ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရဲတပ်ဖွဲ့ (SB) တဦး ယနေ့နံနက်ပိုင်းက ကြိုးဆွဲချ စီရင်သွားကြောင်း ဇီးကုန်းမြို့နယ် မြို့မရဲစခန်းမှ သိရသည်။
ကြိုးဆွဲချစီရင်သွားသူမှာ အသက် ၄၃ နှစ်အရွယ် ရဲတပ်ကြပ်ကြီး ဇော်လင်းထွန်းဖြစ်ပြီး ဇီးကုန်းမြို့ အမှတ်(၃) ရပ်ကွက်တွင် မိဘများနှင့် အတူနေထိုင်သူဖြစ်သည်။
ဇီးကုန်းမြို့နယ် မြို့မရဲစခန်း တာဝန်ရှိသူ ရဲအရာရှိတဦး က “သေမှုသေခင်းဖွင့်ထားပါတယ်။ ပို့စ်မော်ဒန်ကို ၁၁ နာရီခွဲလောက်မှာလုပ်လိုက်ပါတယ်။ ဘာကြောင့် အခုလို လုပ်သွားတယ် ဆိုတာတော့ ပြောလို့မရသေးဘူး။ သူတို့မိသားစုတွေက ပူဆွေးငိုကြွေးနေကြတော့ ဒီအချိန် စစ်မေးနေလို့ မကောင်းဘူး” ဟု ပြောသည်။
ယနေ့နံနက် ၈ နာရီခွဲခန့်က ၎င်း၏နေအိမ်လှေကား အနီးတွင် ကြိုးချသေဆုံးနေသည်ကို မိခင်ဖြစ်သူမှ တွေ့ရှိ၍ အကြောင်းကြားရာမှ သိခဲ့ခြင်းဖြစ်ကြာင်း အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက ဧရာဝတီကိုပြောသည်။
ဦးမြင့်စိုး က “သူ့အမေနဲ့ မနက်အစောကြီး စကားတွေဘာတွေ ပြောသေးတယ်တဲ့၊ လူလေး မျက်နှာသစ် ထမင်းကြမ်းတွေ ဘာတွေစားလို့ပြောတော့ အင်းအင်းဆိုပြီး။ ကျနော် အိပ်ချင်သေးတယ် ဆိုပြီးတော့ သူကကြံစည်နေတာဖြစ်မှာပေါ့ ပြန်အိပ်နေတယ်။ သူ့အမေ အိမ်ရှေ့မှာ ပဌာန်းထွက်ရွတ်ပြီးတော့ အိမ်ထဲပြန်ဝင်လာတော့ ကွေးကွေးကြီးတွေ့တာပဲ။ သူက ကျနော့်ရပ်ကွဲထဲကပဲ ညီအကိုအရင်းလိုနေတာ” ဟု ပြောသည်။
သေဆုံးမှုနှင့် ပတ်သတ်၍ ဇီးကုန်းမြို့နယ် မြို့မရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ယခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့နှင့် ၁၆ ရက်နေ့များကလည်း ပြည်ခရိုင် ပေါင်းတည်မြို့တွင်း အသက် ၇၉ နှစ်အရွယ် အမျိုးသားတဦးနှင့် အသက် ၄၂ နှစ်အရွယ် အမျိုးသားတဦးတို့ ကြိုးဆွဲချ သေဆုံးခဲ့သေးသည်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်း၌ ၂၀၁၉ ခုနှစ်အတွင်း ကြိုးဆွဲချသေဆုံးသူ ၁၀ အထိရှိကြောင်း ရဲမှတ်တမ်းများအရသိရသည်။