခူးတိုင်း NLD ဥက္ကဋ္ဌတို့ ထံသို့ တိုင်စာပေးပို့ခဲ့ခြင်းဖြစ်သည်။
NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွှန့်က “တိုင်စာက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကနေပြီး တော့ တိုင်ကြားထားတာပါ။ အဲဒါကို အမှုတွဲ ဖွင့်လှစ်ပြီးတော့ ကျနော်တို့ လိုအပ်သလို စစ်ဆေး ဆောင်ရွက်သွား မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
MTF မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်ကလည်း ထိုပြောကြားချက်သည် မဲပေးထားသည့် ပြည်သူလူထုအပေါ် မထီမဲ့မြင် ပြုသည့် အဓိပ္ပာယ် သက်ရောက် သဖြင့် NLD ပါတီကို အဓိကထား တိုင်ကြားခြင်း ဖြစ်ကြောင်း ပြောသည်။
“မဲပေးတဲ့ ပြည်သူလူထုအပေါ်မှာ ပေါ့ပျက်ပျက်ထားတဲ့ အဓိပ္ပာယ်ပါ။ သူစော်ကားလိုတဲ့ စိတ်မရှိဘူး ဆိုရင်တောင်မှ ပေါ့ပေါ့တန်တန်နဲ့ လက်လွတ်စပယ်ပြောလို့တော့ မသင့်တာကြောင့် တလေးတစား အရေးယူမှု ရှိစေချင်ပါတယ်။ ပြည်သူလူထုကို တန်ဖိုးထားစေချင်လို့ ပါတီကို တိုင်ကြားတာပါ” ဟု သူက ရှင်းပြသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် သက်ဆိုင်ရာ ဆရာမများအား လူသိရှင်ကြား ပြန်လည် တောင်းပန်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်(MTF)မှ ပါတီအဖွဲ့ချုပ် တိုင်ကြားစာတွင် ထည့်သွင်းထားကြောင်း သိရသည်။
အခြေခံနှင့် အဆင့်မြင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီကလည်း ပဲခူးတိုင်းဝန်ကြီး ချုပ်အား ဝန်ကြီး ချုပ် အဆင့်အတန်းနှင့် လျော်ညီမှု မရှိသည့်အတွက် လက်ရှိရာထူးမှ အမြန်ဆုံး ဖယ်ရှားပြီး အရေးယူမှုများ ပြုလုပ်ပေး ရန်နှင့် အစိုးရအဖွဲ့ အနေဖြင့် ဆရာ၊ ဆရာမများအား တရားဝင် တောင်းပန်မှု ဆောင်ရွက်ပေးရန် အောက်တိုဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
အခြေခံနှင့်အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီမှ ဗဟိုကော်မတီဝင် ဦးမင်း
မင်းထွဋ်က “စည်း ကမ်းမရှိ ဒီလောက်ကြီး ပြောတာကတော့ ပေါ့ပေါ့ပါးပါးပဲဖြစ်ဖြစ်၊ ရေနွေးကြမ်းဝိုင်းပဲ ဖြစ်ဖြစ် ပြောလို့ကို မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ပဲခူးတိုင်းဒေသကြီးရဲ့ အကြီးဆုံး ဝန်ကြီးချုပ် တယောက် ဖြစ်နေတယ်။ အားလုံးသော ဝန်ကြီးတွေ အပေါ် စီမံခန့်ခွဲနေရတဲ့ ဝန်ကြီးချုပ်တယောက်ကို ဖြစ်နေတဲ့အတွက် ပြောလို့ကို မရပါဘူး။ ပြောတာကို လည်း ကျနော်တို့ အနေနဲ့က ပြီးပြီးရောဆိုပြီး သတင်းစာက တောင်းပန်တာနဲ့တင် မရပါဘူး” ဟု ဆိုသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ၎င်းပြောခဲ့သည့်စကားနှင့် ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး ပြောခြင်းသာဖြစ်ပြီး အထိအခိုက်မခံသည့် ကိစ္စမျိုး ဖြစ်သွားပါက တောင်းပန်ကြောင်း မီဒီယာမှတဆင့် ဖြေကြားထားသည်။
ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ တွင် ရေတာရှည် မြို့နယ် တိုင်း ဒေသ ကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက် ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သူ ဖြစ်သည်။
You may also like these stories:
ပြည်သူ့အနာဂတ် အာမခံနိုင်သည့် ပါတီဖြစ်အောင် လုပ်မည်ဟု NLD ဆို
အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းကိစ္စများ ဝန်ကြီးချုပ်၏ ညှိနှိုင်းမှုရယူရန် အစိုးရ ညွှန်ကြား
မန္တလေး ဝန်ကြီးချုပ်အား ဂုဏ်သိက္ခာ ကျဆင်းရန် ပြုလုပ်မှုဖြင့် ဖေ့စ်ဘုတ် သုံးသူ ၂ ဦးကို အမှုဖွင့်