သတင်း

AA အနေဖြင့် စစ်မှုထမ်းဟောင်းများကို သတ်ဖြတ်မှု ဆက်မလုပ်ရန် ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

ရက္ခိုင့် တပ်မတော် (AA) အနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းများကို သတ်ဖြတ်မှုများ ဆက်လက် မပြုလုပ်ရန် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ က ယမန်နေ့ကထုတ်ပြန် ပြောဆိုလိုက်သည်။

၂၀၁၉ ခုနှစ်အတွင်း AA အဖွဲ့ က စစ်မှုထမ်းဟောင်း ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ AA အဖွဲ့ ထောင်ထားသည့် မိုင်းကြောင့် စစ်မှုထမ်းဟောင်းတဦး သေဆုံးခဲ့ပြီး မိသားစုဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ယင်းအဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်မှုထမ်းဟောင်းအဖွဲ့၏ အတွင်းရေးမှူး အငြိမ်းစား ဗိုလ်ချုပ် အောင်သော် က “ကျနော်တို့ စစ်မှုထမ်းဟောင်းတွေက အေးဆေး ဆေးဆေးနဲ့ ရပ်ထဲရွာထဲမှာ နေနေပါတယ်။ လက်နက်ကိုင်ထားတာ မဟုတ်တဲ့သူတွေ၊ မိသားစုတွေရော စစ်မှုထမ်းဟောင်း တွေရောကို ဖမ်းတာတွေ၊ သတ်တာတွေ၊ နှိပ်စက်တာတွေ လုပ်နေတဲ့အတွက် ရပ်တန်းက ရပ်ဖို့ ပထမအဆင့် သတင်း ထုတ်ပြန်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “ဒါမျိုးလုပ်တာ လက်မခံပါဘူး။ ဒီဟာတွေအတွက်ကိုလည်း သက်ဆိုင်ရာ ဥပဒေအရ ဥပဒေကြောင်းနဲ့ အရေး ယူပေးဖို့ တိုက်တွန်းတာလည်း ပါပါတယ်။ တဖက်ကိုလည်း ဒါတွေ ဆက်မလုပ်ဖို့ တောင်းဆိုတာလည်း ပါပါတယ်။ ကျနော် တို့အဖွဲ့တွေရဲ့ အကြောင်းတွေက ကျနော်တို့ဆီကို သတင်းရောက်ပါတယ်” ဟု ပြောသည်။

AA အဖွဲ့၏ လုပ်ရပ်ကို တရားဥပဒေနှင့်အညီ အပြစ်ပေးနိုင်ရေး နိုင်ငံတော် တာဝန်ရှိ အဖွဲ့ အစည်းများက အရေးယူဆောင်ရွက်ပေး ရန်လည်း စစ်မှုထမ်းဟောင်းအဖွဲ့ က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက ဖြစ်ခဲ့သော်လည်း ယခုလို AA အဖွဲ့ ၏ လုပ်ရပ်မျိုး ကျန်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များက လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း၊ လက်နက်မရှိသည့်သူကို ယခုလို လုပ်ဆောင်ခြင်းသည် သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “လက်နက်မရှိတဲ့လူကို လက်နက်ရှိတဲ့လူက ကျူးလွန်တဲ့ ပြစ်မှုမျိုး ဖြစ်ပါတယ်။ ဒါတွေဟာ လက်ခံနိုင်စရာ အကြောင်းမရှိတဲ့ ကိစ္စမျိုး ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်” ဟု ပြောသည်။

ဧရာဝတီက စစ်မှုထမ်းဟောင်းအဖွဲ့၏ ပြောဆိုထုတ်ပြန်ချက်များနှင့် ပတ်သက်၍ AA အဖွဲ့ ၏ သဘောထားကို သိရှိနိုင်ရန် ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ကမူ ရခိုင်ပြည်နယ်ရှိ စစ်မှုထမ်းဟောင်းများသည်
အငြိမ်းစားယူပြီး အေးအေးဆေးဆေး နေရမည့် သူများ ဖြစ်ကြောင်း၊ သို့သော် တချို့မှာ မလိုအပ်သည့် ကိစ္စများတွင် ပါဝင်ပတ်သက် နေမှုများ ရှိကြောင်း ပြောသည်။

ဦးမောင်မောင်က “မလိုအပ်တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်နေတယ်။ တဖက်နဲ့တဖက် ဖြစ်တဲ့ကိစ္စတွေမှာ သူတို့က တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ ကိစ္စတွေကို ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ ကျေးရွာတွေမှာ ပြောနေတယ်။ ပြီးတော့ သူတို့ တာဝန်ထမ်းဆောင်ခဲ့တာတွေကို ချီးမွမ်း ပြောဆိုတာတွေလည်း ရှိတယ်။ အဲဒါမျိုးတွေကို ပြန်လည် သုံးသပ်ဖို့ လိုပါတယ်။ ပြီးတော့ ဒီပတ်ဝန်းကျင်မှာ ဘယ်လိုနေသင့်တယ်ဆိုတာကို နည်းနည်း စဉ်းစားဖို့ လိုပါတယ်” ဟု ပြောသည်။

စစ်မှုထမ်းဟောင်းအဖွဲ့ ၏ ထုတ်ပြန်ချက်တွင်မူ ၎င်းတို့သည် နိုင်ငံတော်၏ တရားဥပဒေများကို လိုက်နာပြီး ကျေးရွာ၊ ရပ်ကွက် များတွင် လူ့အဖွဲ့ အစည်းအတွင်း သဟဇာတဖြစ်အောင် နေထိုင်သူများ ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အသက်စွန့် တာဝန် ထမ်းဆောင်ပြီး အငြိမ်းစား ယူပြီးချိန်တွင် စစ်မှုထမ်းဟောင်းအဖြစ် အေးချမ်းစွာ နေထိုင်ကြသူများ ဖြစ်ကြောင်း ဖော် ပြထားသည်။

တပ်မတော်မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အဲဒီလို အခြေအနေမျိုးမှာ စစ်မှုထမ်းဟောင်း ဖြစ်ခဲ့လို့ လိုက်လံ ဖမ်းဆီး သတ်ဖြတ် တာမျိုးတွေ ညှင်းပန်းနှိပ်စက်တာတွေ လုပ်တာ က ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးတာပဲ ဖြစ်တယ်။ ဒါတွေ လုပ်ဆောင်ခြင်းဟာ သာမန်ပြည်သူတယောက် အပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုမျိုး ဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်တဲ့ ကျူးလွန်မှုမျိုး ဖြစ်တယ်”ဟု ပြော သည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ဘူးသီးတောင်မြို့တို့တွင် ရဲတပ်ကြပ်ကြီးတဦးနှင့် စစ်မှုထမ်းဟောင်း တဦးတို့ ဓားထိုးခံရမှုကြောင့် သေဆုံးသွားခဲ့သလို အမ်းမြို့နယ် ရူးစံပြ ကျေးရွာတွင် စစ်မှုထမ်းဟောင်း ၁ ဦး စက်တင်ဘာလ ၁၄ ရက်နေ့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ထို့ပြင် ဇွန်လ ၁၈ ရက်ကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာနေ အလယ်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်း ဆောင်နေသူ စစ်မှုထမ်းဟောင်း ဦးသန်းမောင်ချေသည် နေအိမ်အတွင်း တီဗီ ထိုင်ကြည့်နေစဉ်တွင် အမည်မသိ သေနတ်သမားတဦး၏ လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်များတွင် စစ်မှုထမ်းဟောင်းများ၊ ရဲတပ်ဖွဲ့ ဝင်များ ပုံစံမျိုးစုံဖြင့်လုပ်ကြံသတ်ဖြတ် ခံရသည့် ဖြစ်စဉ် များ ဖြစ်ပွားခဲ့သော်လည်း လုပ်ကြံ သတ်ဖြတ်သည့် အကြောင်းရင်းများနှင့်အတူ သတ်ဖြတ်သွားသည့် တရားခံများကို လက်ရှိ အချိန်အထိ သက်ဆိုင်ရာက ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမျိုး မရှိပါ။

ရခိုင်ပြည်နယ် အတွင်း AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၇ သောင်းအထိ များလာပြီ ဖြစ်သည်။

လတ်တလော AA အဖွဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အစိုးရက အမှုဖွင့်ထားသည်။

AA ပါဝင်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ကြား ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်တွင် ဆွေးနွေးညှိနှိုင်းခဲ့ကြသော်လည်း တိုက်ပွဲများမှာလည်း ရခိုင်မြောက်ပိုင်းတွင် ဆက်တိုက် ဖြစ်နေဆဲ ဖြစ်သည်။

တပ်မတော်က AA ကို သောင်းကျန်းသူ အဖွဲ့ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး AA ကို ရခိုင်ပြည်နယ် အခြေ စိုက်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပြောဆိုထားသည်။

You may also like these stories:

မန္တလေးတွင် AA နှင့် ဆက်စပ်သည်ဟုဆိုသူ ၆ ဦးကို ရုံးထုတ်စစ်ဆေး

AA အဖွဲ့ဝင်ဟု သံသယရှိသူများကို တပ်မတော်က ဖမ်းဆီး၍ တရားရုံးသို့ တင်ထား

မန္တလေး- စစ်တွေယာဉ်လိုင်းမှ ခရီးသည် ၃၁ဦးကို မြောက်ဦးအနီး AA ဖမ်းဆီးဟုဆို

ငြိမ်းချမ်းရေး လာဆွေးနွေးမည့် AA အဖွဲ့ “မှဲ့တပေါက် မစွန်းစေရ” ဟု တပ်မတော် အာမခံ

Did you find apk for android? You can find new Free Android Games and apps.
Loading